Home သတင်း ‌နောက်ဆုံး စက္ကန့်ပိုင်းသို့တိုင်

‌နောက်ဆုံး စက္ကန့်ပိုင်းသို့တိုင်

2637

M.ထက်‌ခေါင်

(၁)

၎င်းတို့ကျင်းပမည့် ‌ရွေး‌ကောက်ပွဲ၌ ၎င်းတို့သာ အနိုင်ရရှိ‌ရေး အဓမ္မလုပ်ရပ်များကို မျက်နှာ‌ပြောင်စွာ လုပ်‌ဆောင်‌နေ‌သော စစ် အုပ်စုက ‌ရွေး‌ကောက်ပွဲနှင့် ပတ်သက်၍ လူထုအကြား ‌ဝေဖန်‌ပြောဆိုခြင်း မပြုရန် အမိန့်ထုတ်လာပြီး လူထုကြားထဲ မ‌ကျေမ နပ် တအုံ‌နွေး‌နွေး ဖြစ်‌နေချိန်၊ ပြီးခဲ့သည့်လ အနည်းငယ်မှစ၍ ဆရာဦးစိန်ဝင်း(လူထု)လို ပုဂ္ဂိုလ်များက နိုင်ငံ‌ရေးနှင့် ပတ်သက် သည့် ‌ဆောင်းပါးများ ‌ရေးသားခြင်းမှ ‌ခေတ္တအနားယူဦးမည်ဖြစ်‌ကြောင်း ‌ကြေငြာထားချိန်၊ အင်တာနက် ဝက်ဘ်ဆိုက်များတွင် မင်းသမီးက အနုပညာနှင့် ပတ်သက်၍ မ‌မေးဘဲ ကိုယ်‌ရေးကိုယ်တာ အစပ်စုလွန်သည့် ဂျာနယ်သတင်း‌ထောက်မကို ပါးရိုက် လိုက်သည့်ကိစ္စနှင့် လူစွာလုပ်လို‌သော စစ်အုပ်စုလက်‌အောက်ခံ စာနယ်ဇင်းအဖွဲ့က ၎င်းတို့ဖြန်‌ဖြေ‌ပေးမှုကို လက်မခံသည့် မင်းသမီးအား ရှုံ့ချသည့်ကိစ္စများအ‌ပေါ် အငြင်းပွားမှုများ၊ စစ်အုပ်စုဝါဒဖြန့် ဇာတ်ကားရိုက်သူ သရုပ်‌ဆောင်များအား ဆန္ဒပြ သည့်ကိစ္စနှင့် ပတ်သက်၍ ကာကွယ်‌ပြောဆို ဆဲ‌ရေးမှုများ စသဖြင့် မ‌ယောင်ရာဆီလူး လုပ်ရပ်များဖြင့် ‌လေ‌နေကြ‌သော ယခု လို အချိန်မျိုးတွင် ဗမာပြည်လွတ်‌မြောက်‌ရေးနှင့် ပတ်သက်၍ တိုက်တွန်းနိုး‌ဆော်မှု ဦး‌ဆောင်လမ်းပြမှုများ အထူးပင် လိုအပ် လျှက်ရှိသည်။

(၂)
စစ်အုပ်စု ဝါဒဖြန့် ‌ပေါ်လစီကားရိုက်‌သော သရုပ်‌ဆောင်အချို့အား ဆဲ‌ရေးရှုံ့ချသည့် ကိစ္စ။ အမှန်‌တော့ ‌ပေါ်လစီများမှာ မဆလ ‌ခေတ်ကတည်းက ဇာတ်ကားတိုင်း မပါမ‌နေရ မထည့်မ‌နေရ ထည့်သွင်းခဲ့ကြရခြင်း ဖြစ်သည်။ မဆလ ချုပ်ကိုင်တည်‌ထောင်ခဲ့ ‌သော ရုပ်ရှင် မြှင့်တင်‌ရေးဇာတ်လမ်းရုပ်ရှင်၊ ဇာတ်လမ်းစိစစ်‌ရေးက ၎င်းတို့ထံ တင်ပြလာသည့် ဇာတ်လမ်းများကို အ‌သေအချာ စိစစ်ကာ အချစ်ဇာတ်လမ်းပင်ဖြစ်‌စေ၊ စုံ‌ထောက်ဇာတ်လမ်းပင်ဖြစ်‌စေ သူ့အ‌ကြောင်းအရာနှင့်သူ ဇာတ်လမ်းရည်ရွယ်ချက်က အစ ‌ပေါ်လစီတခုမျှ မပါ‌သောဇာတ်လမ်းကို ခွင့်မပြု။ တဇာတ်ကားလုံး ရယ်‌နေရသည့် ဟာသဇာတ်လမ်းတွင်း၌ပင် မဆလ၏ ‌ပေါ်လစီ တခုမဟုတ်တခု ထည့်‌ပေးကြရသည်။ ဇာတ်လမ်းတင်စဉ်က ‌ပေါ်လစီ‌တွေ ပါခဲ့ပါလျက် ဇာတ်ကားရိုက်သည့်အခါ ‌ပေါ်လစီထည့်ရန် ကျန်ခဲ့‌သောဇာတ်ကားများကို ရုပ်ရှင်စိစစ်‌ရေး ဆင်ဆာအဖွဲ့ကလည်း ပြန်၍ ဖြည့်စွက်ရိုက်ခိုင်းတတ်ကြ သည်။ ‌ပေါ်လစီ မပါသည့်ကားဟူ၍ မရှိ။ အချို့ အနုပညာရှင်များက ပညာသားပါစွာဖြင့် ‌ပေါ်လစီကို ‌ပေါ်လစီမှန်း မသိလိုက်ရ ‌အောင် ဇာတ်လမ်းအရ ‌ပြောဆိုတင်ပြသွားနိုင်ကြ‌သော်လည်း အချို့က‌တော့ ‌ပေါ်လစီ‌တွေဟာ ‌မေး‌ငေါ့စရာဖြစ်‌လောက်‌အောင် ခပ်ညံ့ညံ့ တင်ပြချက်များဖြင့် သိသာစွာပင် တင်ပြသွားကြသည်။ မဆလ ‌ခေတ်ကလည်းကပင် စိန်‌ဖေတင်တို့ မဆလ စစ်တပ် အတွက် ‌ပေါ်လစီကား ရိုက်ခဲ့ကြသည်။ ‌နောက်‌တော့ လူထုလက်မခံ၍ ‌ဘေး‌ရောက်သွားရသည်။

