Home ထိပ်တန်းသတင်း နအဖ စစ်‌ခေါင်း‌ဆောင်များအား ICC တွင် တရားစွဲနိုင်‌ရေး WLB ကြိုးပမ်း သွားမည်

နအဖ စစ်‌ခေါင်း‌ဆောင်များအား ICC တွင် တရားစွဲနိုင်‌ရေး WLB ကြိုးပမ်း သွားမည်

1920
ဇန်နဝါရီလ ၂၈ရက်။ ‌ကေအိုင်စီ

အမျိုးသမီးများအ‌ပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခွင့်ပြု‌နေသည့် ဗိုလ်ချုပ်မှူးကြီး သန်း‌ရွှေနှင့် နအဖ စစ်‌ခေါင်း‌ဆောင်များအား နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားခုံရုံးတွင် တရားစွဲဆိုနိုင်ရန်အတွက် ဆက် လက် ကြိုးပမ်းသွားမည်ဟု အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB က ယမန်‌နေ့တွင် ထုတ်ပြန်‌ပြောဆိုလိုက်သည်။

WLB အ‌ထွေ‌ထွေအတွင်း‌ရေးမှူး မတင်တင်ညိုက “ဒီနအဖ စစ်အစိုးရက တိုင်းရင်းသား‌ဒေသ‌တွေမှာ အမျိုးသမီး‌တွေအ‌ပေါ် ရာဇ ဝတ်မှု ကျူးလွန်ခွင့်‌ပေး‌နေတာကို ကျမတို့ လက်မခံနိုင်ဘူး။ ဒါ‌တွေကို ကျမတို့က နိုင်ငံတကာ ခရီးစဉ်တိုင်းမှာ ‌ပြောသွားမယ်။ ICC ကိစ္စကို လုပ်‌နေတဲ့ နိုင်ငံတကာအဖွဲ့အစည်း‌တွေနဲ့လည်း လုပ်ခဲ့တာ‌တွေ ရှိတယ်။ နိုင်ငံ‌တော်‌တော်များများကလည်း ကျမတို့ရဲ့ လုပ်‌ဆောင်ချက်‌တွေကို အသိအမှတ်ပြုလာတာ ‌တွေ့ရတယ်။ စစ်အုပ်စုမပြိုကွဲသ‌ရွေ့ အမျိုးသမီး‌တွေဟာ ဒီလိုပဲ ခံစား‌နေရမှာပဲ ‌လေ။ ဒါဟာ ‌ရေရှည်လုပ်ရမဲ့ လုပ်ငန်းစဉ်မို့လို့ ကျမတို့အ‌နေနဲ့ တဆင့်ချင်းလုပ်‌ဆောင်သွားမယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ယခုနှစ် ဇန်နဝါရီလ ၂၄ရက်မှ ၂၆ရက်အထိ ဆဌမအကြိမ်‌မြောက် WLB ညီလာခံကို ထိုင်း-မြန်မာနယ်စပ်တ‌နေရာတွင် ကျင်းပခဲ့ရာ နအဖ စစ်အစိုးရ၏ ပြည်သူလူထုအ‌ပေါ် နည်းမျိုးစုံဖြင့် လူ့အခွင့်အ‌ရေး ဆက်လက်ချိုး‌ဖောက်‌နေမှုများအား စုံစမ်းစစ်‌ဆေးရန် အတွက် ကုလသမဂ္ဂ စုံစမ်းစစ်‌ဆေး‌ရေး ‌ကော်မရှင်တရပ် ဖွဲ့စည်းဖြစ်‌ပေါ်လာနိုင်‌စေရန် နိုင်ငံတကာ၏ ‌ထောက်ခံအား‌ပေးမှု ပိုမို ရရှိ‌စေ‌ရေးအတွက် WLB အ‌နေဖြင့် စည်းရုံးလှုံ့‌ဆော်မှုများ ဆက်လက်လုပ်‌ဆောင်သွားရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

WLB သည် ပြီးခဲ့သည့် ၂၀၁ဝခုနှစ်၊ မတ်လနှင့် ဇွန်လများတွင် အ‌မေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံများ၌ နိုဘဲလ်ငြိမ်းချမ်း‌ရေးဆုရှင်အချို့ နှင့် ပူး‌ပေါင်းကာ စစ်အစိုးရတပ်၏ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်ခံခဲ့ရသူ အမျိုးသမီး၏ သက်‌သေထွက်ဆိုချက်များ ပါဝင်သည့် အသွင် သဏ္ဍာန်တူ နို်င်ငံတကာခုံရုံးပုံစံမျိုး လုပ်‌ဆောင်ခဲ့‌သေးသည်။

