
မေလ ၁၉ရက်၊ နန်းဖော့ဂေ (ကေအိုင်စီ)
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) ကို နယ်ခြားစောင့်တပ်အဖြစ် သတ်မှတ်ထားသည့် စစ်သည်အင်အား ၄၀၀၀ဝ ပြည့်အောင် စုဆောင်း သွားရမည်ဟု မေလ ၁၇ရက်နေ့က ပြီးစီးသွားခဲ့သည့် တပ်မဟာ(၉၉၉)၏ တပ်ရင်းများ အစည်းအဝေးတွင် ဆုံးဖြတ် ခဲ့ကြသည်ဟု ကရင်သတင်းစဉ်က စုံစမ်းသိရှိရသည်။
မြဝတီ မြို့နယ် ရွှေကုက္ကိုလ် ကျေးရွာ၏ ခမ်းမဆောင်တွင် မေလ (၁၃) ရက်နေ့မှ (၁၇)ရက်နေ့အထိ ငါးရက်ကြာ ကျင်းပသည့် ဒီကေဘီအေ တပ်မဟာ(၉၉၉)၏ တပ်ရင်းပေါင်းစုံ အစည်းအဝေးတွင် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောချစ်သူက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး တပ်ရင်းတရင်းလျှင် စစ်သည် အင်အား ၃၂၆ ဦးဖြင့် ဒီကေဘီအေအဖြစ်မှ နယ်ခြားစောင့်တပ်အနေဖြင့် စုစုပေါင်း အင်အား ၄၀၀၀ဝ အထိ သတ်မှတ်ထား ရှိသွားရမည်ဟု အစည်းအဝေးတွင် ပြောဆိုသွားကြောင်း ဒီကေဘီအေ အရာရှိတဦးက ပြောသည်။
သူက “ဒီကေဘီအေရဲ့ တပ်အင်အားကို ၄၀၀၀ဝ အထိ ပြည့်အောင် ဖြည့်တင်းရမယ်လို့ သဘာပတိက အစည်းအဝေးမှာ ပြောတယ်။ တပ်ရင်းတရင်းကို ၃၂၆ ဦး သတ်မှတ်ထားတယ်။ အဲလို ကောက်ယူ စုဆောင်းတဲ့ နေရာမှာ ကျေးရွာသူကြီးတွေကလည်း ကိုယ့်ရွာရဲ့ လူဦးရေ အနည်းအများ အလိုက် တာဝန်ယူ ပေးရမယ်၊ အင်အားပြည့်တာနဲ့ နအဖတပ်တွေက နယ်စပ်မှာ မနေတော့ဘဲ နောက်တန်းကို ပြန်ဆုတ်သွားမယ်လို့ ပြောတယ်”ဟု အဆိုပါ အရာရှိက ကရင်သတင်းစဉ်ကို ပြောသည်။
ထို အစည်းအဝေးတွင် (၉၉၉) လက်အောက်ခံ တပ်ရင်း အသီးသီးမှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး၊ ရုံးထိုင်မှူး၊ တပ်ရေးဗိုလ်၊ ဘဏ္ဍာရေးမှူးများ အ ပြင် ၎င်းတပ်ရင်းများ အခြေစိုက်ရာ ကျေးရွာပေါင်း ၅ဝ ကျော်မှ ရွာသူကြီးများလည်း တက်ရောက်ခဲ့ကြရာ ကျေးရွာသူကြီး တဦးက “ကောင်းမယ်ထင်လို့ လုပ်တာဆိုရင် ကျနော်တို့ အနေနဲ့ ဘာမှ ပြောစရာ မရှိပါဘူး” ဟု အစည်းအဝေးတွင် ပြောကြားသွားကြောင်း သိရသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ဒီကေဘီအေမှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောကျော်သန်း၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူတို့ နေပြည်တော်သို့ သွားရောက်၍ နအဖ စစ်ခေါင်းဆောင်များနှင့် သွားရောက် တွေ့ဆုံခဲ့ရာမှ ယခုလို ညွှန်ကြား ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း ထိုနေ့ အစည်းအဝေးတွင် ဗျူဟာမှူးက ထုတ်ဖော် ပြောဆိုသွားခဲ့သည်။
