Home ထိပ်တန်းသတင်း ပညာ‌ရေးဝန်ထမ်းများနှင့် ‌ကျောင်းသူ‌ကျောင်းသားများ စစ်တပ်ရိက္ခာ ထမ်းပိုး‌ပေး‌နေရ

ပညာ‌ရေးဝန်ထမ်းများနှင့် ‌ကျောင်းသူ‌ကျောင်းသားများ စစ်တပ်ရိက္ခာ ထမ်းပိုး‌ပေး‌နေရ

1902
ဧပြီလ ၂၂ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်‌မြောက်ပိုင်း ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ်ရှိ ဝါ့မူ့‌ကျေးရွာအုပ်စုမှ ‌ကျောင်းဆရာဆရာမများနှင့် ‌ကျောင်းသူ ‌ကျောင်းသားများသည် စာ‌မေးပွဲ‌ဖြေပြီးချိန်မှစ၍ ယခုအချိန်ထိ ထို‌ဒေသတွင် လှုပ်ရှား‌နေသည့် မြန်မာစစ်တပ်များ၏ ရိက္ခာများ ကို ထမ်းပိုး‌ပေး‌နေရသည်ဟု ‌ဒေသခံ‌ကျောင်းဆရာများက ‌ပြောသည်။

ဝါ့မူ့‌ကျေးရွာအုပ်စုတွင် လှုပ်ရှား‌နေသည့် မြန်မာစစ်တပ် တပ်မ(၁၁)လက်‌အောက်ခံ ခလရ(၉၆)တပ်ရင်းသည် ဝါ့မူ့၊ မယ်တိုး ထာ၊ ‌ကေ‌ကော်နှင့် မယ်‌ဝေစခန်းများတွင် အ‌ခြေချသည့် ၎င်းတို့တပ်ဖွဲ့ဝင်များအတွက် ဆန်ရိက္ခာများ ထမ်းပိုး‌ပေးရန် ပြီးခဲ့ သည့် ‌ဖေ‌ဖော်ဝါရီလကုန် စာ‌မေးပွဲ‌ဖြေဆိုပြီးချိန်မှ ယ‌နေ့အချိန်ထိ ယင်းသို့ ‌ခေါ်ယူခိုင်း‌စေခဲ့ခြင်းဖြစ်သည်ဟု ဝါ့မူ့‌ကျေးရွာအုပ်စု မှ ‌ကျောင်းဆရာတစ်ဦးက ‌ပြောသည်။

၎င်း‌ကျောင်းဆရာက “ရိက္ခာထမ်းပို့ခိုင်းတာက စာ‌မေးပွဲ‌ဖြေတဲ့အချိန်ကတည်းကပါ။ စာ‌မေးပွဲအချိန်ဆို‌တော့ ဘယ်သူမှ မသွား ကြ‌သေးဘူး။ စာ‌မေးပွဲပြီးမှ ဆရာဆရာမ၊ ‌ကျောင်းသူ‌ကျောင်းသား‌တွေအကုန် စု‌ပေါင်းပြီး‌တော့ သွားထမ်းပို့‌ပေးကြတယ်။ ‌နေ့ တိုင်း မခိုင်း‌ပေမယ့် တရက်ခြားနှစ်ရက်ခြားတခါ အခုထက်ထိ သွား‌နေရတုန်းပဲ။”ဟု ‌ပြောသည်။

ယင်းသို့ တပ်ရိက္ခာအတွက် သွားထမ်းပိုး‌ပေးရာတွင် တ‌နေကုန်သွားလာရသည့်အပြင် လမ်းခရီး၌ စစ်တပ်မှ ထမင်းမ‌ကျွေးသ ဖြင့် မိမိတို့၏‌နေအိမ်မှ ထမင်းထုတ်များ သယ်‌ဆောင်သွားရသည်ဟု အဆိုပါ‌ကျောင်းဆရာက ‌ပြောသည်။

ထို့အပြင် ရိက္ခာထမ်းပိုးရသည့် ၁၃နှစ်နှင့် ၁၄နှစ်အရွယ် ‌ကျောင်းသူ‌ကျောင်းသားများမှာ သွားလာရင်း လမ်းခုလတ်တွင် ကရင် အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(‌ကေအဲန်အယ်လ်‌အေ) တပ်ဖွဲ့ဝင်များနှင့် အချိန်မ‌ရွေး တိုက်ပွဲဖြစ်ပွားနိုင်‌သော‌ကြောင့် စိုးရိမ်စိတ်ဖြင့် လိုက်ပါ‌နေရသည်ဟု သိရသည်။

‌ကျောင်းဆရာဆရာမများနှင့် ‌ကျောင်းသူ‌ကျောင်းသားများ ယခုလို ‌နွေ‌ကျောင်းပိတ်ရက်တွင် စစ်တပ်ရိက္ခာ ထမ်းပိုး‌ပေးရခြင်းမှာ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုကို ကျူးလွန်ရာ‌ရောက်‌ကြောင်း နယ်စပ်‌ဒေသရှိ ကရင်‌ကျောင်းဆရာများသမဂ္ဂ(KTWG)မှ ဆရာ ‌စောအဲဒိုဝါးက ‌ပြောသည်။

၎င်းက “‌ပေါ်တာ‌ခေါ်တာတို့၊ ဆန်ထမ်းခိုင်းတာတို့ လုပ်‌ဆောင်တဲ့‌နေရာမှာ က‌လေး‌တွေပါ ပါဝင်တာကိုကြည့်ရင် လူ့အခွင့်အ ‌ရေးချိုး‌ဖောက်မှုတရပ်ပဲ။ ဒါဟာ တနည်းတဖုံနဲ့ က‌လေး‌တွေရဲ့ ကြီးပြင်းလာမှု၊ ဦး‌နှောက်ဖွံ့ဖြိုးလာမှုကို တကယ်ပဲ အ‌နှောက်အ ယှက်ဖြစ်‌စေတယ်။ ဒီ‌တော့ ကျ‌နော်တို့ ကရင်‌ကျောင်းဆရာများသမဂ္ဂအ‌နေနဲ့ လုံးဝ ဆန့်ကျင်တယ်။”ဟု ‌ပြောသည်။

‌ကျောင်းသူ‌ကျောင်းသားနှင့် ဆရာဆရာမဦး‌ရေ ၇၀၀‌ကျော်ရှိ ဒွယ်လိုးမြို့နယ်၊ ဝါ့မူ့‌ကျေးရွာအုပ်စုရှိ အထက်တန်း‌ကျောင်းများ မှာ အစိုးရ‌ကျောင်းများဖြစ်‌သော်လည်း မူလတန်း‌ကျောင်းအများစုကမူ ကိုယ်ထူကိုယ်ထ‌ကျောင်းများ ဖြစ်ကြသည်။