ဒီဇင်ဘာလ ၂၅ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ နအဖတပ်က ၎င်းတို့၏ တပ်စခန်း ကာရံရေးအတွက် တရွာလျှင် ရာနှင့်ချီသည့် သစ်ချောင်းများနှင့် ဝါးချောင်းများကို ကျေးရွာ ၅ရွာမှ အဓမ္မ တောင်းခံခဲ့ရာ ရွာသူရွာသားများက ဒီဇင်ဘာလ ၂၄ရက်နေ့က သွားရောက်ပို့ပေးခဲ့ရသည်ဟု သိရသည်။
နအဖ ခလရ(၆၂)မှ စစ်ကြောင်းမှူး ဗိုလ်မှူးကိုကိုဆင့်သည် ကမာခို့တပ်စခန်းကို ကာရံရန် ၅လက်မပတ်လည်၊ အရှည် ၅တောင်ရှိသည့် သစ်ချောင်းနှင့် ၅လက်မပတ်လည်၊ အရှည် ၁၀တောင်ရှိသည့် ဝါးချောင်းများကို တရေဖိုးကွီး၊ မဲ့တမူး၊ တမား ထာ၊ ထီးသဘလူးထာ့နှင့် ကျော်သလေးခို့ရွာများမှ ဒီဇင်ဘာလ ၂၂ရက်နေ့က တောင်းယူခဲ့ခြင်းဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောသည်။
“ဗိုလ်မှူးကိုကိုဆင့်က မိုးပျံစခန်းအနားက သူတို့ရဲ့ ကမာခို့စခန်း ကာဖို့အတွက် သစ်နဲ့ ဝါးချောင်းတွေကို ဒီဇင်ဘာလ ၂၂ရက် နေ့က တောင်းတယ်လေ။ တရေဖိုးကွီးရွာက သစ် ၈၀၀၊ ဝါး ၂၀။ မဲ့တမူးရွာက သစ်ချောင်း ၈၀၀၊ ဝါးချောင်း ၂၀။ ကမားထာရွာ က သစ်ချောင်း ၆၀၀၊ ဝါးချောင်း ၂၀။ ထီးသဘလူးထာ့ရွာက သစ် ၆၀၀၊ ဝါး ၂ဝနဲ့ ကျော်သလေးခို့ရွာက သစ် ၅၀၀၊ ဝါး ၂ဝ ချောင်းကို ၂၄ရက်နေ့အရောက်ပေးရမယ်ဆိုလို့ သွားပေးလိုက်ပြီးပြီ။”ဟု ဆိုသည်။
သို့သော် တပ်စခန်း ကာရံဆောက်လုပ်ရေးတွင် အဆိုပါကျေးရွာများမှ ရွာသူရွာသားများအား ယနေ့အထိ လုပ်အားပေး ခေါ်ယူ ခိုင်းစေခြင်း မရှိသေးကြောင်း သိရသည်။
ခလရ(၆၂)တပ်ရင်းသည် လှိုင်းဘွဲမြို့နယ်အတွင်းရှိ မာနယ်ပလောဂွင်၌ စစ်ရေးလှုပ်ရှားနေသည့် နအဖ အရှေ့တောင်တိုင်းစစ် ဌာနချုပ်(ရတခ) လက်အောက်ခံတပ်ရင်းများအနက် တရင်းဖြစ်သည်။


