နအဖ၏ ညွှန်ကြားချက်များ၌ အသက် ၅ဝ ကျော်သူများအား တလလျှင် ကျပ် ၃၀၀ဝ နှင့် အငြိမ်းစား ပင်စင် ပေးသွားရန်၊ သာမန် စစ်သည်တဦးလျှင် လစာငွေကျပ် ၂၅၀၀ဝ မှ တပ်ရင်းမှူး တဦးလျှင် ကျပ်ငွေ တသိန်းခွဲအထိ ရာထူးအဆင့်လိုက် ပုံမှန် ထောက်ပံ့ သွားမည်ဟု သတ်မှတ်ထားသည်။ ထို့အပြင် နယ်ခြားစောင့်တပ်တွင် တပ်ရင်းတရင်းလျှင် ဗိုလ်မှူး ၆ ဦးသတ်မှတ်ကာ အမြင့်ဆုံး ရာထူးအဖြစ် ဗိုလ်မှူးအဆင့်ထိသာ ထားရှိသွားမည် ဖြစ်သော်လည်း ထိုအခြေအနေကို ဒီကေဘီအေ ဗဟို အတိုင်းအတာ တခုလုံးက လက်မခံနိုင်ကြောင်း နေပြည်တော်သို့ တင်ပြထားသည်ဟု သိရသည်။
ယခု တပ်မဟာ အတိုင်းအတာနှင့် အစည်းအဝေးပြီးနောက် တပ်ရင်းတခုစီမှ ၎င်းတို့ တာဝန်ကျရာ နယ်မြေများတွင် ရွာသူကြီးများနှင့် ရွာသူ ရွာသားများကို ဒေသဆိုင်ရာ တပ်ရင်းများက တပ်အင်အား စုဆောင်းရေး ကိစ္စနှင့် ပတ်သက်၍ ပြန်လည် ဆွေးနွေးချပြကာ စစ်သည်အင်အား ဖြည့်တင်းရေး လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်၊
(၉၉၉) တပ်ရင်း အခြေစိုက်ရာ လှိုင်းဘွဲ မြို့နယ်မှ ဝင်းဖလ ရွာသူတဦးက “ကျမတို့ ရွာမှာက အိမ်ခြေတရာကျော် လောက်ပဲရှိတယ်၊ ရွာသားတွေက စားဝတ်နေရေး ကြပ်တည်း နေရတဲ့အထဲ ဘယ်သူမှ စစ်သား မလုပ်ချင်ကြဘူး၊ စစ်သား မပေးနိုင်ရင် သူကြီးတွေကလည်း ရွာသားတွေဆီက ပိုက်ဆံ ကောက်ပြီး လူစားထိုးငှား နေကျဆိုတော့ အခုလည်း အဲလိုပဲ လုပ်မယ်ထင်တယ်၊ သူတို့ပေးမယ့် လခ နှစ်သောင်းခွဲက အခု ကုန်ဈေးနှုန်းနဲ့ဆိုရင် စားလို့မှ မလောက်ပဲ၊ ဒီအတိုင်းသာဆိုရင် သိပ်တော့လွယ်မှာ မဟုတ်ဘူး” ဟု ကရင်သတင်းစဉ်ကို ပြောသည်။
ဒီကေဘီအေ တပ်များသည် အင်အား ဖြည့်တင်း ပြီးပါက မိမိတို့ ကိုင်ဆောင်ထားသည့် လက်နက်များကို နအဖထံ ပြန်လည်အပ်နှံကာ ၂၀၁ဝ မတိုင်ခင် နအဖတပ်မှ ကိုင်ဆောင်သည့် လက်နက်အမျိုးအစားအတိုင်း ၎င်းတို့အား ပြန်လည် ထုတ်ပေးသွား မည်ဖြစ်ပြီး အစိုးရ မသိအောင် လက်နက်ပုန်းများ ကိုင်ဆောင်ခွင့်မရှိဘဲ လျှို့ဝှက် သိမ်းဆည်းထားသည်ကို သိရှိပါက ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း အစည်းအဝေး သဘာပတိက တဆင့်ထုတ်ဖော် ပြောဆိုခဲ့သည်။
