အောက်တိုဘာလ ၂ရက်။ စောခါးစူးညား (ကေအိုင်စီ)
နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင်သည် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ ယနေ့မနက် ၁ဝနာရီကျော်တွင် ချစ်ကြည်ရေးခရီးစဉ်ထွက်သည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဇနီးသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၆ရက်တွင် အိန္ဒိယနိုင်ငံသို့လည်းကောင်း၊ စက်တင်ဘာလ ၄ရက်နေ့တွင် တရုတ်နိုင်ငံသို့လည်းကောင်း ၅ရက်တာ ချစ်ကြည်ရေးခရီးစဉ် ထွက်ခဲ့ပြီးနောက် လာအိုနိုင်ငံ သမ္မတ မစ္စတာ ကျူမာလီဆိုင်ညဆွန်၏ ဖိတ်ကြားချက်အရ ယခုလို ထပ်မံခရီးထွက်ခဲ့ခြင်းဖြစ်သည်။
လာအိုနိုင်ငံသည် သေးငယ်ပြီး အရှေ့တောင်အာရှ (အာစီယံ)နိုင်ငံများတွင် ဩဇာရှိသည့်နိုင်ငံမဟုတ်သည့်အတွက် ယခုခရီး သည် မြန်မာနိုင်ငံအတွက် အလွန်အရေးပါသည့် ခရီးစဉ်မဟုတ်ကြောင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်အခြေစိုက် နိုင်ငံရေး လေ့လာ သုံးသပ်သူ ကိုအောင်သူငြိမ်းက ကေအိုင်စီကို ပြောသည်။
သူက “ရွေးကောက်ပွဲ ကျင်းပမယ် လုပ်ပြီးတော့မှ ဒီကြားထဲမှာ ခရီးတွေ ပိုထွက်လာတာဟာ ထူးခြားတယ်လို့တော့ ပြောလို့ ရ တယ်။ အခု ခရီးစဉ်က နှစ်နိုင်ငံ ချစ်ကြည်မှုတို့၊ ကူးသန်းရောင်းဝယ်ရေးတို့တော့ ပြောတာပဲ။ ဒါပေမဲ့ တရုတ်နဲ့ အိနိ္ဒယလောက် တော့ သိပ်ထူးထူးခြားခြားတော့ အကျိုးရှိမယ့်ပုံ မပေါ်ပါဘူး။”ဟု ပြောသည်။
ဆက်လက်၍ သူက “ဗမာနဲ့ လာအိုဟာ စီးပွားရေးအကျိုးတူ စာရွက်စာတမ်း ၃၀ကျော် လုပ်ထားတာရှိတယ်။ တကယ်တော့ သူတို့နှစ်ဦးက နယ်စပ်ကုန်သွယ်ရေးအရလည်း သိပ်မရှိဘူး။ နှစ်နိုင်ငံ စီးပွားရေး ဆက်သွယ်မှုအရလည်း သိပ်မရှိဘူး။ ဒါပေ မယ့် မဲခေါင်မြစ်မှာ သူတို့ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားဆောက်ဖို့ ရှိတယ်လို့ ပြောတာပဲ။ ဘယ်တော့လည်းတော့ မသိဘူး။ နောက်တခုက မဲခေါင်မြစ်ဝှမ်းမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့၊ လူကုန်ကူမှုတိုက်ဖျက်ရေးတို့ အဲလိုကိစ္စမျိုးတော့ ရှိမယ်။” ဟု သုံးသပ်ပြောဆိုသည်။
စစ်အစိုးရက ပြည်သူလူထုနှင့် ညှိနှိုင်းဆွေးနွေးခြင်း မရှိသည့်အပြင် စစ်အုပ်စုအတွင်းမှာပင် အသိပေးခြင်း မရှိဘဲ တရုတ်ယွမ် ငွေ သန်းပေါင်း ၃၄၆တန်ဖိုးရှိသော သတ္ထုတွင်းများကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ရက်နေ့၌ တရုတ်နိုင်ငံအား ရောင်းချပေး ခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်ထွက်ကာ တရုတ်အစိုးရကလည်း ၎င်းတို့၏ပြည်သူ ထောက်ခံမှုမပါဘဲ စက်တင်ဘာလ ၂၂ရက်နေ့တွင် နအဖ စစ်အစိုးရကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၄,၂၀ဝ ထုတ်ချေးပေး ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အိနိ္ဒယခရီးစဉ်၌လည်း စီးပွားရေးနှင့် ပတ်သက်သည့် စာချွန်လွှာ အများအပြားကို ချုပ်ဆို နိုင်ခဲ့သည်။ နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသည် လာအိုနိုင်ငံသို့ အလားတူ ချစ်ကြည်ရေး ခရီးစဉ်မျိုးကို ၁၉၉၄ ခုနှစ် တွင် သွားရောက်လည်ပတ်ခဲ့ပြီးဖြစ်သည်။


















