မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ(၇)ခုရှိပြီး ကာလတိုဖြင့် ရည်မှန်း ဆောင်ရွက်သော သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ (Gas Turbine) (၈)ခုရှိပါသည်။ ရေအားလျှပ်စစ်ဓါတ်အားပေး စက်ရုံ (၇)ခုမှ လျှပ်စစ်ပမာဏ (၃၂၇)မဂါ္ဂဝပ် ထုတ်လုပ်ပြီး၊ သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ မှ လျှပ်စစ်ပမာဏ ၆၈ဝ မဂါ္ဂဝပ် ထုတ်လုပ်နေပါသည်။ လျှပ်စစ်ပမာဏ (၁၆၈) မဂါ္ဂဝပ် ထုတ်ပေးနေသော ဘီလူးချောင်း အမှတ် (၂) ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံသည် မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်ပြီး နှစ်စဉ် ကီလိုဝပ် နာရီသန်းပေါင်း (၁၂၀၀) ထုတ်လုပ်ပေးလျှက်ရှိပါသည်။
ဘီလူးချောင်းအမှတ် (၁) မှလျှပ်စစ်ဓါတ် အားထုတ် ပမာဏမှာ(၂၈) မဂါ္ဂဝပ် ရှိပြီး နှစ်စဉ် နာရီသန်းပေါင်း(၂၀၀)ထုတ်လုပ်သဖြင့် လက်ရှိတွင် ကယား ပြည်နယ်မှ ထွက်ရှိသော လျှပ်စစ်ပမာဏမှာ (၁၉၆) မဂါ္ဂဝပ်ရှိပါသည်။

မြန်မာပြည်၏ အရှေ့ဖက်ခြမ်းတွင် တည်ရှိသော ကယားပြည်နယ်သည် ဧရိယာအကျယ် စတုရန်းကီလိုမီတာ (၁၁,၆၇၀)ရှိပြီး လူဦးရေ (၂၅၉,၀၀၀) ခန့်ရှိသဖြင့် ရန်ကုန်မြို့ လူဦးရေ၏ (၅)ရာခိုင်နှုန်းသာရှိပါသည်။ ကယား ပြည်နယ်၏ အဓိက စီးပွါးရေးလုပ်ငန်းမှာ စိုက်ပျိုးရေးနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းဖြစ်သည်။ တန်ဖိုးရှိသစ် များဖြစ်သောကျွန်းနှင့် ထင်းရှူးပင်များ ထွက်ရှိခဲ့သော်လည်း စစ်အစိုးရလက်ထက် သစ်ထုတ်လုပ်မှုများ ကြောင့် သစ်တောပြုန်းတီး ခဲ့ပြီး တောင်အများစုမှာ တောင်ကတုံးများဖြစ်လာပါသည်။
၁၉၉၆ နဝတ ခေတ် ကရင်နီ တိုင်းရင်းသားများကို နှိပ်ကွပ်ရာတွင် ရွာပေါင်း ၂၂ဝလုံး ဖျက်ဆီး / မောင်း ထုတ် ပြောင်းရွှေ့ခံရသဖြင့် ပြည်တွင်း အခြေမဲ့ ကရင်နီဒုက္ခသည် (Internally Displaced People) ၅၀,၀၀ဝ ခန့်ဒုက္ခရောက်ခဲ့ပြီး ထောင်ပေါင်းများစွာမှာ ထိုင်း-မြန်မာ ဒုက္ခသည်စခန်းသို့ ထွက်ပြေးခဲ့ရပါသည်။
၂၀၀၅ ခုနှစ် TBBC (Thai Burma Border Consortium) ထုတ်ပြန်ချက်အရ ကရင်နီတိုင်းရင်းသား ပေါင်း(၉၂,၅၀၀)၊ တနည်းအားဖြင့် ကယားပြည်နယ် လူဦးရေ၏ သုံးပုံတစ်ပုံသည် ပြည်တွင်း အခြေမဲ့ဒုက္ခသည် ဖြစ်သွားပြီး ထိုင်းနိုင်ငံဒုက္ခသည်စခန်းသို့ ရောက်ရှိခဲ့သော ကရင်နီတိုင်းရင်းသားများ၏ အရေအတွက်မှာ (၂၂,၀၀၀)ဦး ရှိနေပါသည်။