နဝတ စစ်အုပ်စု‌ခေတ်မှာလည်း ညွှန့်ဝင်း၊ လူမင်း၊ သီဟတင်စိုး၊ ထွန်းအိန္ဒြာဗို၊ မို့မို့မြင့်‌အောင် စသဖြင့် လူထုကြိုက်သည့် သရုပ် ‌ဆောင် အများအပြားပင် ဝါဒဖြန့်ချိ‌ရေး ‌ပေါ်လစီကား ရိုက်ခဲ့ကြရသည်။ သို့ရာတွင် လူထုက ၎င်းတို့အ‌ပေါ် ‌မေတ္တာမပျက်၊ စစ် အုပ်စုလက်‌အောက် အဖိနှိပ်ခံဘဝထဲ အနုပညာဖြင့် အသက်ရှင် ရပ်တည်‌နေထိုင်‌ရေးအ‌ပေါ် အကြပ်ကိုင်မှုများ ပြုလာ‌သော ‌ကြောင့် မရိုက်လိုဘဲ ရိုက်‌ပေးကြရသည်ကို စာနာနားလည်ကြသည်။ ယုတ္တိမရှိ‌သော ပြကွက်များကို ကြည့်၍လည်း ရယ်ကြ သည်။ “‌အော် သူတို့ခမြာ စိတ်မပါဘဲလည်း လုပ်ကြရရှာတယ်”ဟူ၍လည်း နားလည်‌ပေးနိုင်ကြသည်။

နားလည်မှုမရှိသည်မှာ ပြည်ပ‌ရောက် ဒီမိုက‌ရေစီအ‌ရေခြုံ ကိုယ်ကျိုးရှာသမား‌တွေ ဖြစ်သည်။ ပြည်ပမှာ ‌နေလို့ထိုင်လို့‌ကောင်း ‌အောင် ကျ‌နော် ကျမတို့လည်း စစ်အာဏာရှင် ဆန့်ကျင်‌ရေး လုပ်‌နေပါတယ်ဟု အသံ‌ကောင်းဟစ်လိုက်သည့်သ‌ဘော၊ စစ်အာ ဏာရှင်ကို မည်သို့မျှ ထိ‌ရောက်ပီပြင်စွာ ဆန့်ကျင်မှု မပြုနိုင်သည့်အဆုံး ယခင် မင်းသား၊ မင်းသမီး အများအပြား နှစ်‌ပေါင်းများ စွာ ‌ပေါ်လစီကားရိုက်ခဲ့ကြသည်ကို တချိန်လုံး ဆန္ဒမပြဘဲ ယခုမှ အလုပ်မရှိ အလုပ်ရှာသည့်သ‌ဘော၊ အကြံကုန် ဂဠုန်ဆား ချက်သည့်သ‌ဘောဖြင့် အနုပညာသမားငယ်များကို ဆန္ဒပြရှုံ့ချသည်မှာ စစ်အုပ်စုကို ထိုးနှက်တိုက်ခိုက်‌ရေး၊ စစ်အာဏာရှင် ပြုတ်ကျ‌ရေးအတွက် မည်သို့မျှ ထိ‌ရောက်လိမ့်မည် မဟုတ်‌ချေ။

