ဇွန်လ ၁၂ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း အခြေစိုက်လျှက်ရှိသည့် နအဖ တပ်ရင်းများနှင့် တပ်အပြောင်းအလဲလုပ်ရန် ဝင်ရောက်လာသည့် တပ်များ ကို ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)က ဇွန်လ ၁ဝရက်နေ့က နှစ်ကြိမ် ခြုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်မှ ၁၂ဦး ကျဆုံးခဲ့သည်ဟု သတင်းရရှိသည်။
ထိုနေ့ မနက် ၁၁နာရီခန့်အချိန်တွင် အင်အား တစ်ရာဝန်းကျင်ရှိ နအဖ လက်အောက်ခံ ခမရ(၄၀၁)၊ (၄၀၉) တပ်ဖွဲ့ဝင်များကို ကေအဲန်အယ်လ်အေ တပ်ရင်း (၁၆)က ဘုရားသုံးဆူနှင့် သံဖြူဇရပ်လမ်းရှိ ရဲတံခွန်ရွာအနီးတွင်တကြိမ်၊ ခလရ(၂၈၄)တပ်ဖွဲ့ဝင်များကို မြိုင်သာယာနှင့် အကလုံကျေးရွာအကြားတွင်တကြိမ် ပြောက်ကျားတိုက်ခိုက်ရာ နအဖဘက်မှ ၁၂ဦး ကျဆုံးကာ ၂၁ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကေအဲန်ယူ အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက ပြော သည်။
“ဖြစ်တာကတော့ အဲဒီနေ့မှာပဲ မနက် ၁၁နာရီမှာတကြိမ်၊ မွန်းလွဲပိုင်းမှာတကြိမ်။ မနက်ပိုင်းပွဲမှာ နအဖဘက်က ၁၁ယောက်သေတယ်။ ၂ဝက ဒဏ်ရာရတယ်။ မွန်းလွဲပိုင်းမှာတော့ နအဖဘက်ကပဲ ၁ယောက်သေ၊ ၁ယောက် ထိတယ်။”ဟု ကေအိုင်စီကို အတည်ပြုပြောဆိုသည်။
အနန်းကွင်းရှိ ဗျူဟာ(၁)ကို တပ်ချိန်းရန် ရောက်ရှိလာသည့် နအဖ ခမရ(၄၀၁)၊ (၄၀၉)တပ်များကို ကေအဲန်ယူ တပ်ရင်း(၁၆)ဌာနချုပ်တပ်ဖွဲ့ကလည်းကောင်း၊ ခလရ(၃၂)ကို တပ်ပြောင်းလဲရန်လာသည့် ခလရ(၂၈၄)ကို ကေအဲန်ယူ တပ်မဟာ(၆)လက်အောက်ခံ အဆိုပါတပ်ရင်း၏ တပ်ခွဲ(၂)အဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ကေအဲန်အယ်လ်အေဘက်မှ ထိခိုက်ကျဆုံးမှု မရှိဟု သိရသည်။
ယခုတိုက်ပွဲတွင် ကျဆုံးသွားသည့် နအဖတပ်ဖွဲ့ဝင်များထဲတွင် ဗျူဟာမှူးပါဝင်သည်ဟု ခန့်မှန်းရကြောင်း ထိုဒေသတွင် ရှိနေသည့် မွန်ပြည်သစ်ပါတီမှ အမည်မ ဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ယခုလို ပြောကြားခဲ့သည်။
“အဲဒီနေ့က ကေအဲန်ယူနဲ့ နအဖ တိုက်ပွဲနှစ်ကြိမ်ဖြစ်တာတော့ ဟုတ်တယ်။ နောက်ပြီး အဲဒီတိုက်ပွဲက ကျဆုံးသွားတဲ့သူတွေထဲမှာ နအဖ ဗျူဟာမှူးတစ် ယောက်နဲ့ စက်ဆရာ(ဆက်သွယ်ရေး)တစ်ယောက်လည်း ကျန်ခဲ့တယ်လို့ ပြောသံကြားတယ်”ဟု ကေအိုင်စီကို ပြောသည်။
ကေအဲန်ယူ တပ်မဟာ(၆) နယ်မြေတွင် ယခုနှစ်အတွင်း နအဖနှင့် ကေအဲန်အယ်လ်အေ တပ်များသည် တိုက်ပွဲပေါင်း ၁ဝကြိမ်ကျော် ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် မေလ ၁၄ရက်နေ့က ခြောက်နာရီကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ယခုတိုက်ပွဲသည် နအဖ ထိခိုက်ကျဆုံးမှု အများဆုံးဖြစ်သည်။