နိုဝင်ဘာလ ၃ဝရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ် ဖာပွန်နှင့် သထုံခရိုင်နယ်စပ်၊ ဒွယ်လိုးမြို့နယ်၌ ရွှေတူးခဲ့ခြင်းကြောင့် ပျက်စီးသွားခဲ့သည့် လယ်ဧက ၄၀၀ကျော် ကို ဒေသခံရွာသူရွာသားများက ပြီးခဲ့သည့် စက်တင်ဘာလနှောင်းပိုင်းနှင့် ယခု နိုဝင်ဘာလဆန်းမှစ၍ ဟင်းသီးဟင်းရွက်နှင့် သီးနှံပင်များဖြင့် အစားထိုး စိုက်ပျိုးခဲ့ကြသည်ဟု သိရသည်။
၎င်းတို့ အစားထိုးစိုက်ပျိုးသည့် သီးနှံပင်များမှာ နှမ်း၊ မုံလာ၊ မြေပဲ၊ ပဲတောင့်ရှည်၊ ပဲလုံး၊ ရုံးပတီ၊ ဗူး၊ ရွှေဖရုံ၊ သခွားနှင့် ဆေး ရွက်ကြီး စသည့်အပင်များဖြစ်ပြီး စားသုံးရန်နှင့် ရောင်းရန်အတွက် စိုက်ပျိုးခြင်းဖြစ်သည်ဟု ဒေသခံ ပြည်သူတစ်ဦးက ကေ အိုင်စီကို ယခုလို ပြောသည်။
သူက “လောလောဆယ် စားလို့ရတဲ့ သီးနှံနဲ့ အပင်တွေ ရှိသလို မရသေးတဲ့ဟာလည်း ရှိတာပေါ့နော်။ နှမ်းတို့လို မြေပဲတို့လို တော့ မရသေးဘူး။ ကျနော်တို့ ရွာသားတွေ စိုက်ပျိုးလို့ ထွက်တဲ့သီးနှံ တချို့ကို စားပြီး တချို့ ဘီးလင်းမြို့ဘက်ကို သွားရောင်း တယ်။ ရတဲ့ပိုက်ဆံနဲ့ ဆန်ပြန်ဝယ်စားတာ ရှိတယ်။ ဖူလုံမှုတော့ ဘယ်ရှိမလဲ။ မလုပ်တာနဲ့စာရင် တော်သေးတာပေါ့။”ဟု ပြော သည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလ၌ ရွှေတူးကုမ္ပဏီများနှင့် ဒီကေဘီအေ တပ်မဟာ (၉၉၉)၊့ (၃၃၃)နှင့် (၆၆၆)လက်အောက်ခံ တပ်ရင်းများသည် ဖာပွန်ခရိုင်အတွင်းရှိ မယ်ကလယ့်လော်ချောင်းတွင် စတင်၍ ရွှေလာရောက်တူးဖော်ခဲ့ရာမှ ဧက ၄၀ဝရှိ လယ်ကွင်း ၈၅ကွင်း ပျက်စီးသွားခဲ့သည်။
၎င်းဒေသခံလူထုများ သီးနှံစိုက်ပျိုး၍ ရောင်းစားသော်လည်း မိမိတို့၏ စားနပ်ရိက္ခာ ဝယ်ယူရန် လုံလောက်မှုမရှိသလို ထိုအခြေ အနေအတွက် မည်သို့ဖြေရှင်းရမည်ကို မစီစဉ်တတ်သေးကြောင်း ဖာပွန်ခရိုင် KNLA တပ်မဟာ(၅)၏ ရုံးထိုင်မှူး ဗိုလ်မှူးစော ကလယ်ဒို့က ပြောသည်။
ဗိုလ်မှူးစောကလယ်ဒို့က “မိုးတွင်းတုန်းက တချို့လယ်ကွင်းတွေဆို တောင်ယာစပါးလို စူးထိုးပြီး စိုက်တာရှိတယ်။ အဲလိုနည်းနဲ့ ပြန်စိုက်တာ လယ်ကွင်းတော့ ၃၀ကျော်တယ်။ ဧကအနေနဲ့တော့ မခန့်မှန်းတတ်ဘူး။ ဒါပေမဲ့ စပါးက သိပ်မသန်ဘူး။ နောက် စပါးပိုးကလည်းကျတော့ ဒေသခံတွေအတွက် စပါးက သိပ်မထွက်ဘူး။ ဒီစားနပ်ရိက္ခာနဲ့ ပတ်သက်ပြီး စိုးရိမ်စရာပဲ။ ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတာတော့ ကျနော်တို့ ဆွေးနွေးဖို့ အစီအစဉ် ရှိတယ်။”ဟု ပြောသည်။
ရွှေတူးကုမ္ပဏီများက လာမည့် ၂၀၁၁ အတွင်း ရွှေလုပ်ငန်းကို ထပ်မံ တိုးချဲ့ရန် ယခုလဆန်းပိုင်းတွင် လာရောက်ဆွေးနွေးမှုကို ဖာပွန်ခရိုင် ကရင်အမျိုးသားအစည်းအရုံး(KNU) က သဘောတူညီမှု မရှိခဲ့ပေ။
လက်ရှိ အဆိုပါဒေသတွင် အင်အား ၂၀၀ကျော်ရှိ စောဘို့လွဲ ဦးဆောင်သည့် နယ်ခြားစောင့်တပ် (၁၀၁၃)တပ်ရင်း လှုပ်ရှား လျှက်ရှိပြီး ရွာသူရွာသားများအား ရိက္ခာသယ်၊ သစ်ခုတ်၊ ဝါးခုတ်နှင့် ဖက်ခုတ်ဖက်ကောက် စသည်တို့ကို လုပ်အားပေးခိုင်းစေ မှုများ ပုံမှန်ရှိသည်ဟု ဒေသခံလူထုများက ဆိုသည်။