ဇူလိုင်လ ၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ခလယ့်ဒေးကားလမ်းအတိုင်း တက်လာသည့် အစိုးရစစ်တပ်အား ယနေ့မွန်းလွဲပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့များက စောင့်ကြိုပစ်ခတ်ခဲ့ရာ အစိုးရတပ်ဘက်က တပ်ရင်းမှူး တစ်ဦး အပါအဝင် ၂ဦး ကျဆုံးကာ ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNLA ဘက်က ပြောသည်။
ယနေ့ မွန်းလွဲ ၁း၂ဝနာရီအချိန်တွင် ခလယ့်ဒေးကျေးရွာ ကားလမ်းအတိုင်း ချီတက်လာသည့် အစိုးရ စစ်တပ် ခမရ(၅၄၇) စစ် ကြောင်း(၁)အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၇)တပ်ဖွဲ့ဝင်များက စောင့်ကြိုပစ်ခတ်ခဲ့မှု ကြောင့် ယခုလို အစိုးရစစ်ဘက်က ထိခိုက်ကျဆုံးခြင်းဖြစ်သည်ဟု KNLA တပ်မဟာ(၇)၏ ရုံးထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲ က ပြောသည်။
၎င်းက “ဒီနေ့မွန်းလွဲ ၁း၄၅နာရီအချိန်မှာ ခလယ့်ဒေးကားလမ်းအတိုင်း တက်လာတဲ့ ခမရ(၅၄၇)တပ်ရင်းကို ကျနော်တို့လူတွေ သွားစောင့်ပစ်တယ်။ အဲဒီမှာ ရန်သူ့ဘက်က ၂ဦးသေ၊ ၄ဦး ဒဏ်ရာရတယ်။ သေဆုံးသူ ၂ဦးထဲမှာ တပ်ရင်းမှူး ၁ဦးနဲ့ တပ်ခွဲမှူး ၁ဦးပါတယ်။ ဒဏ်ရာရရှိသူထဲမှာ တပ်ခွဲမှူး ၁ဦးနဲ့ တပ်ကြပ်ကြီး ၁ဦး ပါတယ်။ ဒဏ်ရာရတဲ့ တပ်ခွဲမှူးက လည်ပင်းမှာ ထိမှန်တဲ့ အတွက် အသည်းအသန်ပဲ။”ဟု ပြောသည်။
အဆိုပါ ပစ်ခတ်မှုမှာ မိနစ်ပိုင်းခန့်သာဖြစ်ပွားခဲ့ပြီး KNLA ဘက်က အပိုင်နေရာယူထားသောကြောင့် ထိခိုက်ကျဆုံးမှု တစုံတရာ မရှိကြောင်း ဗိုလ်မှူးစောအယ်ဆဲဆဲက ပြောသည်။
KNLA တပ်မဟာ(၇)တွင် ယခုလအတွင်း အစိုးရစစ်တပ်နှင့် ပထမဦးဆုံးအကြိမ် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ပြီး ယခင် ပစ်ခတ်မှု များကလည်း ယခုကဲ့သို့ အစိုးရစစ်တပ်ဘက်မှ တပ်ရင်းမှူးအဆင့်ရှိ သေဆုံးမှုများ ရှိခဲ့သည်။
တဆက်တည်းတွင် ပြီးခဲ့သည့် ဇွန်လ ၂၉ရက်နေ့ည ၁၂နာရီအချိန်တွင် နယ်ခြားစောင့်တပ်(BGF) တပ်ရင်း(၁၀၁၂) တပ်ရင်း မှူး ဗိုလ်မှူးစောဘိ ဦးစီးသည့်တပ်ဖွဲ့များက ဖာပွန်မြို့နယ်၊ ကမမောင်းကျေးရွာရှိ အစိုးရစစ်တပ်အား ဝင်ရောက်ပစ်ခတ်ခဲ့သလို ဇွန်လ ၃ဝရက်နေ့ ညနေ ၄နာရီအချိန်တွင် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးရွာအနီးရှိ တခေါ့ဖိုးတွင် BGF တပ်ဖွဲ့ဝင် အချင်းချင်း ပစ် ခတ်မှု ဖြစ်ပွားခဲ့သည်။

၎င်းပစ်ခတ်မှုများကို ဖြေရှင်းရန်အတွက် ယနေ့မနက်တွင် BGF အကြံပေးပုဂ္ဂိုလ် စောချစ်သူ(ယခင် ဒီကေဘီအေ ၉၉၉ တပ်မ ဟာ ဗျူဟာမှူး)နှင့် BGF (၁၀၂၂) တပ်ရင်းမှူး ဗိုလ်မှူးမုတ်သုန်တို့သည် ကားအစီး ၂၀ကျော်ဖြင့် မြိုင်ကြီးငူဒေသဘက်သို့ ချီ တက်သွားသည်ဟု ကိုယ်တိုင်မြင်တွေ့သူများရှိသလို စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်အရလည်း သိရသည်။