အချို့က မိမိတို့ ယခုလို ဆန္ဒပြရသည်မှာ အနုပညာရှင်များအ‌ပေါ် ပုဂ္ဂိုလ်‌ရေး မုန်းတီး၍ မဟုတ်‌ကြောင်း၊ အားနာပါးနာနှင့်ပင် ဆန္ဒပြရခြင်းဖြစ်‌ကြောင်း၊ စစ်အုပ်စုကို ဆန့်ကျင်သည့်အ‌နေဖြင့် ပြရခြင်းဖြစ်‌ကြောင်း၊ အချို့အနုပညာရှင်များကလည်း စစ်အုပ်စု ၏ ‌ပေါ်လစီကားများ ‌နောက်‌နောင် မရိုက်‌တော့ဟု ကတိပြုသွား‌ကြောင်း ဤသို့ဆန္ဒပြသည်ကို ပြည်တွင်းက အနုပညာရှင်များ လည်း ပြန်လည်ကြားသိကြမည်ဖြစ်ပြီး စစ်အုပ်စု၏ ‌ပေါ်လစီကားကို ရိုက်‌ပေးလျှင် ဤသို့ကြုံရနိုင်‌ကြောင်း သင်ခန်းစာရရှိသွား ကြမည်ဖြစ်၍ စစ်အုပ်စုက ‌ပေါ်လစီကားရိုက်ရန် ‌ပြောဆိုလာပါက ‌ခေါင်းကိုက်သည်၊ ဗိုက်နာသည် ဟိုဟိုသည်သည် အ‌ကြောင်းပြ ငြင်းဆိုနိုင်ကြမည်ဖြစ်‌ကြောင်း ၎င်းတို့၏ မစို့မပို့ တထွာတမိုက်ဉာဏ်က‌လေးများဖြင့် ‌ပြောဆိုကြသည်။ ‌နောက် ‌နောင် မရိုက်‌တော့ပါ ဟူ‌သောစကားမှာ အပိုစကားသာ ဖြစ်သည်။ မည်သည့်သရုပ်‌ဆောင်ကမျှ ထိုသို့ ‌ပြောနိုင်မည်မဟုတ်။ ‌ပြောသွားလျှင်လည်း ထိုစကားအတိုင်း တည်နိုင်လိမ့်မည် မဟုတ်။ စစ်အုပ်စု ကြီးစိုးချုပ်ကိုင်မှု‌အောက် ‌ရောက်‌နေသူများအ‌နေ ဖြင့် စစ်အုပ်စု၏ မက်လုံး‌ပေး ‌သွေး‌ဆောင်ဖြား‌ယောင်းမှု၊ ဒုက္ခ‌ပေး အနိုင်ကျင့်ခြိမ်း‌ခြောက်မှုများကို မည်မျှအထိ ငြင်နိုင်၊ ‌တောင့် ခံနိုင်ကြမည်နည်း။

အခွန်အတုပ်မှအစ ‌နေထိုင်လုပ်ကိုင်မှုအဆုံး အမျိုးမျိုး‌သော အ‌နှောက်အယှက်‌ပေးမှုများ၊ ရုပ်ရှင်ကုမ္ပဏီ‌တွေ၊ စတိတ်ရှိုးပွဲသွင်း သူ‌တွေကို ထိုသရုပ်‌ဆောင်များနှင့် မရိုက်ရန် မဖိတ်‌ခေါ်ရန် ပိတ်ပင်မှုများ၊ ထိုသရုပ်‌ဆောင်များနှင့် ရိုက်သည့်ဇာတ်ကားများကို အ‌ကြောင်းအမျိုးမျိုးရှာကာ ဟန့်တာမှု၊ ၎င်းတို့လက်‌အောက် ဌာနအသီးသီးက ထိုသရုပ်‌ဆောင်များ ပါဝင်သည့် ဇာတ်ကားများ ကို ထုတ်လုပ်မှု ‌နှောင့်‌နှေး‌အောင် ပညာပြမှုများဖြင့် ရုပ်ရှင်‌လောကနှင့် ကင်းကွာသွား‌အောင် လုပ်ကြလိမ့်မည် ဖြစ်သည်။ ကို‌ကျော်သူကို ကူညီသည့် အနုပညာရှင်‌လေးဦးမှာလည်း ၎င်းတို့၏ အနုပညာလုပ်ငန်းများ ပိတ်ပင်ခံကြရသည်။ စစ်အုပ်စုကို ပြုတ်‌အောင် မလုပ်နိုင်ဘဲ အနုပညာသည်‌တွေကို ကန့်သတ်တားမြစ်ချင်၍ မရ။ စစ်အုပ်စုလက်‌အောက် လှုပ်ရှား‌နေကြရသည့် အနုပညာရှင်များကို ဖက်ခွက်စားဟု ဆဲ‌ရေးသူ‌တွေလည်း ရှိသည်။ ထိုသူ‌တွေမှာ မိယုတ်နုတ်ကြမ်း ဆိုသကဲ့သို့ ၎င်းတို့၏ ပညာ မဲ့မှု၊ အမျိုးယုတ်မှုကို နှုတ်အားဖြင့် ‌ဖော်ပြ‌နေခြင်း ဖြစ်‌လေသည်။

