M.ထက်ခေါင်
နိဒါန်း
သောသီခိုဘလော့ဂ်တွင် လွတ်လပ်သော မွန်သတင်းအေဂျင်စီမှ တဆင့်ကူးယူဖော်ပြထားသော ဆောင်းပါးတပုဒ်ကို တွေ့ရှိရ သည်။ ရေးသူမှာ ပန်းချီပန်းပု၊ ယမဓော အောင်စိန် ဖြစ်၏။ “မြန်မာ-ဗမာ အသုံးအနှုန်းများကို စာပေအမြင်ဖြင့် သုံးသပ်ပြီး နအဖ ၏ နိုင်ငံရေးအမြင်ကို ပုံဖော်ကြည့်ခြင်း”ဟု ခေါင်းစဉ်တပ်ထားသော်လည်း ထိုအသုံးအနှုန်းနှစ်ခုနှင့် ပတ်သက်ပြီး ပီပြင်ပြတ်သား သော သဘောထားအမြင်နှင့် သုံးသပ်ဝေဖန်ချက် တခုတလေမျှ မရှိ။ စာပေအမြင်ဖြင့် သုံးသပ်ခြင်းဆိုသည့်တိုင် ထိုကိစ္စအပေါ် မည်သည့်စာပေအမြင်မျှ ကျနပီပြင်စွာ ဖော်ထုတ်ရှင်းလင်းနိုင်ခြင်းလည်း မရှိ။ ခပ်ဝါးဝါး ရေးသားလိုက်သော ဆောင်းပါးတပုဒ်သာ ဖြစ်သည်။
ဆောင်းပါး ပထမပိုဒ်မှာပင် ကုန်းဘောင်ခေတ်ကစပြီး ဗမာဆိုသော အသုံးအနှုန်း တွင်ကျယ်လာခဲ့ရာက လွတ်လပ်ရေးရသည့်အ ခါ ပြည်ထောင်စုကြီးကို ပြည်ထောင်စု ဗမာနိုင်ငံ မခေါ်ပဲ ပြည်ထောင်စု မြန်မာနိုင်ငံဟု ဘာ့ကြောင့်ခေါ်လိုက်မှန်း မသိရကြောင်း သူ ကိုယ်တိုင် သဘောမပေါက်သည့်ကိစ္စကို ဝန်ခံပြောဆိုကာ ထိုကိစ္စနောက်ကွယ်တွင် လျှို့ဝှက်ချက်တခု ရှိနေကြောင်းနှင့် ထိုလျှို့ဝှက်ချက်ကို မည်သူက ဖော်ထုတ်ပေးမလဲဟု မပီမသ အကူအညီတောင်းလိုက်သည်။ ထိုကိစ္စကို ရှင်းနိုင်သူမှာ ၂၁ရာစု၏ သူရဲကောင်းဖြစ်ရုံတွင်မက၊ လက်ရှိ မြန်မာနိုင်ငံ၏ ကယ်တင်ရှင်ဖြစ်လာလိမ့်မည်ဟုလည်း တရားလွန် ဆိုလိုက်သည်။ ထို့နောက် ထိုကိစ္စ၏နောက်ကွယ်၌ရှိသော လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ရေး သဲလွန်စကို ပြောပြန်သည်။ နောက်ပိုင်းမှာတော့ စစ်အုပ်စု ရေးဆွဲထားသည့် အခြေခံဥပဒေကို ထိုကိစ္စ၏ လျှို့ဝှက်ချက်ကြီးအဖြစ် မဝံ့မရဲ လုံးချလိုက်ပြီး ဗမာနှင့် မြန်မာဟူသော အသုံးအနှုန်း နှစ်မျိုး၏ မူလဇာစ်မြစ် အရင်းခံပြဿနာကို ရှာမနေတော့ပဲ ဖက်ဒရယ်ပြည်ထောင်စုဥပဒေကို အသက်သွင်းနိုင်ရေး နယ်စပ်ဒေသ တွေကို စည်းရုံးလျက် ဖက်ဒရယ်အစိုးရနှင့် ဖက်ဒရယ်တပ်မတော်တခု ထူထောင်ကာ စစ်အုပ်စုအား ဘက်ပေါင်းစုံမှ ထိုးစစ်ဆင်ဖို့ ရန် တိုက်တွန်းထားသည်။ သို့ရာတွင် သူ့ဦးတည်ချက်က စစ်အုပ်စုကိုယ်တိုင် ပြောလာမည့် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဖြစ် နေသည်။
