ကရင်ပြည်နယ် အရှေ့ဖက် နယ်စပ်မြို့လေးဖြစ်တဲ့ မြဝတီမြို့လေးမှာ နေထိုင်ကြတဲ့
ပြည်သူတွေဟာ ရှေးယခင်ကတည်းက ဗုဒ္ဒဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခဲ့ပြီး ဘာသာရေး အလွန်ကိုင်းရှိုင်းခဲ့ကြပါတယ်။ တနှစ်ပတ်လုံးမှာလည်း ဘုရားစေတီ များ၊ ဘုန်းတော်ကြီးကျောင်းများနဲ့ ရပ်ကွက်ဓမ္မာရုံများမှာ အသံမစဲ ပဌာန်းဒေသနာတော်တွေကို ရွတ်ဖတ်သံကြားနေရလို့ နေ ထိုင်ကြတဲ့ ရဟန်းရှင်လူ ပြည်သူလူထုဟာ အလွန်သာယာချမ်းမြေ့စွာ နေထိုင်ကြတာကို တွေ့ရပါတယ်။ ဘာသာသာသနာနဲ့ ပတ်သက်ရင် အလှူအတန်းတွေမှာ လက်မနှေးတာကိုလည်း တွေ့ရပါတယ်။ မြဝတီမှာ တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းတွေကို ကြည့်လျှင် ဘာသာရေးရဲ့အရိပ်ကြောင့် အေးချမ်းတည်ငြိမ်နေထိုင်တာကို တွေ့ရပါတယ်။
၂၀၁၀-နိုဝင်ဘာ ရွေးကောက်ပွဲမှာ ကြံ့ဖွတ်ပါတီရဲ့ မဲအနိုင်ရရှိရေးအတွက် ရပ်ကွက်/ကျေးရွာတွေမှာ နေထိုင်တဲ့ တိုင်းရင်းသား ပြည်သူလူထုအပေါ် အနိုင်ကျင့် အကြပ်ကိုင် ခြိမ်းခြောက် မဲထည့်စေခိုင်းတဲ့အတွက် နှစ်ပေါင်း ၂၀ကျော် သေနတ်သံ၊ ဗုံးပေါက် ကွဲမှု မရှိတော့တဲ့ မြဝတီမြို့လေးဟာ နိုဝင်ဘာ ၈ရက်နေ့မှစပြီး ယနေ့တိုင် နေထိုင်ကြတဲ့ ပြည်သူလူထုဟာ ကျီးလန့်စာ တဆာ ဆာနဲ့ ရတက်မအေး ဖြစ်နေကြရပါတယ်။ ဝှေ့ရှမ်းရွာ၊ ဝေါလေရွာ၊ ကွင်းကလေးရွာ၊ မဲကနယ်ရွာ အစရှိတဲ့ ကျေးရွာမှာနေထိုင် တဲ့ ပြည်သူတွေကို ကြံ့ဖွံ့ပါတီက ရွေးချယ်မဲ့အမတ်တွေကို မဲမထည့်လျှင် ဘိလပ်မြေ ၅အိတ် ဒဏ်တပ်မယ်။ လုပ်ကိုင်စား သောက်နေတာတွေလည်း ပိတ်ဆို့မယ်ဆိုလို့ ကျေးရွာသားတွေက ကြံ့ဖွံ့ပါတီကလူတွေကို မဲထည့်ပေးရပါတယ်။ အကြပ်ကိုင် မဲထည့်ခိုင်းလို့ ဒီကေဘီအေတပ်ဖွဲ့တွေဟာ အဲဒီကစပြီး မကျေနပ်ဖြစ်ကာ ဒီနေ့အထိ ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်နေရ တယ်လို့ ပြောကြပါတယ်။
