နိုဝင်ဘာလ ၁၇ရက်။ နော်ဆဲကလယ် (ကေအိုင်စီ)
မြန်မာ၏ လက်ရှိ နိုင်ငံရေး အခြေအနေ အရပ်ရပ်အပေါ် သုံးသပ်ရာတွင် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေးသာ လုပ် ဆောင်သင့်ကြောင်း တိုက်တွန်းထားသည့် ကြေညာချက်တစ်စောင်ကို မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (DAB) မှ နိုဝင်ဘာလ ၁၅ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ကြေညာချက်၏ ရည်ရွယ်ချက်မှာ လက်ရှိ နိုင်ငံရေး အခြေအနေအပေါ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီများ၊ လက်နက်ကိုင် အင်အားစုများကို အကြံပြုခြင်းသာဖြစ်ကြောင်း DAB အထွေထွေ အတွင်းရေးမှူး ဦးမျိုးဝင်းက ပြောသည်။
၎င်းထုတ်ပြန်ကြေညာချက်တွင် ကြံ့ဖွံ့အစိုးရ၏ တွေ့ဆုံမှုများသည် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ရန် တန်းတူရည်တူ ဆွေး နွေးပွဲသို့ ဦးတည်နေခြင်း မဟုတ်ကြောင်း၊ ပြည်တွင်းပြည်ပ ဖိအားများကိုကျော်လွှားနိုင်ရန် နည်းပရိယာယ်အရ ဆောင်ရွက်နေမှု များသာ ဖြစ်ကြောင်းနှင့် အတိုက်အခံ အင်အားစုများအားလုံးကို ၂၀၀၈ အခြေခံဖွဲ့စည်းပုံ ဥပဒေဘောင်တွင် သိမ်းသွင်းစည်းရုံးရေး သာဖြစ်သည်ဟု ရှုမြင်ကြောင်း ပါဝင်သည်။
DAB မှ ဦးမျိုးဝင်းက “၂၀၀၈ အခြေခံ ဥပဒေမှာ အာမခံတယ်ဆိုတာ ဘာမှမတွေ့ရဘူး။ စစ်အာဏာရှင်စနစ်ကို ပုံဖော်ထားတဲ့ ဥပ ဒေသာ ဖြစ်တယ်။ ဒါကို ပြုပြင်ပြောင်းလဲဖို့လိုပါတယ်။ ဒါကြောင့် သတိကြီးကြီးထားပြီး လုပ်ဆောင်စေချင်ပါတယ်”ဟု ပြောသည်။
၎င်းအပြင် ကြံ့ဖွံ့အစိုးရနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုမှတဆင့် ပြောင်းလဲမှုအချို့ကို တွေ့မြင်ရသော် လည်း နိုင်ငံရေးအကျဉ်းသားများကို ဆက်လက် ထိမ်းသိန်းထားခြင်း၊ တိုင်းရင်းသားဒေသများသို့ ပြင်းထန်သော ထိုးစစ်များဆင်နွဲ နေခြင်း၊ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရန် လက်မခံခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများအား အသွင်အမျိုးမျိုးဖြင့် ဆက်လက် ကျူးလွန်နေခြင်းများကို တွေ့ရှိနေသည်ဟု DAB က ထောက်ပြပြောဆိုသည်။
ထို့အတွက် စစ်မှန်သော ဒီမိုကရေစီ အသွင်ကူးပြောင်းမှု နိုင်ငံရေးဖြစ်စဉ် ဟုတ်မဟုတ်ကို အလေးထား စောင့်ကြည့်သွားရန်လို ကြောင်း ရှုမြင်သုံးသပ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အနေဖြင့် ပါတီမှတ်ပုံတင်၍ ကြားဖြတ်ရွေးကောက်ပွဲ ဝင်သင့်မဝင် သင့်ကို အလေးထား ဆောင်ရွက်သင့်ကြောင်းလည်း တိုက်တွန်းထားသည်။
“ဒေါ်စုနဲ့ NLD ကို လေးစားပါတယ်။ အခက်အခဲတွေ အများကြီး ရှိမယ်ဆိုတာလည်း နားလည်ပါတယ်။ ၂၀၀၈ ဥပဒေကြောင့် သတိကြီးကြီး ထားစေချင်လို့ စိုးရိမ်စိတ်နဲ့ ထုတ်ပြန်ထားတာပါ”ဟု ဦးမျိုးဝင်းက ထပ်မံ ပြောဆိုသည်။
DAB က ကြံ့ဖွံ့အစိုးရမှ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံခြင်းများသည် ပြည်တွင်းပြည်ပ ဖိအားများနှင့် ၎င်းတို့ရင်ဆိုင်နေရသော စစ်ရေးအကြပ်အတည်းများကြောင့်သာ ဖြစ်သဖြင့် ဘုံရည်မှန်းချက်ဖြစ် သော ၂၀၀၈ ဥပဒေဖျက်သိမ်းရေးကို လက်တွဲဖော်ဆောင်သွားရန် တိုက်တွန်းခဲ့သည်။
မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်(မဒတ) DAB ကို ၁၉၈၈ခုနှစ်၊ နိုဝင်ဘာလတွင် ထိုင်းနယ်စပ်တစ်နေရာတွင် စတင် ဖွဲ့စည်းခဲ့သည်။