စစ်အုပ်စုကို တိုက်ခိုက်ပြီဆိုကတည်းက မထိတထိ လုပ်၍မရ။ အတွေးအခေါ် မပြတ်သား၍လည်း မရ။ အဖန်ဖန် အခါခါ ကြုံတွေ့ ခဲ့ရပြီးဖြစ်သည့် အတွေ့အကြုံများအရ စစ်အုပ်စုနှင့် ဆွေးနွေးညှိနှိုင်းစရာလည်း အကြောင်းမရှိ။ ဘက်ပေါင်းစုံမှ ထိုးစစ်ဆင်ပြီဆို သည်နှင့် လူထုကြီး၏ အားနှင့် လူထုဘက်သား တပ်မတော်သားကောင်းများ၏ အားကိုပါ ရရှိလာမည်ဖြစ်ရာ စစ်အုပ်စုပျက်သုဉ်း ရေးသည်သာ စစ်မှန်သော ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ပြည်နယ်ပေါင်းစု ပြည်ထောင်စုတည်ဆောက်ရေးအတွက် အဆင့်တဆင့် ဖြစ်ပေလိမ့်မည်။
ယမဓောအောင်စိန်က ဗမာနှင့် မြန်မာကိစ္စ လျှို့ဝှက်ချက်ကို မည်သူက ဖော်ထုတ်ပေးမလဲဟု မပီမသ အကူအညီတောင်းသည်ပင် ဖြစ်စေ၊ ထိုအသုံးအနှုန်းနှစ်မျိုး၏ အရင်းခံပြဿနာကို ရှာမနေပါနှင့်တော့ဟု ပြန်လည်ပိတ်ပင်သည်ပင်ဖြစ်စေ၊ ကျနော့်အနေဖြင့် ဤကိစ္စကို မဖြစ်မနေ ဖော်ထုတ်ရှင်းလင်းရပေတော့မည်။
လွန်လေပြီးသော နှစ်ပေါင်းများစွာကတည်းက သဘောပေါက် သိမြင်ထားခဲ့ပြီးဖြစ်သည့် ဗမာနှင့် မြန်မာဟူသော ဝေါဟာရ အသုံး အနှုန်းများ၏ ကွဲပြားခြားနားမှုကို အများပြည်သူတို့အား ရှင်းလင်းပြောပြရန်မှာ ကျနော့်အတွက် အပမ်းကြီးသည့် ကိစ္စမဟုတ်။ အသိမဲ့မှု အမှောင်တိုက်အတွင်း မလိမ့်တပတ် သွတ်သွင်းခံရကာ နှစ်ရှည်လများ အဓမ္မ ဖိနှိပ်ပိတ်ပင်မှုများကို ကြုံနေရသည့် ဗမာ နိုင်ငံ လူထုကြီးတရပ်လုံးအား ဤကိစ္စနှင့် ပတ်သက်၍ ရှင်းပြဖို့ကို သမိုင်းပေးတာဝန်တရပ်အဖြစ် ကျနော် ခံယူထားသည်။
ဤကိစ္စကို ရှင်းလင်းပြီး ပြည်သူလူထု တကယ်တမ်း လိုက်ပါလျှောက်လှမ်းကြရမည့် လမ်းကြောင်းမှန်ကို ပြသလိုက်ရုံမျှဖြင့် ကျနော့်အား ဧရာမ ၂၁ရာစု သူရဲကောင်းအဖြစ်သော်လည်းကောင်း၊ ဗမာတပြည်လုံး၏ အာဂ ကယ်တင်ရှင်ကြီးအဖြစ်သော်လည်း ကောင်း မြှောက်ပင့်ကင်ပွန်းတပ်စရာ မလို။ နှစ်ကာလ ကြာရှည်စွာ မရှင်းမလင်းဖြစ်ခဲ့သည့် ဤကိစ္စကို ရှင်းလင်းရန် အစဖော်ပေး လိုက်သည့်အတွက်မူ ယမဓောအောင်စိန်အား ကျေးဇူးတင်ရမည် ဖြစ်၏။