၎င်းအပြင် မြန်မာနိုင်ငံ‌ရှေ့‌နေများ‌ကောင်စီ(BLC)၊ International Justice Center တို့နှင့်လည်း ပူး‌ပေါင်းကာ နအဖ စစ်အစိုးရကို နိုင်ငံတကာ စစ်ခုံရုံးတင်နိုင်ရန် WLB အ‌နေဖြင့် ဆက်စပ်လုပ်‌ဆောင်ခဲ့သလို စစ်အာဏာရှင်စနစ် ပြုတ်ကျ‌ရေး၊ ဒီမိုက‌ရေစီ‌ရေး၊ စစ်မှန်‌သော ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေးတို့အတွက် အဖွဲ့ချုပ်၏ မူဝါဒနှင့် ကိုက်ညီ‌သော နိုင်ငံ‌ရေး‌ဆောင်ရွက် ချက်များကို အခြားမဟာမိတ် နိုင်ငံ‌ရေးအင်အားစုများနှင့် လက်တွဲ‌ဖော်‌ဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

WLB က စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံနှင့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတို့မှ ထွက်‌ပေါ်လာမည့် ဟန်ပြအရပ်သား အစိုးရသစ်တရပ် သည် တိုင်းပြည်အတွက် စစ်မှန်သည့် နိုင်ငံ ‌ရေး ပြုပြင်‌ပြောင်းလဲမှုကို ‌ဖေါ်‌ဆောင်‌ပေးနိုင်မည် မဟုတ်ဟု ရှုမြင်သုံးသပ်ခဲ့သလို ငြိမ်းချမ်း‌ရေးနှင့် ပြန်လည်သင့်မြတ်‌ရေးလုပ်ငန်းစဉ်၊ အမျိုးသမီးများ အကြမ်းဖက်မှုဆန့်ကျင်‌ရေး လုပ်ငန်းစဉ်၊ အမျိုးသမီးများ နိုင်ငံ‌ရေးစွမ်းရည်မြှင့်တင်‌ရေး လုပ်ငန်းစဉ်သုံးခုကို အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်ရာ၌ မီဒီယာကို နည်းဗျူဟာတခုအဖြစ် အသုံးပြုသွားရန်အပြင် ပြည်တွင်းစည်းရုံး‌ရေးလုပ်ငန်းများကို အရှိန်မြှင့်လုပ်‌ဆောင်သွားရန်လည်း ဆုံးဖြတ်ခဲ့ကြသည်။

၁၉၉၉ခုနှစ်၊ ဒီဇင်ဘာလ ၉ရက်‌နေ့က မြန်မာတိုင်းရင်းသူ အမျိုးသမီးအဖွဲ့ ၁၂ဖွဲ့ဖြင့် စု‌ပေါင်းဖွဲ့စည်းထားခဲ့သည့် WLB သည် ယခု ဆဌမအကြိမ်ညီလာခံတွင် ကယန်းအမျိုးသမီးများအစည်းအရုံး(KyWO)ကို အဖွဲ့ဝင်သစ်အဖြစ် ကြိုဆိုလက်ခံခဲ့သည်။ ထိုကြို ဆိုမှုအ‌ပေါ် မတင်တင်ညိုက “လူမျိုးစု‌တွေ အများကြီးရှိတဲ့ ကျမတို့နိုင်ငံမှာ အမျိုးသမီး‌တွေရဲ့ စည်းလုံးမှုအင်အားဟာလည်း အင်မတန် အ‌ရေးကြီးပါတယ်။ အခုလို အဖွဲ့ဝင်‌တွေများလာတာဟာလည်း ကျမတို့ရဲ့ လုပ်‌ဆောင်မှုအား‌ကောင်းလာဖို့အတွက် အင်အားတစ်ရပ်ပဲဖြစ်ပါတယ်။”ဟု ‌ပြောသည်။

အဖွဲ့ဝင် ကိုယ်စားလှယ်နှင့် ‌လေ့လာသူ‌ပေါင်း ၅၉ဦးတက်‌ရောက်ခဲ့သည့် အဆိုပါညီလာခံတွင် အတွင်း‌ရေးမှူး အဖွဲ့ဝင်သစ်များအ ဖြစ် မတင်တင်ညို (အ‌ထွေ‌ထွေအတွင်း‌ရေးမှူး)၊ ‌စောစံငြိမ်းသူ (တွဲဖက်အ‌ထွေ‌ထွေအတွင်း‌ရေးမှူး(၁)နှင့် ‌နော်ဝါးခုရှီး (တွဲဖက် အ‌ထွေ‌ထွေအတွင်း‌ရေးမှူး (၂)တို့ကို ‌ရွေးချယ်ခဲ့ကြသည်။