ယင်းသို့ စစ်သည် အင်အား စာရင်းနှင့် လက်နက် စာရင်းများ တင်ပြကာ လက်နက် ပြောင်းလဲ တပ်ဆင်ပြီးမှသာ နယ်ခြားစောင့် တပ်သင်တန်းကို ပို့ချသွားမည့်အပြင် နယ်ခြားစောင့် တပ်ရင်းများအတွက် နအဖမှ စစ်သုံးကားများနှင့် တပ်ရိက္ခာများလည်း ထောက်ပံ့သွားမည် ဖြစ်ကြောင်း သိရှိရသည်။ နအဖ စစ်အစိုးရသည် ကရင် အပစ်ရပ်အဖွဲ့များအနက် အင်အား အများဆုံး ဖြစ်သည့် ဒီကေဘီအေ တဖွဲ့တည်းကိုသာ လက်နက်ဝယ်ယူခွင့် ပေးခြင်း၊ လက်နက် ဖြည့်တင်းခွင့် ပေးခြင်း စသည့် (Gun Power) ပေးထားပြီး ကျန် အပစ်ရပ် အဖွဲ့များကို လက်နက် ဝယ်ယူ ဖြည့်တင်းခွင့် ပေးထားခြင်း မရှိဟု သိရသည်။
ထိုကိစ္စ နှင့်ပတ်သက်၍ “ဒီကေဘီအေက ကျနော်တို့ အပစ်ရပ် ကရင်အဖွဲ့တွေထဲမှာ အင်အား အကြီးဆုံး အဖွဲ့လည်း ဖြစ်တယ်။ နောက်တခုက ကေအဲန်ယူကို ပြန်တိုက်နေတဲ့ အဖွဲ့လည်း ဖြစ်တော့ နအဖက အဲဒီအတွက် သူတို့ကို လက်နက် ဖြည့်ပေးတာ ရှိတယ်။ နောက်ပြီး သူတို့ ငွေတွေနဲ့ သူတို့ဖာသာ လက်နက် ဝယ်ယူမယ်ဆိုလည်း နအဖက မသိချင် ယောင်ဆောင် နေလိုက်တယ်။ စီးပွားရေးမှာလည်း တခြားအဖွဲ့တွေထက် အခွင့်အလမ်း သာတယ်” ဟု မကြာခင်ကမှ ကေအဲန်ယူသို့ ပြန်လည် ရောက်ရှိလာသူ ငြိမ်းချမ်းရေး ကောင်စီ (၇၀၄) တပ်ရင်းမှ ဒုရင်းမှူး ဗိုလ်မှူး စောလေးမူးက ပြောသည်။
၂၀၁ဝ နောက်ပိုင်းတွင် နယ်ခြားစောင့်တပ် ဖြစ်သွားမည့် ဒီကေဘီအေ၏ နယ်မြေကို ကရင် ပြည်နယ် တလျှောက် နယ်စွန် တနသင်္ာရီတိုင်းမှ ကယား ပြည်နယ် အထိ သတ်မှတ်ပေးထားသည်ဟု ယေဘုယျအားဖြင့် သိရသည်။ လက်ရှိအချိန်တွင် လက်အောက်ခံတပ်ရင်း (၇) ရင်းရှိသည့် တပ်မဟာ (၉၉၉) တွင် စစ်သည်အင်အား ၂၀၀ဝ ဝန်းကျင် ရှိပြီး ကျန် တပ်မဟာ (၃၃၃)၊ (၅၅၅)၊ (၆၉၉) ဗဟို လယ်ယာ တပ်ဖွဲ့ အပါအဝင် စစ်သည် အင်အား ၄၀၀ဝ နီးပါး ရှိသည်ဟု သိရသည်။
ဒီကေဘီအေသည် ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) မှ ခွဲထွက်ကာ နအဖ စစ်အစိုးရနှင့် ပြန်လည် ပူးပေါင်းသွားပြီး ၁၉၉၄ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သည့် အပစ်ရပ် ကရင်လက်နက်ကိုင် အဖွဲ့ကြီးတခု ဖြစ်သည်။

