ယမဓောအောင်စိန်က မြန်မာအသုံးအနှုန်းနှင့် ပတ်သက်၍ သဘောထား မတူညီသော အစုအဖွဲ့သုံးဖွဲ့ကို ဖော်ပြသွားသေးသည်။ အာဏာတည်မြဲရေးအတွက် လုပ်တဲ့အဖွဲ့၊ လူ့အခွင့်အရေးအတွက် တိုက်တဲ့အဖွဲ့၊ လူမျိုးတန်းတူရေးအတွက် တိုက်တဲ့အဖွဲ့။ နအဖ စစ်အုပ်စုက မြန်မာဟု သုံးသည်။ ဒုတိယအုပ်စုကမူ ဗမာ အသုံးအနှုန်းကို နှစ်သက်၏။ တိုင်းရင်းသားအစုအဖွဲ့ကတော့ သူတို့နှင့်မဆိုင်သလို လျစ်လျူရှုနေ၏ဟု ယမဓောအောင်စိန်က ဆိုထားသည်။ မှား၏။ ဗမာပြည်ဟူသော အသုံးအနှုန်းကို သုံးကြ သူတွေရှိသလို၊ နိုင်ငံကော လူမျိုးကိုပါ မြန်မာဟုသာ သုံးနေကြသော ဒီမိုကရေစီသမားတွေ များစွာ ရှိ၏။ တိုင်းရင်းသားတွေ ထဲမှာလည်း မြန်မာ အသုံးအနှုန်းအပေါ် မကြိုက်မနှစ်သက်သူတွေရှိသလို သဘောမပေါက်စွာ သုံးစွဲနေကြသူတွေလည်း ရှိနေ၏။
လက်ရှိအခြေအနေ၌ အချို့သော ဒီမိုကရေစီရေး လှုပ်ရှားသူများထဲတွင် တိုင်းရင်းသားတို့၏ အရေးကိစ္စကို မှန်ကန်စွာ နားလည် သိမြင်လာကြသူတွေ ရှိသလို မသိယောင်ဆောင်ကာ ဇွတ်မှိတ်ပြီး အမှားကို အမှန်လုပ်နေကြသော ကိုယ်ကျိုးကြည့်သူတွေလည်း ရှိ၏။ တိုင်းရင်းသားတွေထဲမှာလည်း မိမိတို့အရေးကို မှန်ကန်စွာ သဘောပေါက်ကြသူတွေ ရှိသကဲ့သို့ ဒီမိုကရေစီ အရေခြုံသမား အချို့လို ကိုယ်ကျိုးငဲ့သူတွေ၊ ဝါးလုံးခေါင်းထဲ လသာကာ ငါတကောကောချင်သူတွေ အတော်ကလေး ရှိ၏။ ထိုသူများ သဘော ပေါက်သိမြင်လာစေရန် ရှင်းလင်းတင်ပြရမည့်ကိစ္စမှာ ကျနော့်အတွက် အပမ်းမကြီးဟု ဆိုသော်လည်း ခပ်ပေါ့ပေါ့ကိစ္စတော့ မ ဟုတ်။ ဤကိစ္စနှင့် တဆက်တည်းမှာပင် စကားဟဟ မပြောရဲခဲ့ကြသော ဖက်ဒရယ်ပြည်ထောင်စုကိစ္စ၊ တိုင်းရင်းသားများ၏ ကိုယ် ပိုင်ပြဌာန်းခွင့်ကိစ္စ၊ တမင်ပင် ဝေတေဝါးတား လုံးတုတ်ခံနေရသည့် အကြွင်းအကျန် အာဏာကိစ္စတို့လည်း ပါရှိလာမည် ဖြစ် သည်။
ပါလီမန်ဒီမိုကရေစီခေတ်မှစ၍ မပီမပြင် ဖြစ်လာခဲ့သော ဤကိစ္စမှာ ဗိုလ်နေဝင်း တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်များမှ သည် နဝတ-နအဖ ခေတ်သို့တိုင် နှစ်ကာလကြာရှည်စွာ အမှန်ကို အမှား၊ အမှားကို အမှန်လုပ်ကာ လိမ်ညာလှည့်ဖျား ဖုံးဖိ ပိတ်ပင် ဖျောက်ဖျက်မှုများ၊ ဆက်လက် မှိုင်းတိုက်ဝါဒဖြန့်မှုများဖြင့် အတော်ကြီး ကျယ်ပြန့်စွာ နေရာယူလာခဲ့ပြီဖြစ်ရာ ဤသို့ လူထုတရပ်လုံးသာမက ကမ္ဘာကိုပါ မိုးခါးရေသောက်ခိုင်းမှုအား ချေဖျက်ဆေးကြောသင့်ပြီဟု ယူဆသောကြောင့် ဤအခန်းဆက် ဆောင်းပါးကို လအနည်းငယ်မျှ ရေးသားဖော်ပြရတော့မည် ဖြစ်လေသည်။
