Home ထိပ်တန်းသတင်း ‌မြေသိမ်းမည့်သတင်း‌ကြောင့် ရာဘာခြံပိုင်ရှင်များ စိုးရိမ်မကင်းဖြစ်‌နေကြ

‌မြေသိမ်းမည့်သတင်း‌ကြောင့် ရာဘာခြံပိုင်ရှင်များ စိုးရိမ်မကင်းဖြစ်‌နေကြ

3422

ဇူလိုင်လ ၁၉ရက်။ ‌ကေအိုင်စီ


မွန်ပြည်နယ် သံဖြူဇရပ်-‌ရေးလမ်းနှင့် ဘုရားသုံးဆူလမ်းခွဲတဝိုက်ရှိ ဧက ၆၀ဝနှင့် ၁၀၀ဝကြားရှိ ရာဘာခြံ‌မြေကို အစိုးရစစ်တပ် က သိမ်းယူမည်ဆိုသည့်သတင်း‌ကြောင့် ‌ဒေသခံ ရာဘာခြံပိုင်ရှင်များက စိုးရိမ်‌နေကြသည်။

“သတင်းက‌တော့ ပျံ့‌နေတာ‌ပေါ့‌နော်။ စစ်တပ်က သိမ်းမယ်ဆိုတာကို အားလုံးက ရာဘာခြံ‌တွေကြီးပဲ‌လေ။ တကယ်သိမ်းမယ် ဆိုရင် ကျ‌နော်တို့လို ရာဘာခြံပိုင်ရှင်‌တွေ‌တော့ အကြီးအကျယ် ဆုံးရှုံးမှာပဲ။”ဟု ‌ဒေသခံ ရာဘာခြံပိုင်ရှင်တစ်ဦးက ‌ပြောသည်။

မကြာခင်ရက်ပိုင်းက သက်ဆိုင်ရာ ‌မြေစာရင်းဌာနမှ လာ‌ရောက်တိုင်းတာထားပြီး ယခုလည်း စစ်တပ်မှ လာ‌ရောက်ကြည့်ရှု ထားမှုများရှိ‌ကြောင်း ‌ဒေသခံတို့၏ ‌ပြောပြချက်အရ သိရသည်။

သို့‌သော် ရာဘာခြံ‌မြေ သိမ်းမည်ဆိုသည့် သက်‌သေအ‌ထောက်အထား စာကပ်ထားခြင်း၊ တိုင်စိုက်ထားခြင်းများ မရှိ‌သေး‌သော် လည်း လာ‌ရောက်တိုင်းတာထားခြင်းနှင့် စစ်တပ်က တပ်‌မြေအဖြစ် သိမ်းယူမည် ဆိုသည့်သတင်း‌ကြောင့် ထို‌နေရာတဝိုက်ရှိ ရာဘာခြံ‌မြေများ ‌ရောင်းသူဝယ်သူများလည်း မရှိသ‌လောက် ဖြစ်သွားသည်။

“အဲလို သိမ်းမယ်ဆိုတဲ့သတင်း ပျံ့‌နေ‌တော့ ဘယ်သူမှလည်း အဲဒီခြံ‌တွေကို မဝယ်ရဲကြဘူး။ အဲဒီတဝိုက်က ရာဘာခြံ‌တွေက တစ်ကွက်ကို သိန်းရာဂဏန်းချီ တန်တဲ့ခြံ‌တွေ၊ အခုဆို သိန်းရာဂဏန်းမ‌ပြောနဲ့ ဝယ်လူ‌တောင်မရှိဘူး‌လေ။”ဟု အဆိုပါ ရာဘာ ခြံပိုင်ရှင်က ‌ပြောသည်။

ထို‌မြေတိုင်းတာထားသည့်‌နေရာမှာ အစိုးရတပ်မှ လာ‌ရောက် တပ်ချမည်ဟု စစ်တပ်အသိုင်းအဝိုင်းမှ ‌ပြောဆိုချက်များ ထွက် ‌ပေါ်‌နေ‌သော်လည်း မည်သည့်တပ်ရင်းမှ လာ‌ရောက် အ‌ခြေချမည်ကို အတိအကျ မသိရှိရ‌သေး‌ပေ။

မွန်ပြည်သစ်ပါတီဝင်‌ဟောင်းတစ်ဦးက ယခု ‌မြေတိုင်းတာထားသည့်‌နေရာမှာ အစိုးရတပ်များအ‌နေဖြင့် လာ‌ရောက် တပ်စွဲနိုင် သည့် အ‌နေအထားရှိ‌ကြောင်းနှင့် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းတ‌လျှောက်မှာလည်း အစိုးရတပ်များ ထပ်မံ တပ်ချသွားနိုင် သည့် အစီအစဉ်များရှိ‌ကြောင်း သူက ‌ပြောသည်။

မြန်မာစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ကြား အပစ်ခတ်ရပ်စဲခဲ့သည့် ၁၉၉၅ ခုနှစ်‌နောက်ပိုင်း မွန်ပြည်နယ်အတွင်း၌ အစိုးရ စစ်တပ်မှ ‌ဒေသခံတို့၏ လယ်ယာခြံ‌မြေ ဧက‌ထောင်‌ပေါင်းများစွာကို တပ်ရင်းအ‌ခြေချရန်အတွက် သိမ်းယူမှုများ ရှိခဲ့သည်။