အမှန်‌တော့ ဖက်ခွက်စားဟူ‌သော အသုံးအနှုန်းသည် ‌ခေတ်မရှိ‌တော့‌ချေ။ ဥယျာဉ်‌တော်ထဲ ‌ပျော်ပွဲစားထွက်ပြီး သဘင်ခင်း ကျင်းရာတွင် မြစိမ်းဖက်နှင့် ပွဲ‌တော်တည်‌သော ဘုရင်က အနုပညာသည်များကို ချီးမြှင့်‌မြှောက်စား‌သောအားဖြင့် သူစား‌နေ သည့် ငှက်‌ပျောဖက်များဖြင့် သူ့လိုပင် စား‌စေသည်ကို မနာလို၊ မရှုစိမ့်နိုင်‌သော မင်းမှုထမ်း‌ကျေးကျွန် အချို့က မလိုတမာ ‌ပြောဆိုခဲ့ရာမှ ဆင်းသက်လာသည့်စကားဖြစ်‌ကြောင်း စာဖတ်တတ်သူတိုင်း ကြားသိဖူးကြမည် ဖြစ်သည်။ ထိုစကားကို မကြား သိဖူး‌လောက်‌အောင် ‌လေ့လာမှု ညံ့ဖျင်းသူများသာ မလိုတမာ သ‌ဘောထားဖြင့် ထိုအသုံးအနှုန်းကို သုံးခြင်းဖြစ်သည်။ ကိုယ် တိုင်က ဝါသနာက‌လေးပါပြီး လုပ်ချင်တတ်ချင်‌သော်လည်း စာ‌ပေ၊ ပန်းချီ၊ ဂီတ၊ သုခုမ အနုပညာရှင်များ၏ ‌အောင်မြင်မှု၊ ‌ငွေ ‌ကြေးကြွယ်ဝချမ်းသာမှု၊ ကြီးကျယ်ထင်ရှားမှုတို့ကို မတုပနိုင်၊ လိုက်မမှီနိုင်ကြသူများအ‌နေဖြင့် အနုပညာသည်များကို ဆဲ‌ရေး ကာ လူစွာလူတတ် လုပ်လိုကြသည့်အဖြစ်များမှာ ယခင် ရာစုနှစ်၊ ‌ထောင်စုနှစ်များကတည်းက ကမ္ဘာအရပ်ရပ်မှာ ‌ပေါ်ခဲ့ပြီး ဖြစ် သည်။ လူအများက လက်မခံ၊ ရွံရှာကြ‌သော‌ကြောင့် ထိုသူ‌တွေ၏ အမည်နာမများမှာ ကမ္ဗည်းထိုးခြင်း မခံရ‌ချေ။ သိက္ခာရှိ ‌သော ပုဂ္ဂိုလ်ကြီးများက ၎င်းတို့စကားကို အရာလုပ်ကာ နှုတ်တုံ့ပြန်မှု မပြုကြ‌သော်လည်း ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်ကာ စွာကျယ်‌နေ‌သော ၎င်းတို့အား အနည်းငယ် နှိပ်ကွပ်‌ပေးဘို့‌တော့ လိုအပ်သည်။

စစ်အုပ်စုလက်‌အောက် အနုပညာသည်များ၏ အသုံးချခံဘဝကို အမှန်အတိုင်း သိမြင်ကြရမည်။ တကယ်တမ်း တိုက်ရိုက် တိုက်ခိုက်ရမည့်သူသည် စစ်အုပ်စုသာဖြစ်‌ကြောင်း နားလည်ကြဖို့ လိုသည်။ တုတ်ဆိုသည်မှာ သက်မဲ့ပစ္စည်း ဖြစ်သည်။ သက်ရှိသူ၏ အသုံးချခံဘဝမှာသာ ရှိ‌နေသည်။ တုတ်နှင့် ရိုက်‌သော‌ကြောင့် တုတ်ကို ကိုက်သည်မှာ ‌ခွေး၏ အ‌တွေးအ‌ခေါ်၊ အကျင့်အကြံသာ ဖြစ်၏။ ကျားလို၊ ခြ‌သေင့်္လို အကျင့်အကြံရှိသူများအ‌နေဖြင့်မူ တုတ်ကို ကိုက်မည် မဟုတ်ဘဲ တုတ်နှင့်ရိုက်သူ ကိုသာ ခုန်အုပ်မည်ဖြစ်သည်။

စစ်အုပ်စုက‌တော့ ‌ရေလိုက်လွဲ‌နေ‌သော သ‌ကောင့်သားများကို ကြည့်ကာ ပက်လက်ကုလားထိုင်မှာ ‌ကျောမှီထိုင်ရင်း မထီတရီ ပြုံးလျှက် ဒူး‌ခေါင်းလှန် ယပ်ခတ်ပြီး ‌လေက‌လေးတချွန်ချွန် လုပ်‌နေ‌ပေလိမ့်မည်။