စာသွားစာလာကို ကြည့်ခြင်းအားဖြင့် ယမဓောအောင်စိန်သည် ဗမာ-မြန်မာ ကိစ္စနှင့် ဆက်နွယ်ပတ်သက်နေသော ပြဿနာများ အပေါ် အတန်အသင့် သိထားသူဖြစ်ကြောင်း တွေ့ရှိရသည်။ သို့ရာတွင် ပီပြင်ရှင်းလင်းစွာ နားလည်သဘောပေါက်မှုတော့ မရှိ သေး။ ထို့ကြောင့် ဤဆောင်းပါးတွင် ယမဓောအောင်စိန် အစဖော်ပေးခဲ့သော အကြောင်းအရာများနှင့် သူ၏ အတွေးအမြင်တချို့ အပေါ် တည့်မတ်ရှင်းလင်းချက်များကိုပါ အလျဉ်းသင့်သလို ဖော်ပြသွားမည် ဖြစ်သည်။
ရိုးရိုးသားသား မသိနားမလည်စွာ အယူအဆ မှားခဲ့သူများ၊ မဆလခေတ် တက္ကသိုလ်နှင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ဆရာ ဆရာမများ အပါအဝင် ၎င်းတို့ကတဆင့် သင်ကြားပို့ချပေးမှုကို ခံခဲ့ရသော နဝတခေတ် ဆရာ ဆရာမများနှင့် ၎င်းတို့၏ တပည့်တပမ်းများအားလုံး၊ နှစ်ကာလကြာရှည်စွာ လိမ်ညာလှည့်ဖျား ရိုက်သွင်းခံခဲ့ရသည့် စစ်အုပ်စု လက်အောက်ခံ တပ်မှူးတပ် သားများအားလုံး၊ တော်လှန်ရေးသမားယောင်ယောင်၊ နိုင်ငံရေးသမားယောင်ယောင်၊ ပညာရှင်သင်တန်းဆရာယောင်ယောင်ဖြင့် ပို့ချချက် အမှားများပေးကာ တိုင်းရင်းသားတို့ အရေးကိစ္စအပေါ် သဘောထား စေတနာမမှန်သူများ၊ ရန်သူအားပေးလုပ်ရပ်များ ဖြင့် အချိန်ဖြုန်းနေကြသူများ၊ အရေခြုံဒီမိုကရေစီသမားများ၊ ရောယိမ်းလိုက် ဘသားယိမ်းလိုက်သမားများ၊ နိုင်ငံရေးတတ်ယောင် ကားသမားများနှင့် တမင်ရည်ရွယ်ချက်ဖြင့် အမှားကို အမှန်လုပ်ကာ လူထုအား ဆက်လက်လိမ်ညာ မှိုင်းတိုက်နေကြသူများ အားလုံး ဤဆောင်းပါးဖြင့် အမှန်တရားကို သဘောပေါက် သိမြင်၊ နားလည်ခံယူကာ ဗမာပြည်၏ ပြဿနာအဝဝ ပီပြင်စွာ ရှင်း လင်းနိုင်ကြပါစေသတည်း။
ဗမာနှင့် မြန်မာ
ဗမာနှင့် မြန်မာကို တလွဲအမြင်ဖြင့် ကွဲပြားစွာ သဘောပေါက် မှတ်ယူထားကြသူများ ရှိသလို၊ ဗမာလည်း မြန်မာ၊ မြန်မာလည်း ဗမာ အတူတူပဲဟု ယူဆထားကြသူတွေလည်း ရှိသည်။ ရေးတော့အမှန် ဖတ်တော့အသံ ဆိုသည့်အတိုင်း စာလုံးပေါင်းသတ်ပုံမှန် အောင် ရေးသားသည့်အခါ မြန်မာပြည်၊ မြန်မာလူမျိုးဟုရေး၍ စကားပြောဆိုရာတွင်မူ ဗမာပြည်၊ ဗမာလူမျိုးဟု