ခေတ်အဆက်ဆက် အစိုးရများ၏ လျစ်လျုရှုမူခံခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ကယားပြည်နယ် သည် စစ်အစိုးရ၏ ဖိနှိပ်အုပ်ချုပ်မှုကြောင့် ဒေသခံတိုင်းရင်းသားများမှာ ဆင်းရဲခြင်းကို နှစ်ရှည်လများ ခံစား နေခဲ့ရပါသည်။
အဓမ္မလုပ်အားပေးခြင်း (Forced Labor) သည် မြန်မာနိုင်ငံတွင် တရားမဝင်ဟု အစိုးရက သတ်မှတ်ထား သော်လည်း အဓမ္မလုပ်အားပေးစေခိုင်းခြင်းများကို မြန်မာစစ်အစိုးရသည် တွင်ကျယ်စွာ ဆောင်ရွက်လျှက် ရှိပါသည်။ အစိုးရ၏ မတရားဖိနှိပ်မှုများကို လက်နှက်စွဲကိုင် တော်လှန်သောအဖွဲ့များမှ လက်နှက်ကိုင်အဖွဲ့ ၅ ဖွဲ့မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့ပြီး ခူထဲဘူးဖဲ ခေါင်းဆောင်သော KNPP ပင်မအဖွဲ့မှာမူ အ ပစ်ရပ် သဘောတူညီမူ့မရရှိသေးဘဲ ဆက်လက်တိုက်ပွဲဝင်လျှက်ရှိပါသည်။
မြန်မာနိုင်ငံ၏အဓိကကျသော ကယားပြည်နယ်မှ လျှပ်စစ်ဓါတ်အားပေးလိုင်းကို ရန်ကုန်မြို့နှင့် မြန်မာပြည် အ ထက်ပိုင်း မန္တလေးမြို့သို့ ဓါတ်အားလိုင်းသွယ်တန်းရာလမ်းတစ်လျှောက်ရှိ ကယားတိုင်းရင်းသားများမှာ လယ် ယာခြံမြေ အသိမ်းခံရသည့်အပြင် ဓါတ်အားလိုင်းလုံခြုံရေး အတွက်ဟုဆိုကာ (ပေ ၆ဝ x ပေ ၉၀) အရွယ်ရှိခြံ စည်းရိုးများကို ဒေသခံရွာသားများမှ တည်ဆောက် ပေးခဲ့ရပါသည်။ ထိုကဲ့သို့တပ်မတော်မှ ခြံစည်းရိုးကို ဆောက်ခိုင်းသောအခါ ရွာသားများအား လုပ်အားခ မပေးသည့်အပြင် လိုအပ်သော သစ်၊ ဝါးပစ္စည်းများကို လည်း ရွာသားများမှ စိုက်ထုတ်ရပါသည်။ ခြံစည်းရိုး ကာပြီးသောအခါ၌ ခြံစည်းရိုးအတွင်း ကွက်လပ်တွင် နအဖတပ်မှ မြေမြုပ်မိုင်းများထောင်ထားလေ့ရှိပါသည်။
ကရင်နီသုတေသနပြုစုအဖွဲ့ (KDRG) ကထုတ်ဝေသည့်အစီရင်ခံစာတခုတွင် မီးလိုင်းတာဝါ တိုင်အောက်ခြေ တွင် မြုပ်နှံထားခဲ့သည့် မြေမြုပ်မိုင်း အလုံးပေါင်း (၁၈,၀၀၀)ခန့်ရှိပြီး လောပီတဓါတ်အားပေးစက်ရုံ လုံခြုံရေး တွက်ထောင်ထားသော မြေမြုပ်မိုင်းအရေအတွက်မှာ သောင်းဂဏာန်းရှိကြောင်း ဖေါ်ပြထားပါသည်။ ၂၀၀၁ ခုနှစ်အထိ လောပိတဓါတ်အားပေးစက်ရုံဝန်းကျင်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်းများကြောင့် သေဆုံးသူ ဒေသခံ စုစုပေါင်း ၃ဝ ဦး၊ ဒဏ်ရာရသူပေါင်း ၅ဝ ကျော်ရှိပြီး၊ တရိစာ္ဆန် အများအပြား သေကြေ ဒဏ်ရာရရှိခဲ့ ကြောင်း KDRG အစီရင်ခံစာကဆိုပါသည်။
