ဇူလိုင်လ ၂ဝရက်။ စောခါးစူးညား (ကေအိုင်စီ)
မြန်မာနိုင်ငံ တိုင်းရင်းသားဒေသများတွင် ဖြစ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအ ကြား စိတ်ဝင်စားမှု နည်းပါးသည့်အတွက် စိတ်ပျက်မိကြောင်း ဥရောပတိုက်တွင် မြန်မာ့အရေး လှုပ်ရှားနေသည့် ဗြိတိန်အခြေ စိုက် Burma Campaign-UK အဖွဲ့က ပြောကြားလိုက်သည်။
အဆိုပါအဖွဲ့၏ လှုံ့ဆော်ရေးမှူး နမ့်ဇိုယာဖန်းက “တိုင်းရင်းသားဒေသမှာ အစိုးရတပ်က ထိုးစစ်ဆင်တဲ့အခါ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာတောင်မှ အီးယူနိုင်ငံအများဟာ စိတ်ဝင်စားမှု နည်းတာကိုကြည့်ရင် ရင်လေး စရာပဲ။ သူတို့က အရှေ့အလယ်ပိုင်းဒေသရဲ့ နိုင်ငံရေးအခင်းအကျင်းကိုပဲ ပိုအာရုံစိုက်ကြတယ်။”ဟု ကေအိုင်စီကို ပြောသည်။
တိုင်းရင်းသားဒေသများအတွင်း မြန်မာအစိုးရတပ်များ၏ ထိုးစစ်ဆင်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှု ကိစ္စများကို တင်ပြရန် မြန်မာ့အရေးလှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အချို့နှင့် ပူးပေါင်း၍ ယမန်နေ့က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ သတင်း စာရှင်းလင်းပွဲ ကျင်းပစဉ် ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်သည်။
သတင်းစာရှင်းလင်းပွဲကို ဗြိတိန်အခြေစိုက် Burma Campaign-UK, FIDH International Federation for Human Right နှင့် ITUC International Trade Union Confederation စသည့်အဖွဲ့တို့က ပူးတွဲကျင်းပခဲ့ခြင်းဖြစ်ပြီး ကချင်၊ ကယား၊ ကရင် နှင့် သျှမ်းပြည်နယ်အတွင်း မြန်မာအစိုးရ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အီးယူ ဥရောသမဂ္ဂနိုင်ငံများ ပိုမို အာရုံ စိုက်လာရန် ရည်ရွယ်သည်ဟု သိရသည်။
ယခုလ ၅ရက်နေ့၌ သျှမ်းပြည်နယ် ကျေးသီးမြို့နယ်အတွင်း မြန်မာအစိုးရတပ် ခလရ(၅၁၃)၏ အမျိုးသမီး ၄ဦးကို မုဒိမ်းကျင့်ခဲ့ သည့် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ရပ်ကို အဓိကထား၍ အခြားသော ချိုးဖောက်မှုများကိုပါ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည် ဟု နမ့်ဇိုယာဖန်းက ဆိုသည်။
အစိုးရတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်း စစ်ဆေးရေး ကိုယ်စားလှယ်တောမတ်စ် အိုဟေးကင်တားနား အဆိုပြုထားသည့် လူ့အခွင့်အရေးစုံစမ်း စစ်ဆေးရေးကော်မရှင် (COI) တရပ်ဖွဲ့စည်းရေးကိစ္စကို ဥရောပ ၁၆နိုင်ငံက ထောက်ခံထားသော်လည်း ကျန်နိုင်ငံများပါ ထောက်ခံမှု ရရှိအောင်နှင့် (COI) ဖွဲ့စည်းနိုင်ရန် နည်းမျိုးစုံဖြင့် စည်းရုံးမှုများ လုပ်ဆောင်သွားမည်ဟု သူမက ဖြည့်စွက်ပြောဆိုသည်။
မစ္စတာကင်တားနား၏ (COI) ဖွဲ့စည်းရေးအဆိုပြုချက်ကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် NLD အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ခံကြောင်း ယခုနှစ် ပြီးခဲ့သည့်လက ပြောဆိုခဲ့သည်။
ဥရောပသမဂ္ဂ၏ ထောက်ခံမှုဖြင့် လာမည့် ဒီဇင်ဘာလကုလသမဂ္ဂ အထွေထွေညီလာခံ၌ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေး ရေး ကော်မရှင် ဖွဲ့စည်းရေး တင်သွင်းနိုင်ရန် ဥရောပနိုင်ငံရှိသက်ဆိုင်ရာ ခေါင်းဆောင် နိုင်ငံရေးသမားများနှင့် ပြည်သူများ အား တွေ့ဆုံဆွေးနွေးခြင်း၊ စည်းရုံးရေးဆင်းခြင်း၊ စာရေးသားဖြန့်ဝေခြင်းနှင့် မီဒီယာများတွင် ပြောဆိုခြင်း စသည့် လှုပ်ရှားမှု များဖြင့် တစ်စုံတရာ အကျိုးသက်ရောက်မှု ရှိလာနိုင်မည်ဟု မျှော်လင့်ကြောင်း နမ့်ဇိုယာဖန်းက ဆိုသည်။
မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့များ ပူးပေါင်း၍ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့၌ ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲ ကျင်းပပြု လုပ်သည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး နိုင်ငံတကာ သတင်းမီဒီယာ အပါအဝင် လူ(၂၀)ကျော် တက်ရောက်ခဲ့သည်ဟု သိရ သည်။