သုံးနှုန်းသည်မှာ မှန်ကန်ကြောင်း ခံယူထားကြသူတွေလည်း ရှိသည်။ ၎င်းတို့အားလုံး မှား၏။ အချို့က ဗမာလူမျိုးဆိုသည်မှာ ဗမာအမျိုးသား တမျိုး သားတည်းကို ဆိုလိုခြင်းဖြစ်ပြီး မြန်မာလူမျိုးဆိုသည်ကတော့ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများ အားလုံးကို ပေါင်းရုံး ခေါ်ဆိုသည့် အမည်ဖြစ်သည်ဟု လွဲမှားစွာ နားလည်ထားကြသည်။
စာပေ၊ ဗဟုသုတ ခေါင်းပါးသူများ မီဒီယာလိုင်းတွင် ဝင်ရောက်နေရာယူလာသည်မှာ အနာဂတ်တိုင်းပြည်ကို ဦးဆောင်ဦးရွက်ပြု ကြရမည့် လူငယ်ထုအတွက် အန္တရာယ်ပင် ဖြစ်သည်။ စဉ်းစားဆင်ခြင်ဉာဏ် နည်းပါးသော ဦးဏှောက်တွင်းသို့ အတွေးအခေါ်၊ အယူအဆ အမှားများ ဝင်ရောက်သွားနိုင်သောကြောင့် ဖြစ်၏။ လွန်ခဲ့သည့် နှစ်အနည်းငယ်က အာရ်အက်ဖ်အေမှ ဆောင်းပါးရှင် မေစာ ဆိုသော မိန်းမရွယ်တယောက်က ဗမာ-မြန်မာ အသုံးအနှုန်းနှင့် ပတ်သက်၍ ငါ့စကားနွားရ ပြောသွားသည်ကိုလည်း စိတ်မ ချမ်းသာစွာ ကြားခဲ့ရသည်။ သဘောထား စေတနာ မမှန်ကန်သောကြောင့် အသံက ကျက်သရေမရှိသည့်အပြင် အတွေးအမြင် လွဲမှားစွာ ထိကပါး ရိကပါး ပြောသွားသည့် အကြောင်းအရာတွေကလည်း အနှစ်သာရ ကင်းမဲ့နေ၏။
“အဂင်္လိပ်လို ရေးတဲ့ပြောတဲ့အခါ မြန်မာလို့ပဲ သုံးပါ။ ဘားမားလို့ မသုံးပါနဲ့။ ဒီလို သတ်မှတ်ချက် ချထားပါတယ်။ ဒီအထိ မေစာတို့ ဘာမှငြင်းစရာ မတွေ့လှပါဘူး။ ကိုယ့်နိုင်ငံပဲ ပီပီသသခေါ်တာ ကြိုက်တာပေါ့။ ဒါ့ကြောင့် ဘယ်အချိန် ဘယ်ဒေသ ဘယ်သူက ခေါ်စေခေါ်စေ ဘားမားဆိုတာကြီးက မပီမသခေါ်တဲ့ အသံကြီးပဲ။”ဟု သူမက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျူးတခုတွင် ဤနိုင်ငံကို ဘယ်လိုမျိုး ခေါ်စေလိုကြောင်းမေးရာ ဒေါ်အောင်ဆန်းစုကြည်က “ဘားမားပါ”ဟု ဖြေဆိုသွားခဲ့ သည်ကို အမှတ်ရမိသည်။
တိုင်းပြည်ကို မြန်မာပြည်ဟုခေါ်၍ အများစုဖြစ်နေသည့် လူမျိုးကြီးကို ဗမာလူမျိုးဟု ခေါ်စေဟု အာဏာပိုင်တွေက ပြဌာန်းကြောင်း လည်း သူမက ပြောသွားသေးသည်။ ဘယ်အာဏာပိုင်တွေက ဘယ်တုန်က ဘယ်မှာ ပြဌာန်းတာလဲ ဆိုတာကိုတော့ မဖော်ပြ။ ၁၉၄၇၊ ၁၉၇၄၊ ၂၀၀၈ မည်သည့်ဖွဲ့စည်းပုံ အခြေခံဥပဒေ စာအုပ်ထဲတွင်မျှ ထိုပြဌာန်းချက် မပါရှိ။ “တိုင်းပြည်ကို မြန်မာပြည်၊ လူမျိုး