သို့သော်လည်း ဒေသခံ ကရင်နီတိုင်းရင်းသားများ ခံစားနေရသော ဒုက္ခများမှာ မပြီးဆုံးသေးပါ။ ဓါတ်အား လိုင်းတာဝါတိုင်ကို ရွာသား(၃)ယောက်မှ (၄)ရောက်အထိ (၁၂)နာရီတစ်ဖွဲ့ လုံခြုံရေးကင်းစောင့်ပေးရပါ သည်။ ထို့အပြင် ခြံစည်းရိုးတွင်း ထောင်ထားသောမြေမြုပ်မိုင်းများမှာ တရိစာ္ဆန်များကြောင့်ဖြစ်စေ၊ မည်သည့် ကြောင်းတစ်ခုခုဖြစ်စေ ပေါက်ကွဲခဲ့ပါကနီးစပ်ရာရွာသားများမှ မြေမြုပ်မိုင်းအတွက် လျှော်ကြေးပေးရပြီး တရိစ္ဆာန်များကိုမူ နအဖ တပ်မှလာရောက်သိမ်းယူလေ့ရှိပါသည်။
လေ့လာသူ တစ်ဦးအနေဖြင့် သုံးသပ်မိသည်မှာ ဒေသခံတိုင်းရင်းသားများ၏ လုပ်အားမပါဘဲ ဓါတ်အားလိုင်း တာဝါတိုင်လုံခြုံရေးအတွက် တပ်မတော်မှ ဆောင်ရွက်နိုင်သောအ ခြေအနေတွင်ရှိပါသည်။ ပြည်ခိုင်ဖြိုးအ သင်းဝင် (၁၀)သန်းကျော်ရှိပြီး၊ တပ်သားအင်အား လေးသိန်းကျော်ရှိသော တပ်မတော်သည် နှစ်စဉ်စစ်သုံး စရိတ် အမေရိကန်ဒေါ်လာသန်းပေါင်း ၂၈၀ဝ ကျော်မှ သန်းပေါင်း ၇၀၀ဝ ကျော်ထိ သုံးစွဲသည့် ငွေပမာဏ သည် အိမ်းနီးချင်း ထိုင်းနိုင်ငံ၏ စစ်အသုံးစရိတ် ခေါက်ချိုးမက များနေပါသည်။
ထို့အပြင် နေပြည်တော်နှင့် တစ်နိုင်ငံလုံးရှိ တပ်ရင်း၊ တပ်ဖွဲ့၊ စစ်ရုံး အသီးသီးမှ သုံးစွဲသော လျှပ်စစ်ယူနစ် ပမာဏကို တပ်မတော်၏ ဘတ်ဂျက်အသုံးစရိတ်ထဲမှ မပေးဘဲ ပြည်သူများမှ ပေးဆောင်နေရပါသည်။ တပ်မတော်၏ လျှပ်စစ်မီတာသုံးစွဲမှုများကို ကာမိအောင်လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြည်သူများကို မီတာခ တိုးမြှင့် ကောက်ခံခြင်း၊ မီးမပေးဘဲ မီတာဘောက်စ်များကို ချပေးပြီး ပြည်သူထံမှ ငွေယူပြီးဖြေရှင်းနေရပါသည်။
နေပြည်တော်တစ်ခုတည်း လစဉ် သုံးစွဲနေသောလျှပ်စစ်ပမာဏမှာ (၂၀) မဂ္ဂါဝပ်ရှိပါသည်။ ၎င်းလျှပ်စစ် ယူနစ် အတွက် ပြည်သူများမှ ပေးဆောင်နေရသည့် ငွေပမာဏသည် တစ်လလျင် ကျပ်ငွေ သိန်းငါးထောင်ကျော် (အမေရိကန် ဒေါ်လာ လေးသိန်းကျော်) ရှိပြီး တစ်နှစ်လျင် အမေရိကန်ဒေါ်လာ ငါးသန်းနီးပါးရှိပါသည်။
လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးရန်အတွက် ကရင်နီတိုင်းရင်းသားများသည် လယ်ယာမြေ ဆုံးရှုံးခြင်း၊ အသက်သွေး၊ ချွေးများစိုက်ထုတ်ရသော်လည်း အများစုမှာ လျှပ်စစ်မီးအလင်း မရရှိသေးဘဲ တစ်ညတာ အချိန်ကို ဖယောင်းတိုင်မီး၊ ထင်းရူးဆီမီးဖြင့် ဆင်းရဲစွာ ကုန်လွန်နေကြရပါသည်။