နိုင်ငံခြားတိုင်းပြည်များမှာ ‌ရောက်‌နေသူ‌တွေ အချင်းချင်း မညီမညွှတ် ဖြစ်‌နေ၏။ ‌ရေတို‌ရေရှည် ပ‌ရောဂျက်များ လိမ်တင်ကာ စားခွက်‌တွေ လုကြသည်။ ရန်သူ့သူလျှို‌တွေလည်း အဖွဲ့အစည်း‌တွေထဲမှာ ဝင်‌ရောက် တွင်ကျယ်လျှက်ရှိသည်။ အချိန်ကုန် လူပန်းပြီး တဦးအ‌ပေါ်တဦး အမုန်းပွား‌စေကာ တိုက်ရမည့် ရန်သူ‌ပျောက်‌စေ‌သော ဆန္ဒပြပွဲများကို ဦး‌ဆောင်သူများတွင် ရန်သူ့ သူလျှို‌တွေက ထိပ်တန်းမှ ပါဝင်၏။ ရန်သူကို ဆန့်ကျင်‌နေသူချင်း မဟာမိတ် မပြုနိုင်သူ‌တွေ၊ အဖွဲ့အစည်းနှင့် ကင်းကွာပြီး ကိုယ်‌ရေးကိုယ်တာကိစ္စများဖြင့် နစ်မွန်း‌နေသူ‌တွေ၊ အင်တာနက်ထဲ တဦးနှင့်တဦး ငယ်ကျိုးငယ်နာ‌တွေ‌ဖော်ကာ ပြိုင်ဆိုင် ဆဲ‌ရေး‌နေသူ‌တွေ၊ ဒီမိုက‌ရေစီ‌ရေး စွမ်းစွမ်းတမံ ‌ဆောင်ရွက်‌နေသူများကို ရန်လုပ်‌နေကြသူ‌တွေ နိုင်ငံခြားမှာ ပြည့်‌နေ၏။

(၃)
သံရုံးဝန်ထမ်းက ‌ဒေါ်‌အောင်ဆန်းစုကြည်ပုံနှင့် ပန်းစည်းကို ‌ခြေ‌ထောက်နှင့် ကန်လိုက်ကိစ္စ၊ တကယ်တမ်း ‌ဆော်ရမည့်‌နေရာ တွင် မ‌ဆော်။ ဆန္ဒပြသည့်အုပ်စုထဲက တ‌ယောက်မှ ထွက်မတိုးကြတာ ဖယ်ထား၊ ဗွီဒီယိုရိုက်ထားသည့် ထိုပုံကို သက်ဆိုင်ရာ အစိုးရထံ မိမိတို့ အ‌စော်ကားခံရမှုအဖြစ် ထိုက်သင့်သလို အ‌ရေးယူ‌ဆောင်ရွက်‌ပေးရန် တင်ပြ‌တောင်းဆိုမှု မပြုခဲ့ကြ။ ဘာသတင်းမျှလည်း ဆက်မကြားကြရ။

စွမ်းအားမြှင့်စစ်သည်‌တော်တို့ တ‌ကျော့ပြန်‌ပေါ်လာသည့် ကိစ္စအ‌ပေါ်တွင်လည်း မည်သူမျှ အ‌ရေးတယူ ‌ဆွေး‌နွေးမှု၊ အား‌ပေးမှု ‌တွေကို မ‌တွေ့ရ‌ချေ။ ချသူ‌တွေ ချ‌နေသည့်အချိန်တွင် ‌ကြောက်တတ်သူ‌တွေမှာ ၎င်းတို့ ‌ကြောက်စိတ်‌အောက် နစ်မွန်းပိပြား‌နေ ကြပြီလားဟု ‌တွေးစရာပင်ဖြစ်သည်။ စစ်အုပ်စုကို တကယ်တမ်း ထိ‌ရောက်စွာ ဆန့်ကျင်လိုပါက စွမ်းအားမြှင့် စစ်သည်‌တော်တို့ နှင့် ပူး‌ပေါင်းသင့်၏။ လိုအပ်သမျှ အားဖြည့်ကူညီကြရမည်ဖြစ်သည်။

တကယ်‌တော့ နိုင်ငံခြား‌ရောက်‌နေသူများလည်း နိုင်ငံခြားအ‌လျောက် ထိ‌ရောက်စွာ လုပ်နိုင်သည်။ သတ္တိရှိသူ‌တွေက‌တော့ တကယ်ပင် လုပ်ကြ၏။ တ‌လောက ဩစ‌တြေးလျားမှာ ပညာသင်ကာ ‌မောက်မာ‌နေသည့် နအဖ စစ်ဗိုလ်၏ သမီးကို ဩစ ‌တြေးလျားမှ နှင်ထုတ်‌အောင် ‌ဒေါက်တာမြင့်ချိုတို့ လုပ်နိုင်ခဲ့သည်။ နိုင်ငံခြား‌ရောက် တိုင်းရင်းသားအချို့နှင့် မြန်မာအချို့ အသတ်ခံကြရတာ၊ အ‌စော်ကားခံကြရတာ‌တွေ ရှိသည်။ မိမိတို့အချင်းချင်း ညီကြရမည်ဖြစ်ပြီး ရန်သူက လွှတ်ထားသူများကို လည်း နည်းလမ်းအမျိုးမျိုးဖြင့် ရှင်းပစ်နိုင်ရမည်ဖြစ်သည်။ ကိုယ်က မရှင်းနိုင်ပါက ကိုယ်သာ အ‌နှေးနှင့်အမြန် အရှင်းခံရမည် ဖြစ်သည်။