လည်း မြန်မာလူမျိုးဆိုလျှင် တိုင်းရင်းသားတွေအပေါ် မလိမ့်တပတ် လုပ်ရာကျမှာပေါ့”ဟုလည်း သူမက ဆိုသည်။ ဖဆပလ၊ မဆလ၊ နအဖတို့ ပြောင်ပြောင်ကြီး မလိမ့်တပတ်လုပ်နေခဲ့သည်ကို ထိုမိန်းမက ပြောင်ပြောင်ကြီး လိမ်ညာဖုံးကွယ်လိုက်ခြင်းသာ ဖြစ်သည်။ တကယ့်အဖြစ်မှန်သည် ထိုမိန်းမအပြောနှင့် ဆန့်ကျင်ဘက် ဖြစ်၏။ တိုင်းပြည်ကို ဗမာပြည်ဟုခေါ်ပြီး အများစုဖြစ် သည့် လူမျိုးကြီးကို မြန်မာဟု ခေါ်စေခြင်းသည်သာ တကယ့်အမှန်တရားနှင့် ကိုက်ညီမည် ဖြစ်လေသည်။
ပထမ သက်သေ
တကယ်တော့ ဗမာ ဆိုသည်မှာ ၁၉၃ဝပြည့်နှစ် မတိုင်မီ အထက်ကျော်ကာရီက “မြန်မာ” အများအပြားပင် မိမိတို့ကိုယ် မိမိတို့ “ဗမာ”ဟူ၍ ခေါ်ဝေါ်သုံးစွဲခဲ့ခြင်းမှအပ မည်သည့် သမိုင်းမှတ်တမ်းတွင်မျှ မရှိခဲ့ဘူးသော အမည်ဖြစ်သည်။ အချို့ပုဂ္ဂိုလ်များက လည်း အာဓကပ္ပ ကမ္ဘာဦးကျမ်းအရ လူသည် ဗြဟ္မာက ဆင်းသက်သည်ဟူသောအယူဖြင့် ဗြဟ္မာလူမျိုးဟုခေါ်ရာမှ ဗြဟ္မာကို သရ ချေပြီး ဗမာဟူ၍ ဖြစ်လာခဲ့ကြောင်း ပြောဆိုကြသည်။ ဤသည်မှာ ပါးစပ်ရာဇဝင်မျှသာဖြစ်ပြီး သမိုင်းကြောင်းအရမူ ခိုင်မာသည့် သက်သေအထောက်အထားတခု မဟုတ်နိုင်ချေ။ မြန်မာဟူသော အမည်ကိုသာ စာလုံးပေါင်းသတ်ပုံ အမျိုးမျိုးဖြင့် လွန်ခဲ့သော နှစ် ပေါင်း ၉၀ဝခန့်က အစပြု၍ ကျောက်စာမင်စာတို့တွင် တွေ့လာခဲ့ရကြောင်း သိရှိရသည်။ ဗမာဟူ၍ မရှိ။ ရှင်းရှင်းဆိုရလျှင် ဗမာ သည် သခင်ဘသောင်း ဦးစီးတည်ထောင်ခဲ့သော တို့ဗမာအစည်းအရုံးသမိုင်း စာမျက်နှာ ၁၃၃နှင့် ၂၁၅တို့တွင် တို့ဗမာဟု အ ဘယ့်ကြောင့် သုံးနှုန်းရပုံ၊ ဗမာဟူသော အသုံးအနှုန်းနှင့် ပတ်သက်၍ ရှင်းလင်းချက်နှင့် ဗမာပြည်ဟူသော အခေါ်အဝေါ်အပေါ် တို့ဗမာ အစည်းအရုံးဝင် သခင်အများစု၏ သဘောထား စေတနာကို ဖော်ပြထားသည်။ တို့ဗမာအစည်းအရုံးသမိုင်းမှာ ဗမာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ရာနှင့်ချီသော တို့ဗမာအစည်းအရုံးဝင်များ ပါဝင်သည့် သမိုင်းပြုစုရေးအဖွဲ့က ကော်မတီဖွဲ့လျက် ၁၉၆၄ခု နှစ်မှ ၁၉၆၇ ခုနှစ်အထိ အချိန်ယူပြုစုခဲ့သော အားထားလောက်ဖွယ်ရာ သမိုင်းတစောင်ဖြစ်ရာ ထွက်ရှိပြီး လများမကြာမီမှာပင် မဆလ၏ ပိတ်ပင်ခြင်းခံခဲ့ရသည့် စာအုပ်ဖြစ်သည်။ အထက်ဖော်ပြပါ စာမျက်နှာတို့မှ စာပိုဒ်အချို့ကို မူရင်းစာလုံးပေါင်း သတ်ပုံ များအတိုင်း ဖော်ပြပါမည်။
