ဒီဇင်ဘာ ၂ဝရက်။ စောသိန်းမြင့်(ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကေအဲန်ယူ တပ်မဟာ(၆)နှင့် တပ်မဟာ(၇)နယ်မြေများတွင် နအဖ စစ်တပ်နှင့် ကရင်တပ်ဖွဲ့တို့ကြား ယနေ့ အချိန်ထိ တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်ဟု သိရှိရသည်။
ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေ ဝေါ်လေဒေသ၊ ဖောမုဘောထာ့နေရာ၌ ယနေ့မနက် ၁ဝနာရီအချိန်တွင် နအဖ စစ်ကွပ်ကဲ ရေးဌာနချုပ်-စကခ(၈) လက်အောက်ခံ ခမရ(၄၀၉)တပ်ရင်းနှင့် ဒီကေဘီအေ တပ်မဟာ(၅)တို့ကြား မိနစ် ၂ဝခန့် ချုံခိုတိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖဘက်က ထိခိုက်ကျဆုံးမှုရှိသည်ဟု ဒီကေဘီအေ တပ်မဟာ(၅)၏ လက်နက်ကြီးတပ်ဖွဲ့မှ ဒုဗိုလ်စောစမင်း က ပြောသည်။
၎င်းက “ဝေါ်လေကျေးရွာကနေ ကနဲလေးကို ပြန်လာတဲ့ စကခ(၈) လက်အောက်ခံ ခမရ(၄၀၉)တပ်ရင်းကို ကျနော်တို့ဘက် က ဗိုလ်လှခိုင် ဦးဆောင်တဲ့အဖွဲ့က မိနစ် ၂၀လောက် ဆွဲမိုင်းတွေနဲ့ သွားပစ်တယ်။ ခန့်မှန်းခြေအရတော့ နအဖဘက်က ၁ဝ ယောက်ကျော်လောက် ထိမယ်။ ကျနော်တို့ဘက်ကတော့ မထိဘူး။”ဟု ပြောသည်။
သို့သော် ဝေါ်လေဒေသ ဖလူးကျေးရွာတွင် နအဖစစ်တပ်မှ အရှေ့တောင်တိုင်းစစ်ဌာနချုပ်-ရတခ လက်အောက်ခံ ခမရ(၄၅၇) တပ်ရင်းနှင့် ဒီကေဘီအေ တပ်မဟာ(၅)တပ်ဖွဲ့ဝင်တို့ကြား ယမန်နေ့က ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖဘက်မှ ၇ဦး ပွဲချင်းပြီး သေဆုံးကာ ၁၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို ဒီကေဘီအေဘက်က ၁ဦးသေဆုံးပြီး တပ်မှူးတဦး အပါအဝင် ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒီကေဘီအေဘက်က အတည်ပြု ပြောကြားသည်။
ထို့အပြင် ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ မာနယ်ပလောဒေသဘက်တွင်လည်း ယမန်နေ့နှင့် ယနေ့တွင် နအဖနှင့် ကေအဲန် အယ်လ်အေ တပ်ရင်း(၂၀၂)တပ်ဖွဲ့ဝင်တို့ကြား နှစ်ရက်ဆက်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ နအဖဘက်က ထိခိုက်မှုရှိသည်ဟု ခန့်မှန်းရသော်လည်း ကေအဲန်အယ်လ်အေဘက်က ထိခိုက်မှုမရှိဟု ကေအဲန်ယူ တပ်မဟာ(၇) ဒုရုံးထိုင်မှူး ဗိုလ်ကြီးစောမျိုး မင်းသူက ပြောသည်။
“ဒီနေ့ ၁၂နာရီအချိန်မှာ ကျနော်တို့ရဲ့ KNLA (၂၀၂)တပ်ရင်းနဲ့ ဗဟိုတပ်ဖွဲ့တို့ပေါင်းထားတဲ့အဖွဲ့က နအဖ ခလရ(၁၀၆)တပ်ဖွဲ့ နဲ့ ကဆောဝါးလေးမှာ ၅မိနစ်လောက် ပစ်ခတ်မှုဖြစ်တယ်။ မနေ့မနက် ၆နာရီအချိန်မှာလည်း ကဆောဝါးလေးမှာပဲ ခမရ(၃၃၈) နဲ့ ကျနော်တို့ KNLA (၂၀၂)တပ်ဖွဲ့နဲ့ ၁ဝမိနစ်ကျော် ရင်ဆိုင်ခဲ့တယ်။ အဲဒီနေ့ ညနေ ၅နာရီဝန်းကျင်လောက်မှာလည်း မိုးပျံတံ တားမှာ ကျနော်တို့တပ်ရင်း(၂၀၂)တပ်ဖွဲ့နဲ့ နအဖ ခမရ(၃၄၃)တို့ ၁၅မိနစ် ရင်ဆိုင်ခဲ့တယ်။”ဟု ၎င်းက ပြောသည်။
ယမန်နေ့က ဝေါ်လေဒေသ ဖလူးကျေးရွာတွင် နအဖနှင့် ဒီကေဘီအေတို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ရွာသား ၁၀ဝ ကျော် ထိုင်းဘက်ခြမ်းသို့ ထပ်မံ ထွက်ပြေးလာခဲ့သလို ဝေါ်လေကျေးရွာဘက်တွင် ယနေ့တိုက်ပွဲများ ဖြစ်ပွားမှုမရှိသော်လည်း ပြီးခဲ့သည့်အပတ်က ထွက်ပြေးလာသည့် ရွာသား ၂၀၀ကျော်သည် ထိုင်းဘက်ခြမ်းတွင် သောင်တင်နေဆဲဖြစ်သည်ဟု ၎င်းစစ် ပြေးများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် ဆေးဝန်ထမ်းတဦးက ပြောသည်။
နောက်ဆုံးရရှိသည့်သတင်းအရ အဆိုပါ နအဖတပ်များသည် ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေရှိ ဖွေးဖိုးကလား၊ ထီးဆာဒါး ရွာနှင့် မဲ့သဝေါဒေသများတွင် ယနေ့ညနေတွင် ပေါ်တာဝင်ရောက်ဖမ်းဆီးသဖြင့် ရွာသားများအားလုံးနီးပါး နယ်စပ်နှင့် ထိုင်း ဘက်ခြမ်းသို့ ထွက်ပြေးလာကြသော်လည်း လူဦးရေ အတိအကျကို မသိရသေးပေ။
ပြီးခဲ့သည့် နိုဝင်ဘာလ ၈ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် စတင်ဖြစ်ပွားခဲ့သည့် နအဖနှင့် ဒီကေဘီအေအကြား ပစ်ခတ်မှုမှစ၍ ယခု တလကျော်ကြာသည်အထိ ဆက်တိုက်ဖြစ်ပွားလာသည့် တိုက်ပွဲများမှာ ရပ်တန့်သွားခြင်းမရှိသလို စစ် ပြေးဒုက္ခသည်များမှာလည်း ထောင်နှင့်ချီ၍ ထွက်ပြေးနေရသည်။