‌ဒေါက်တာလွဏ်း‌ဆွေ ဘ‌လော့ဂ်တွင် အက်စစ်၏‌ဆောင်းပါးကို ဖတ်လိုက်ရသည်။ အက်စစ်ကို ပြီးခဲ့သည့် သကြင်္န်တွင်း ဗုံး ‌ဖောက်ခွဲမှုနှင့် ပတ်သက်‌သော ‌ဆောင်းပါးကို ဖတ်လိုက်ရကတည်းကပင် လူထုဘက်က ရပ်တည်တတ်‌သော တိုးတက်‌သော အမြင်ရှိသည့် လူတဦးမှန်း အသိအမှတ်ပြုခဲ့သည်။ မည်သည့်သတင်းဌာနကမျှ ကြိုတင်သုံးသပ်ချက် မပြုနိုင်‌သေးမီ စစ်အုပ်စု ဝင်အချင်းချင်း လုပ်ကြံကြသည့်သ‌ဘော၊ ကိုယ်လုပ်ခဲ့သည့် အကုသိုလ်‌တွေ၏ အကျိုးဆက်ကို ခံရခြင်းဖြစ်‌ကြောင်း ‌တွေးဆ ဆင်ခြင်မှုဖြင့် ‌ဖော်ပြထားသည်မှာ လက်ခံနိုင်ဖွယ်ဖြစ်သည်။ ယခု ‌ရေးလိုက်သည့် ‌ဆောင်းပါးက‌တော့ ပို၍ပင် စကားအသုံးအ နှုန်း ‌ပြေပြစ်မှုရှိပြီး ဝါကျတိုင်း ထိ‌ရောက်သည့် စကားလုံးများ၊ အများအကျိုးကို ‌မျှော်ရည်၍ ‌စေတနာ‌ကောင်းနှင့် ‌ထောက်ပြ‌ရေး သားတင်ပြမှုများကို ‌တွေ့မြင်ကြရသည်။ လူထု‌ခေါင်း‌ဆောင်များ တကယ်တမ်း လုပ်‌ဆောင်သင့်သည့် လမ်း‌ကြောင်းကိုလည်း ပြသထားသည်။

လူထုအကျိုး ‌စေတနာ‌ရှေ့ထားလျှက် အချိန်မ‌ရွေး ဒုက္ခ‌ပေးနိုင်‌သော စစ်အုပ်စု၏ အန္တရာယ်ကို မ‌ကြောက်ဘဲ ပြည်တွင်းမှာပင် ‌နေထိုင်ကာ ပြည်သူလူထု၏ လူ့အခွင့်အ‌ရေးအတွက် ထက်မြက်‌သော စကားလုံးများဖြင့် ခိုင်ခိုင်မတ်မတ် ရပ်တည်‌ဆောင်ရွက် ‌နေသည့် ‌ရှေ့‌နေကြီးဦး‌အေးမြင့်ကို ဝိုင်းဝန်းတိုက်ခိုက်ကြ‌သော ဒီမိုကရက်တစ် အ‌ရေခြုံများကိုလည်း သတိ‌ပေးရှုံ့ချထားသည်။ ဦး‌အေးမြင့်၏ အပင်ပန်းခံ ‌စေတနာ‌ရှေ့ထား ‌ဆောင်ရွက်မှုများမှာ အ‌တော်ပင် ထိ‌ရောက်‌အောင်မြင်၏။ ခုခံအား ကျဆင်းမှု ‌ရောဂါအတွက် မဖြူဖြူသင်း၊ နာ‌ရေးကိစ္စအတွက် ကို‌ကျော်သူတို့လိုပင် လယ်သမားအ‌ရေး၊ က‌လေးစစ်သားအ‌ရေးနှင့် လူ့အခွင့် အ‌ရေး ချိုး‌ဖောက်‌စော်ကားခံရမှုများအတွက် ဦး‌အေးမြင့်ဟူ၍ အားကိုးအားထားပြုစရာ မဏ္ဍိုင်ကြီးတခုအဖြစ် လူထုရင်ထဲ ကမ္ဗည်းထိုးခံ‌နေရပြီး ဖြစ်‌လေသည်။

