ဩဂုတ်လ ၂ဝရက်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင်ရှိ မယ်လအူး ကရင်ဒုက္ခသည်စခန်းအတွင်း တတိယနိုင်ငံထွက်မည့်သူများအတွက် အဂင်္လိပ် ကျူရှင် အတန်း (Tuition Class) ဖွင့်လှစ်မှုများ ၂၀၀၉ခုနှစ် အစပိုင်းမှ ယခု ဩဂုတ်လအထိ များပြားလာသည်ဟု သိရသည်။
တတိယနိုင်ငံ လျှောက်ထားသူများသည် ၎င်းတို့ သွားရောက်အခြေချမည့် နိုင်ငံတွင် အဂင်္လိပ်စကားသာပြောကြသောကြောင့် အလုပ် ရရှိရေးအတွက်ဖြစ်စေ၊ ပညာရေးအတွက်ဖြစ်စေ လိုအပ်သည့်အပေါ် ယခုလို သင်တန်းများပြားလာခြင်းဖြစ်သည်ဟု မယ်လ အူးစခန်းမှ ရောင်နီဦးကျောင်းအုပ်ဖြစ်သူ ဦးလှဌေးက ကေအိုင်စီကို ပြောသည်။
“တတိယနိုင်ငံ အခြေချနိုင်နေထိုင်ရေးအစီအစဉ် မရှိစဉ်တုန်းကဆိုရင် ဒီလိုကျူရှင်အတန်းလိုမျိုး ရှိတာ မကြားရပါဘူး။ အခု ဒီနှစ်အ တောအတွင်းမှာ တော်တော်များလာတာကို တွေ့ရတယ်။ စခန်းရပ်ကွက်တိုင်းလိုလိုရှိတယ်။ ကျနော်တိတိကျကျ ထောက်ပြနိုင်တဲ့ ရပ်ကွက်(၁)မှာ ရှိတယ်။ နောက် ဖွေးဘောလူမှာရှိတဲ့ (၂, ၃, ၄, ၆) စတဲ့ရပ်ကွက်ဖြစ်ပါတယ်”ဟု ဆိုသည်။
ကျူရှင်သင်ကြားခြင်းနှင့်ပတ်သက်၍ အကျိုးကျေးဇူး များစွာရှိကြောင်း၊ အတန်း(၁)တန်းတွင် လူဦးရေ ၅၊ ၁ဝ မှ ၂ဝ ဦးအထိ ရှိ ကြောင်း၊ ကျူရှင်ဆရာက အတန်း(၁)တန်းကို ဘတ်ငွေ ၁,၀၀ဝ မှ ၂၀,၀၀ဝ အထိ ကောက်ယူကြောင်းနှင့် တက်ရောက်သင်ယူသူ များသည် အသက်ကြီးသူများပါဝင်သော်လည်း အများအားဖြင့် လူငယ်များ ဖြစ်ကြောင်း တက်ရောက်ဖူးသူ စောတောရီးက ပြော သည်။
၎င်းက “တချို့မိသားစုတွေက သင်တန်းဆရာကို ပုတ်ပြတ်ငှားတယ်။ မိသားစု တစုကို တလ ဘတ်ငွေ ၁,၀၀ဝ ငှားတာရှိတယ်။ မိသားစု တစုဆိုတော့ လူ ၃, ၄, ၅ယောက်ပေါ့နော်။ နောက် လူ ၂ဝ ဝန်းကျင်လောက်ရှိတဲ့ ကျူရှင်ဝိုင်းတွေလည်း ရှိတယ်။ အဲဒီလူ တက်တဲ့ သူတွေကိုကျတော့ တလကို ၁၀ဝ လောက် ပေးရတာတွေ ရှိတယ်။ တော်တော်ထိရောက်တာကိုလည်း တွေ့ရတယ်။ ကနေဒါမှာ ရောက်သွားတဲ့ မိသားစုတစုမှ ဆယ်နှစ်ကျော် မိန်းကလေးငယ်တဦးဆိုရင် စခန်းမှာ ဒီလို အဂင်္လိပ်စာ ကျူရှင်မျိုးတက်ခဲ့ တဲ့အတွက် စာမေးပွဲ ဝင်ခွင့်တခုမှာ အောင်အောင်မြင်မြင် ဖြေဆိုနိုင်ခဲ့တာ ရှိတယ်”ဟု ပြောဆိုသည်။
အဂင်္လိပ်စာ သင်ကြားရာ၌ ကျူရှင်ဆရာများက အဓိကအားဖြင့် သဒ္ဒါနှင့် စကားပြောခြင်း အပိုင်းတွင် ပို၍ သင်ကြားပို့ချပေးကြောင်း သိရသည်။
၂၀၀၉ခုနှစ် မေလ၌ ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာကူညီစောင့် ရှောက်ရေးအဖွဲ့ (ယူအဲန်အိပ်ချ်စီအာရ်)က မယ်လအူး စခန်းကို လာရောက်၍ စခန်းအတွင်းရှိ ၂၀၀၅ခုနှစ်အထိ လူဟောင်းစာရင်းဝင်များအားလုံး အမေရိကန်နိုင်ငံသို့ လျှောက်ထားနိုင် ကြောင်း စာရင်းကောက်ခဲ့သည်။
မယ်လအူး ကရင်ဒုက္ခသည်စခန်းသည် ရပ်ကွက် (၁၃)ခုရှိသည့်အနက် လက်ရှိ လူဦးရေ ၁၀,၀၀ဝ ကျော်ရှိပြီး (ယူအဲန်အိပ်ချ်စီအာရ်) ၏ အစီအစဉ်ဖြင့် ၂၀၀၈ခုနှစ်အတွင်း ကနေဒါနှင့် ဩစတြေးလျားနိုင်ငံသို့ ထွက်သွားသူဦးရေ ၃၀ဝခန့်ရှိပြီဖြစ်သည်။