နိုဝင်ဘာလ ၃ဝရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ဝေါ်လေဒေသတွင် နအဖနှင့် ကရင်တပ်ဖွဲ့တို့ကြား ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ရက်နေ့ညက စတင် ဖြစ်ပွားခဲ့ သည့်တိုက်ပွဲသည် ပစ်လိုက်ရပ်လိုက်ဖြင့် ယနေ့အချိန်ထိ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု သိရသည်။
ဒီကေဘီအေ ကလိုထူးဘောဗျူဟာ (၁)စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဆန်းအောင်က “ဖလူးမှာ မနေ့ညကတည်းက လက်နက် ကြီး လက်နက်ငယ်တွေနဲ့ ပစ်လိုက်ရပ်လိုက် အပြန်အလှန် ပစ်ခတ်ကြတယ်။ ဒီမနက် မိုးလင်းတဲ့အထိပဲ။ နအဖဘက်က ကျ ဆုံးမှုကိုတော့ ကျနော်တို့ မသိသေးဘူး။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိဘူး။”ဟု ပြောသည်။
ထို့အပြင် ယမန်နေ့မွန်းလွဲ ၃နာရီခန့်တွင် ဖလူးကျေးရွာ၌ ကရင်တပ်ဖွဲ့နှင့် နအဖဘက်မှ ခမရ(၅၄၅)၊ (၅၄၇) ပူးပေါင်းတပ်ရင်း တို့ကြား ပစ်ခတ်မှုတကြိမ် ဖြစ်ပွားခဲ့ရာ နအဖဘက်က ၄ဦး ထိခိုက်သေဆုံးခဲ့သည်ဟု ဒီကေဘီအေဘက်က ပြောဆိုသော် လည်း ထိုနေ့ညနေ ၆နာရီခန့်တွင် မြဝတီဆေးရုံသို့ နအဖ စစ်တပ်မှ လူနာ ဗိုလ်မှူး ၁ဦး၊ ဗိုလ် ၁ဦး၊ တပ်ကြပ်ကြီး ၁ဦးနှင့် တပ် သား ၄ဦး ရောက်ရှိလာသည်ဟု ဆေးဝန်ထမ်းနှင့် နီးစပ်သူတဦးက ပြောသည်။
ထို့အပြင် ယနေ့မနက် ၅း၅၅မိနစ်အချိန်တွင် ဝေါ်လေဒေသ နအဖစစ်တပ် စကခ(၈)လက်အောက်ခံ ဗျူဟာ(၃)အခြေစိုက်ရာ ဗျူဟာကုန်းတွင် ကရင်တပ်ဖွဲ့မှ ၁ဝမိနစ်ခန့် သွားရောက်ပစ်ခတ်ခဲ့ရာ နအဖဘက်မှ ထိခိုက်သေဆုံးမှုကို မသိရှိရကြောင်း ဒီကေဘီအေ(၉၀၉)တပ်ရင်းမှူး စောစတီးက ပြောသည်။
ဖလူးကျေးရွာ ပစ်ခတ်မှုတွင် နအဖဘက်က စကခ(၁၂)လက်အောက်ခံ ခလရ(၆၁)၊ ခလရ(၂၃၀)၊ စကခ(၁၉)မှ ခမရ(၅၄၅)၊ (၅၄၇) စသည့်တပ်ရင်း ၄ရင်းမှ အင်အား ၃၀၀ကျော်ပါရှိပြီး ကရင်တပ်ဖွဲ့မှ ဒီကေဘီအေ ကလိုထူးဘောဗျူဟာနှင့် ကေအဲန် အယ်လ်အေတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုပစ်ခတ်မှုကြောင့် ဝေါ်လေဒေသ ဖလူးကြီး၊ ဖလူးငယ်နှင့် ကျောက်ခက် စသည့်ကျေးရွာများမှ ရွာသူရွာသား ၁,၀၀၀ကျော် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ယာယီ ထွက်ပြေးခိုလှုံခဲ့ရပြီး ၎င်းတို့အား မဲဆောက်ရှိ မယ်တော်ဆေးခန်း ဦးဆောင်သော မြန်မာလူမှု ကယ်ဆယ်ရေးအဖွဲ့နှင့် ထိုင်းစစ်တပ်တို့မှ ကူညီစောင့်ရှောက်ပေးထားသည်ဟု သိရသည်။