တတိယနိုင်ငံ‌တွေထွက်၊ အုပ်စုဖွဲ့ကာ ပ‌ရောဂျက်‌တွေ လိမ်တင်၊ ညာဝါးလုပ်‌နေကြ‌သော ဒီမိုကရက်တစ် အ‌ရေခြုံများ၊ ရန်သူ့ ဒလံများမှာ အက်စစ်၏ ‌ဆောင်းပါး‌ကြောင့် မ‌နေနိုင်၊ မထိုင်နိုင် ကမူးရူးတိုး အိုးနင်းခွက်နင်း‌တွေ ဖြစ်ကုန်ကြသည်။ အ‌တွေးအ ‌ခေါ်၊ အသိပညာ ကင်းမဲ့ကြ‌သော ထိုသူများမှာ ၎င်းတို့၏ ဆရာသခင် မဆလ နဝတများ သုံးနှုန်း‌လေ့ရှိ‌သော အလွန်ပင် ‌အောက်ကျသည့် အသုံးအနှုန်းများဖြင့် ကြိမ်းဝါးခြိမ်း‌ခြောက်ကာ ယာဟူးအုပ်စု အီး‌မေးလ်များသို့ ပို့လာကြသည်။ မှန်ကန်‌သော မူဝါဒကို ဆုပ်ကိုင်ကာ သိက္ခာရှိစွာ ရပ်တည်‌နေ‌သော ဘ‌လော့ဂ်များသို့ ၎င်းတို့၏ စာမူများကို ပို့‌သော်လည်း အဆင့်အတန်း မရှိ ‌သော‌ကြောင့် ‌ဖော်ပြ‌ပေးခြင်း မခံကြရ။ လူထုဘက်က ရပ်တည်‌သော ဘ‌လော့ဂ်များမှာ အက်စစ်၏ ‌ဆောင်းပါးများကို ကြိုဆို ကြမည်သာ ဖြစ်‌လေသည်။

(၄)
ယခုအချိန်က အ‌ရေးကြီး‌နေချိန်ဖြစ်သည်။ စစ်အုပ်စု၏ ဝါဒဖြန့်ချ‌ရေး သတင်းမီဒီယာ ဘ‌လော့ဘ်‌တွေက စစ်အုပ်စု၏ အပြစ်အ နာအဆာများကို ကာကွယ်ဖုံးဖိကာ ပြည်တွင်းပြည်ပ အတိုက်အခံ ဆန့်ကျင်ဘက် အဖွဲ့အစည်းများအား ပုတ်ခတ်‌ဝေဖန် ထိုး နှက်ခြင်းများ တွင်တွင်လုပ်လျှက်ရှိပြီး ၎င်းတို့ ကျင်းပမည့် နိုဝင်ဘာ ‌ရွေး‌ကောက်ပွဲအတွင်း ပြိုင်ဘက်မရှိ အနိုင်ရနိုင်‌ရေး လုံး ပမ်း‌နေချိန်၊ ၎င်းတို့ အနိုင်မရနိုင်‌သော တိုင်းရင်းသားအဖွဲ့အစည်းများ၏ နယ်‌မြေတွင် ‌ရွေး‌ကောက်ပွဲများ ကျင်းပမည်မဟုတ်ဘဲ တိုင်းရင်းသားတို့ကို ‌ရွေး‌ကောက်ပွဲ မတိုင်မီ ထိုးနှက်‌ချေမှုန်းရန် ပြင်ဆင်လာမှုများကို ‌တွေ့ရသည်။ ကရင်ပြည်နယ်အတွင်း လစဉ်လတိုင်း အပတ်စဉ် အပတ်တိုင်း တိုက်ပွဲ‌တွေ ဖြစ်‌နေ၏။ ကချင်ကိုလည်း အကြီးအကျယ် ထိုးစစ်ဆင် ‌ချေမှုန်းရန် ယခင် လများကတည်းက မီစိုင်းဒုံးကျည်များ ပို့ထားခဲ့ပြီး ဖြစ်၏။

တရားဥပ‌ဒေ နည်းလမ်းအတိုင်း ‌အေး‌ဆေးစွာ ‌ဆောင်ရွက်လို‌သော ကချင်ကို ပြီးခဲ့သည့်လက လက်နက်ချခိုင်းခဲ့သည်။ ယခုမူ လက်နက်ချမည် ဆိုလျှင်ပင် လက်မခံ‌တော့ဟု စစ်အုပ်စုဝန်ကြီး သိန်းစိန်က ကြုံးဝါးခြိမ်း‌ခြောက်လာ၏။ ကချင်အ‌နေဖြင့် နဝတ အ‌ပေါ် လုံးဝ အမြင်ပြတ်သားဖို့ရန် လိုအပ်သလို မ‌ကြောက်မရွံ့ ပြန်လည်တိုက်ခိုက် ‌အောင်ပွဲခံနိုင်ရန်အတွက် စစ်‌ရေးအစီအ စဉ်များ စတင်သင့်ပြီ ဖြစ်၏။

ကိုယ့်နယ်‌မြေထဲ ကျူး‌ကျော်ပစ်ခတ်လာချိန်အထိ ‌စောင့်မ‌နေဘဲ ကချင်လည်း ကချင်အ‌လျောက်၊ ဝလည်း ဝအ‌လျောက်၊ ရှမ်း လည်း ရှမ်းအ‌လျောက်၊ ချင်း၊ ရခိုင်၊ မွန်၊ ကရင်နီ၊ ကရင်တို့ကလည်း ၎င်းတို့‌ဒေသအ‌လျောက် ‌နေရာတိုင်းက တိုက်ပွဲဝင်လိုက် ကြပြီဆိုလျှင် မကြာမီ ‌ပေါ်‌ပေါက်လာ‌တော့မည့် လူထုအုံကြွမှုကြီးကိုပါ အားဖြည့်‌ပေးလိုက်သလို ဖြစ်သွား‌ပေလိမ့်မည်။

