ဇူလိုင်လ ၂၂။ စောသိန်းမြင့်(ကေအိုင်စီ)
နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန် နအဖမှ စစ်ဖက်ရေးရာလုံခြုံရေး ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ကြီးရဲမြင့်၏ ကမ်းလှမ်းချက်အား ဒီကေဘီအေ တပ်မဟာ(၅)မှ တပ်မဟာမှူး ဗိုလ်မှူးကြီးစောလားပွယ် (ဗိုလ်နှုတ်ခမ်း မွှေး)က ငြင်းဆန်လိုက်သည်ဟု ၎င်း၏ လက်အောက်ခံ တပ်မှူးများ၏ ပြောပြချက်အရ သိရသည်။
အမည်မဖော်လိုသူ တပ်မှူးတစ်ဦးက “မနေ့က ညနေ ၄နာရီကျော်ကျော်လောက်မှာ ဗိုလ်ချုပ်ရဲမြင့်ကိုယ်တိုင်က အဖိုး (စော လားပွယ်)ဆီကို တိုက်ရိုက်ဖုန်းဆက်လာတယ်။ အကြောင်းက နယ်ခြားစောင့်တပ်ကူးပြောင်းရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ မြိုင်ကြီးငူမှာ ဒီနေ့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတာပါ။ ဒါပေမယ့် အဖိုးကြီးကတော့ လုံးဝ မသွားဘူး။ သွားဖို့လည်း အ ကြောင်းမရှိဘူးလို့ပဲ တုန့်ပြန်ဖြေကြားလိုက်တယ်”ဟု ကေအိုင်စီကို ပြောသည်။
ပြီးခဲ့သည့်အပတ်က ဒီကေဘီအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကျော်သန်းကိုယ်တိုင် နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကိစ္စ နှင့် ပတ်သက်၍ ဗိုလ်လားပွယ် စခန်းရှိရာ ကော့ကရိတ်မြို့နယ်၊ ဝေါ်လေဂွင်သို့ လာရောက်၍ နားချဆွေးနွေးခဲ့သော်လည်း မ အောင်မြင်ခဲ့သည့်အတွက် ယခုလို ဗိုလ်ချုပ်ရဲမြင့်ကို်ယ်တိုင်က ကမ်းလှမ်းလာခြင်းဖြစ်နိုင်ကြောင်း ၎င်းတပ်မှူးက ပြောသည်။
ယခုအချိန်တွင် ဒီကေဘီအေ တပ်မဟာ(၅) ကလို့ထူးဘောဗျူဟာမှလွဲ၍ ဗဟိုအလုပ်မှုဆောင်များ အပါအဝင် ကျန်တပ်မဟာ အားလုံးသည် နယ်ခြားစောင့်တပ်အသွင်ကူးပြောင်းရေးကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး လက်မှတ်ရေးထိုးရန် အကြိမ် ကြိမ် ငြင်းဆန်နေသော ဗိုလ်လားပွယ်၏ တပ်ဖွဲ့အား စစ်ရေးအရ ခြိမ်းခြောက်မှုများ လုပ်ဆောင်နေသည်ဟု သိရသည်။
“ဗဟိုက လူကြီးတွေရယ်။ ကျန်တဲ့ တပ်မဟာ၊ တပ်ရင်းတွေ အကုန်လုံးက အဆင်ပြေနေပြီ။ အခု ကျနော်တို့ ကလို့ထူးဘော ဗျူဟာပဲ လက်မခံတဲ့အတွက် နအဖက တပ်မ ၂ခုလောက် လွှတ်ပေးရမလား၊ ဘာညာ ခြိမ်းခြောက်လာတယ်။ ရွာသားတွေကို လည်း တိမ်းရှောင်ပေးဖို့ ပြောလာတာရှိတယ်”ဟု အမည်မဖော်လိုသည့် ဒီကေဘီအေ တပ်မဟာ(၅)မှ ထိပ်ပိုင်းအရာရှိတစ်ဦး က ပြောသည်။
အဆိုပါ စစ်ရေးခြိမ်းခြောက်မှုများကြောင့် ဒီကေဘီအေ တပ်မဟာ(၅)တပ်ဖွဲ့အနေဖြင့်လည်း တန်ပြန် စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်ရန်အတွက် မြေပြန့်ဒေသရှိ တပ်ဖွဲ့ဝင်များကို ကုန်းမြင့်နေရာ၌ ပြောင်းရွှေ့ကာ ခြေကုပ်နေရာယူထားလျှက်ရှိပြီ ဖြစ်ကြောင်း ဒီကေဘီအေ (၉၀၇)တပ်ရင်းမှ အောက်ခြေတပ်မှူးတစ်ဦးက ယခုလို ပြောသည်။
သူက “သတိဝီရိယ အမြဲတမ်းရှိဖို့ တပ်မဟာမှူးက ကျနော်တို့ကို ညွှန်ကြားထားပါတယ်။ စစ်တပ်က သူတို့တပ်တွေ မလွှတ်ဘဲ အခြားဒီကေဘီအေတပ်တွေကိုလည်း လွှတ်လာနိုင်တာပဲ။”ဟု ကေအိုင်စီကို ပြောသည်။
ဒီကေဘီအေ တပ်မဟာ(၅)မှ ထိပ်ပိုင်းခေါင်းဆောင်များ၏ ပြောပြချက်အရ ဗိုလ်မှူးကြီးစောလားပွယ်၏ သဘောထားသည် နယ်ခြားစောင့်တပ်ကို လက်မခံဘဲ ဒီကေဘီအေအနေဖြင့်သာ ရပ်တည်လိုကြောင်း၊ ပြည်သူ့လုပ်အားဖြင့် ဝယ်ယူခဲ့သည့် စစ် လက်နက်ပစ္စည်းများကို နအဖစစ်တပ်ထံ မအပ်လိုကြောင်း ပြောခဲ့သည်ဟု ဆိုသည်။
နအဖ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေးကို လက်မခံသည့် ဗိုလ်မှူးကြီး စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွှေး) ဦးဆောင် သည့် ဒီကေဘီအေ တပ်မဟာ(၅) လက်အောက်တွင် ကလိုထူးဘောဗျူဟာ(၁)နှင့် တပ်ရင်း (၅)ရင်းတို့ရှိပြီး တပ်အင်အား ၁,၂၀၀ကျော်ဖြင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ်တွင် အခြေစိုက်လျှက်ရှိသည်။
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ)သည် ၁၉၉၄ ခုနှစ်တွင် ကေအဲန်ယူမှ ခွဲထွက်ကာ စစ် အစိုးရနှင့် ပူးပေါင်းခဲ့ပြီး လက်ရှိအချိန်တွင် အင်အား ၄,၀၀၀ကျော်ရှိသည့်အနက် (၉၉၉)တပ်မဟာပြီးလျှင် တပ်မဟာ(၅)သည် ဒုတိယ အင်အားအတောင့်တင်းဆုံး ဖြစ်သည်။