၁၉၆ဝ ခုနှစ် သတင်းစာများတွင်ဖေါ်ပြထားသည်မှာ “ လောပိတမှ ထွက်ရှိမည့် လျှက်စစ်ဓါတ်အားသည် က ယားပြည်နယ်၏ ရေသွင်း စိုက်ပျိုးရေးလုပ်ငန်းနှင့် ဒေသခံများအတွက် လျှက်စစ်မီးအလင်းရရှိစေမည်” ဟု ဖေါ်ပြထားသော်လည်း ယခုချိန်ထိ ကယားပြည်နယ်လူထု (၂၀) ရာခိုင်နှုန်းသာ လျှပ်စစ်မီးကို မမှန်တမှန် ရရှိခဲ့ပါသည်။
ဖေဖေါ်ဝါရီလ၂၃ရက် ၂၀၁ဝတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)လက်နက်ကိုင်တော်လှန်ရေး အဖွဲ့မှ မိုင်းခွဲဖျက်ဆီးသဖြင့် ကယားပြည်နယ်၊ ဒီမောဆိုးမြို့နယ်၊ လိုတာခု ကျေးရွာအနီးရှိ လောပိတမှ ပဲခူး တိုင်း၊ တောင်ငူမြို့သို့ ဓာတ်အားပို့လွှတ်ထားသည့် ၂၃ဝ ကေဗွီအေ ဓာတ်အားလိုင်းမှ လျှပ်စစ်တာဝါတိုင် အမှတ် ၁၃၄ ပျက်စီးကာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ကြောင်းနှင့် ထိုအဖွဲ့က ယခုလ လဆန်းပိုင်းတွင် တာဝါတိုင်အမှတ် ၁၉၉ ကိုပါ မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း စစ်အစိုးရသတင်းစာတွင် ဖော်ပြထားသည်။ ၎င်းကိစ္စ
နှင့်ပတ်သက်ပြီး KNPP အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ခူထဲဘူးဖဲက စစ်အစိုးရ ဖော်ပြချက်ကို ပြန်လည်တုံ့ပြန် ပြောဆိုခဲ့ သည်မှာ-
“လောပိတ ရေးအားလျှပ်စစ်စက်ရုံက ကရင်နီ (ကယား) ပြည်နယ်အတွင်းမှာ တည်ရှိပေမယ့်၊ ထွက်ရှိလာတဲ့ အကျိုးအမြတ်က စစ်အစိုးရအာဏာပိုင် အများစုကပဲ အကျိုးခံစားနေကြပြီးတော့၊ ဒေသခံ ကရင်နီပြည်သူတွေ ဟာ အနည်းအကျဉ်းသာ အကျိုးခံစားခွင့် ရရှိကြတဲ့အတွက် အခုလို လုပ်တာပါ” ဟု ပြောပါသည်။
ယခုချိန်ခါတွင် ဒီမောဆိုး အနီးပတ်ဝန်းကျင်ကျေးရွာတစ်ချို့တွင် လျှပ်စစ်မီးသွယ်တန်းရန်အတွက် တိုင်းတာ ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ဓါတ်မီးတိုင်များစိုက်ထူခြင်းများ စတင်ဆောင်ရွက်လာသည်ကို တွေ့မြင် ရပါသည်။
၁၉၆၂ ခုနှစ်ကတည်းက စတင်ခဲေ့သော စစ်ဖက် အုပ်ချုပ်ရေးသည် အမည်မျိုးမျိုးပြောင်းလဲခဲ့သော်လည်း တူ ညီသောစရိုက် တစ်ခုမှာ-
“ နအဖ သည် စကားတစ်မျိုးဘဲပြောတတ်ပြီး မိမိကို ထိခိုက်နစ်နာမှ နားလည်တတ်သော အစိုးရ ဖြစ်ပါသည်။”
လက်ရှိပစ္စုပ္ပန်နှင့် သမိုင်းကြောင်းတစ်လျှောက် စစ်အစိုးရ၏ ပြည်သူများနှင့် ဆက်ဆံရေး၊ နိုင်ငံတကာ ဆက် ဆံရေးများကို ပြန်လည်သုံးသပ်လျှင်-
“အကြမ်းမဖက်သောနည်းဖြင့် ဆက်ဆံပါက နအဖ စစ်အစိုးအနေဖြင့် နားမလည်တတ်ကြောင်း ပေါ်လွင်ထင် ရှားနေပါသည်။”
ဖူးဒို
မေလ ၁၇၊ ၂၀၁၀။


