စစ်အုပ်စုက ၎င်းတို့သာ အနိုင်ရ‌အောင် နည်းမျိုးစုံဖြင့် လုပ်ယူကြမည်ဖြစ်၏။ ‌ရွေး‌ကောက်ပွဲထဲ ဝင်‌ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်များအ‌နေဖြင့် စစ်အုပ်စု၏ ဟန်ပြသ‌ဘော အနိုင်‌ပေးမှု အနည်းငယ်က‌လေးကိုသာ ရရှိနိုင်ပြီး အများစုအ‌နေဖြင့်မူ အဖက်ဖက်မှ ဖိနှိပ်မှုများ‌အောက် ပိပြားလွင့်ပါးသွားကြရမည်သာ ဖြစ်သည်။ စစ်အုပ်စုကို စစ်ရာဇဝတ်ခုံရုံး၌ စွဲချက်တင်နိုင်‌ရေး ကမ္ဘာ့နိုင်ငံအများအပြားက ဝိုင်းဝန်း‌ထောက်ခံ‌နေသည့်တိုင် ဒီမိုက‌ရေစီကြီးဖြစ်‌သော အ‌မေရိကန်က‌တော့ ‌ရွေး‌ကောက်ပွဲ မတရားမှန်းသိ‌ပေမဲ့ ‌ရွေး‌ကောက်ပွဲအပြီး ထွက်‌ပေါ်လာမည့် အစိုးရနှင့် ဆက်လက် ဆက်ဆံသွားရန် ပြင်ဆင်မှုများ လုပ်‌နေပြီ ဖြစ်၏။ တရုတ်၊ ရုရှား၊ အိနိ္ဒယတို့ကမူ ဆိုဖွယ်မရှိ။

ဒီမိုက‌ရေစီကို ရနိုင်သ‌လောက် အ‌ပေါက်က‌လေးက‌နေ ရနိုင်သမျှပဲယူကာ ‌နောက်ထပ် ‌ရွေး‌ကောက်ပွဲသက်တမ်း ‌လေးငါးဆယ် ခါ၊ နှစ်ကာလအားဖြင့် ၂၀-၃၀-၄ဝအထိ ‌စောင့်ပြီး တဖြည်းဖြည်းလုပ်ယူ၍ ရနိုင်မည်လား။ ၎င်းတို့အုပ်ချုပ်‌ရေးအတွင်း လွှတ် ‌တော်နှင့် စစ်အုပ်စု တသီးတခြားဖြစ်ပြီး အတွင်းမှ အုံကြွတွန်းလှန်လာသည့်အချိန်အထိ ‌စောင့်ကြမည်လား။ ‌တော်လှန်‌ရေး၏ အဓိပ္ပါယ်မှာ အကုန်အစင် ‌ပြောင်းလဲမှုလုပ်ခြင်းဖြစ်၏။ အားလုံး အမြစ်က လှန်ပစ်ကာ ‌ပြောင်းလဲမှုလုပ်ကြရမည် ဖြစ်သည်။ ရန်သူလှုပ်ရှားသမျှ ‌နောက်လိုက်ကာ ရန်သူ့ဘက်သား ဒလံများ၏ ဦး‌ဆောင်မှု‌နောက်၊ ပိုစတာကိုင်၊ လက်သီးလက်‌မောင်း တန်း၊ ဆန္ဒပြလိုက် ကန့်ကွက်လိုက်ဖြင့် ‌ငွေကုန်သံပြာ အချိန်ဖြုန်း‌နေ၍ မဖြစ်။ လူထု‌အောင်ပွဲရရှိ‌ရေး စက္ကန့်တိုင်း ကြိုးပမ်းလှုပ် ရှားမှုဖြင့် အသက်ရှူကြရမည့် အချိန်ဖြစ်၏။ ထိ‌ရောက်စွာ ဦး‌ဆောင်မည့်‌နောက် လူထုကလိုက်ဖို့ရန် အသင့်ရှိ‌နေပြီဖြစ်၏။ အဲန်အယ်လ်ဒီအ‌နေဖြင့် ချက်ချင်းလက်ငင်း အစိုးရဖွဲ့ရုံမျှဖြင့် မပြီး။ အစိုးရဖွဲ့လိုက်သည်နှင့် ကမူးရှူးတိုးဖြစ်ကာ မင်းမဲ့စရိုက် ဖန်တီးရမ်းကားလာမည့် စစ်အုပ်စုကို ‌တော်လှန်‌သော လူထုအင်အားဖြင့် အလျင်အမြန် ဖယ်ရှားသုတ်သင်‌ရေး ဦး‌ဆောင်ဖို့ပါ လိုအပ်‌နေပြီဖြစ်‌လေသည်။