ဒီနေ့ မြဝတီမြို့မှာ ကြံ့ဖွတ်ပါတီက အမတ်တွေ မဲအနိုင်ရကြပါတယ်။ သူတို့အမတ်တွေဖြစ်တော့လည်း သူတို့စတဲ့ ပြဿနာ ကြောင့် တိုက်ပွဲတွေ ငြိမ်းအေးအောင် မလုပ်နိုင်ပါဘူး။ သူတို့ကို မဲထည့်ပေးလိုက်တဲ့ ပြည်သူလူထု ကျေးရွာသူရွာသားတွေအ ပေါ် ဘာမှမလုပ်ပေးနိုင်ခဲ့ပါဘူး။ ကူညီစောင့်ရှောက်ဖို့လည်း မလုပ်နိုင်ပါဘူး။ သူတို့ကလည်း မဲထည့်ပေးလိုက်တဲ့လူတွေကို မသိကြတဲ့အတွက် ပြည်သူတွေကလည်း မေတ္တာရောင်ပြန် ထင်ဟပ်တဲ့သဘောအရ သူတို့ကို အသိအမှတ်မပြုကြပါဘူး။ ဒါပေ မဲ့ ကြံ့ဖွတ်အမတ်တွေဟာ ကိုယ့်ကိုမဲထည့်ပေးလိုက်တဲ့လူတွေကို အနိုင်ရတဲ့အာဏာနဲ့ ဒုက္ခလိုက်ပေးနေပါတယ်။
မြဝတီမြို့ ကျက်သရေဆောင် ရွှေမြင်းဝန်စေတီမှာ အများပြည်သူ ရဟန်းရှင်လူ လှူးဒါန်း တည်ဆောက်ထားတဲ့ သာသနာ့ဗိ မာန်ကိုပင် ကြံ့ဖွတ်ပါတီက အနိုင်ကျင့် သိမ်းယူနေပါတယ်။ သူတို့ ခွင့်ပြုချက်မရရင် တရားပွဲ လုပ်ခွင့်မပြုတော့ပါဘူး။ ဂေါပက လူကြီးတွေကိုလည်း ဖြုတ် ထုတ် သတ် လုပ်နေတယ်။ ဘာသာရေးကိုလုပ်တဲ့သူတွေဟာ ပါတီနိုင်ငံရေးကို ကင်းရှင်းရမှာဖြစ် သလို ပါတီနိုင်ငံရေးလုပ်တဲ့သူတွေကလည်း ဘာသာရေးနဲ့ လူမှုရေးတွေမှာ ဝင်ရောက်စွတ်ဖက်တာမျိုး မလုပ်ဘဲ အားပေးမှု သာ လုပ်ရမယ်လို့ နားလည်မိပါတယ်။ လွန်ခဲ့တဲ့ ၇နှစ်ခန့်က မြို့ခံလူငယ်တွေ စုပေါင်းလုပ်ကိုင်ဆောင်ရွက်ပေးနေတဲ့ သာသနာ အရေး၊ နာရေးကူညီစောင့်ရှောက်မှုအသင်းကိုပင် မသာအလောင်းတောင် လုနေတာကို တွေ့ရပါတယ်။ တခုတော့ အံ့ဩမိတာ ကို ပြောရမယ်ဆိုရင် ကြံ့ဖွတ်က လူတွေက ကုလားဗလီတည်ဆောက်ဖို့ အလှူငွေကို ထည့်ပေးကြတယ်။ ဘုရား၊ ဘုန်းတော် ကြီးကျောင်းတွေကို အလှူငွေ မတည်တာ မတွေ့ရဘူး။ ဗုဒ္ဒဘာသာ အလွန်ကိုင်းရှိုင်းတဲ့ မြဝတီမြို့လေးဟာ ကြံ့ဖွတ်ပါတီကလူ တွေ ဟန့်တားနှောက်ယှက်မှုကြောင့် ဘာသာရေးလွတ်လပ်ခွင့် ပိတ်ပင်လာတာကို တွေ့ရလို့ အလွန်းဝမ်းနည်းနေမိကြောင်း တင်ပြလိုပါတယ်။
ရှင်သာဝက (မြဝတီ)
ဇူလိုင် ၃ရက်၊ ၂၀၁၁ခုနှစ်။