“တို့ဗမာ အစည်းအရုံး”ဟူရာ၌ တို့ဗမာပြည်ထဲ၌ရှိသော လူမျိုးအားလုံးကို ကိုယ်စားပြုသည့် အဓိပ္ပါယ်ဖော်ဆောင်ခြင်း အထိမ်းအ မှတ်အဖြစ် “တို့ဗမာ”ဟု ခေါ်ဝေါ်သုံးနှုန်းခြင်း ဖြစ်သည်။ မြန်မာဟူသောစကားမှာ မြန်မာ၊ မာသည် ဟူသော အဓိပါယ်ကို ဆောင် သော်လည်း နှာသံပါ၍ ဘောင်ကျဉ်းသည်။ အားနည်းသည်။ ရှမ်း၊ ကရင်၊ ချင်း၊ ကချင်၊ မွန်၊ ရခိုင်၊ ပလောင်၊ တောင်သူ၊ ဆလုံ၊ နာဂ၊ မြန်မာ စသော ဗမာတိုင်းရင်းသားအားလုံးကို ခြုံ၍ ငုံမိစေရန် “ဗမာ”ဟူသော စကားလုံးကို ရွေးသည်။ အသံထွက် မာကျော ၍ သုံးစွဲသည်။ တဖန် “ဘ”ကုန်းနှင့် “ဘမာ”ဟု မရေးဘဲ “ဗ”လချိုက်နှင့် ရေးခြင်းမှာလည်း “ဘ”သည် ရံဖန်ရံခါ “ဖ”သံထွက်သ ဖြင့် စိတ်မချရသောကြောင့် “ဗ”လချိုက်နှင့် “ဗမာ”ဟု ရေးသည်။ (တို့ဗမာအစည်းအရုံးသမိုင်း၊ ခေတ်သစ်လူငယ်တစုနှင့် တို့ဗမာ ဝါဒအစ၊ စာ ၁၃၃) (ပုံ-၁))
တို့ဗမာအစည်းအရုံးသည် မူလ တည်ထောင်စဉ်မှစ၍ သမိုင်းတလျှောက်လုံး လူမျိုးစုအားလုံး၏ ညီညွတ်ရေးကို အလေးပေးခဲ့ ကြောင်း၊ “တို့” ဟူသောစကား၊ “ဗမာ” ဟူသောစကား၊ “ဗမာနိုင်ငံ၊ ဗမာပြည်” ဟူသောစကားတို့ကို တီထွင်၍ တိုင်းရင်းသားစစ် စစ်ဟူသော အမည်နာမ တပ်ဆင်ခဲ့ခြင်းဖြင့် သိသာထင်ရှားပေသည်။
သခင်များက မြန်မာနိုင်ငံ၊ မြန်မာပြည် ဆိုသောစကားမှာ မြန်မာလူမျိုးများ နေထိုင်သော မြန်မာနိုင်ငံဟု အဓိပ္ပါယ်ရောက်သည်။ မြန်မာနိုင်ငံဆိုသည်မှာ မြန်မာပဒေသရာဇ်များက ပေးသောနာမည် ဖြစ်သည်။ မမှန်ကန်။ ဗမာနိုင်ငံသည် မြန်မာလူမျိုးတမျိုးတည်း နေထိုင်သော နိုင်ငံမဟုတ်။ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ တောင်သူ၊ ပအိုး၊ ပလောင်၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်း သားလူမျိုးပေါင်းစုံ နေထိုင်သောနိုင်ငံ ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ မြန်မာပြည်ဟု မသုံး။ ဗမာနိုင်ငံ၊ ဗမာပြည်ဟု သုံးသည်။ သို့မှသာ ညီညွတ်မှန်ကန်မည်။ ဗမာနိုင်ငံတွင် နေထိုင်ကြသော တိုင်းရင်းသားအားလုံးကို ဗမာဟု ခေါ်သည်။ ထို့ကြောင့်ပင် တို့ဗမာ သီချင်းတွင် “တို့ဗမာ …၊ ဟေ့ … တို့ဗမာ၊ ဗမာပြည်တဝှမ်းအကုန် တို့အိမ်မှတ်ပါ။ တို့ယာမှတ်ပါ၊ အဲဒါ “တို့ဗမာ”ဟု ထည့် သွင်းသီဆိုခဲ့ကြသည်။ “မြစ်ကြီးနားမှ တို့ဗမာတယောက် အစော်ကားခံရလျှင် ယေး၊ မြိတ်၊ ထားဝယ်မှ တို့ဗမာများက ဆတ်ဆတ် ခါအောင် နာကြပါ”ဟု ဟောပြောခဲ့ကြသည်။ (တို့ဗမာအစည်းအရုံးသမိုင်း၊ လူမျိုးစုများ သွေးစည်းညီညွတ်ခြင်း၊ စာ ၂၁၅)(ပုံ-၂))
ထိုစာမျက်နှာတွင် အောက်ခြေမှတ်စုအဖြစ် မဆလ၏ ဇွတ်အတင်း မလိမ့်တပတ်လုပ်မှုကို အောက်ပါအတိုင်း ဖော်ပြထားသည်။
ဗမာ သို့မဟုတ် မြန်မာဟူသော အသုံးအနှုန်းအတွက် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ နှင့်ပတ်သက်သော အဓိပ္ပါယ် ရှင်းလင်းချက်များ စာတမ်း၊ စာမျက်နှာ ၁၈ အောက်ဆုံးပိုဒ်တွင် အောက်ပါအတိုင်း ရှင်းလင်းထားပါ သည်။
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ဟု ခေါ်ထားခြင်းမှာ တိုင်းရင်းသားလူမျိုးစုံတို့ စုပေါင်းနေထိုင်သည့် ပြည်နယ် နှင့် တိုင်းများ ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံဖြစ်ကြောင်း၊ သမိုင်းစဉ်တလျှောက် မြှော်မှန်းခဲ့ကြသည့် ဆိုရှယ်လစ်စနစ်ကို မြဲမြံခိုင်မာစွာ တည်ဆောက်ကျင့်သုံးသွားမည့် နိုင်ငံဖြစ်ကြောင်း၊ ဘုရင်စံနစ်ဖြင့် အုပ်စိုးသော နိုင်ငံမဟုတ်ဘဲ လုပ်သားပြည်သူတို့ အာဏာပိုင်စိုးသော နိုင်ငံဖြစ်ကြောင်းနှင့် တိုင်းရင်းသားလူမျိုးများကို သိမ်းကျုံးပေါင်းရုံး၍ ခေါ်ဆိုသည့် မြန်မာဟူသော လူမျိုးများ မှီတင်းနေထိုင်ရာ နိုင်ငံတော်ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားစေရန် ဖြစ်သည်။
အထက်ပါစာတွင် တို့ဗမာအစည်းအရုံးက “ဗမာ”ဟူသော ဝေါဟာရနှင့် ပတ်သက်၍ ရှင်းလင်းဖော်ပြသလိုမျိုး “မြန်မာ”ဟူသော အ သုံးအနှုန်းအပေါ် သေချာကျနစွာ အကျိုးသင့်အကြောင်းသင့် ရှင်းလင်းဖော်ပြထားခြင်း မရှိချေ။ ကျင့်သုံးအုပ်ချုပ်မည့်ပုံစံကို မဆီမ ဆိုင် ဖော်ပြကာ ဘာ့ကြောင့် တိုင်းရင်းသားလူမျိုးများ အားလုံးကို မြန်မာဟု သိမ်းကျုံးပေါင်းရုံးခေါ်ဆိုရကြောင်း မရှင်းဘဲ မြန်မာနိုင် ငံဟု ဇွတ်အတင်း ခေါ်ဝေါ်လိုက်ခြင်းသာဖြစ်ကြောင်း တွေ့ရှိရမည် ဖြစ်သည်။
(ဆက်လက် ဖော်ပြပါမည်။)



















