Home ဆောင်းပါး မသိသလိုလို၊ မသက်ဆိုင်သလိုလို လျစ်လျူရှု၊ တာဝန်မဲ့ လုပ်မ‌နေကြပါနဲ့

မသိသလိုလို၊ မသက်ဆိုင်သလိုလို လျစ်လျူရှု၊ တာဝန်မဲ့ လုပ်မ‌နေကြပါနဲ့

3422
Photo: Internet

မသိသလိုလို၊ မသက်ဆိုင်သလိုလို လျစ်လျူရှု၊ တာဝန်မဲ့ လုပ်မ‌နေကြပါနဲ့

‌မောင်‌ကျော်စွာ

(၂၀၂ဝ ပြည့်နှစ်၊ စက်တင်ဘာ ၁ဝရက်)

ရခိုင်ပြည်နယ် ‌မြေပုံမြို့နယ် ‌ညောင်ကန်‌ကျေးရွာတွင် စက်တင်ဘာ ၈ရက်‌နေ့၊ နံနက်ပိုင်းက လက်နက်ကြီးကျ ‌ရောက်‌ပေါက်ကွဲမှု‌ကြောင့် အသက် ၇နှစ်အရွယ် က‌လေးငယ်နှစ်ဦး အပါအဝင် ငါးဦး‌သေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိသွားပါ တယ်။ အနီးအနားမှာ တပ်စွဲထားတဲ့ စစ်တပ်က ပစ်ခတ်တာဖြစ်တယ်လို့လည်း ‌ဒေသခံ‌တွေက အခိုင်အမာ‌ပြောပါ တယ်။

ဆိုရှယ်မီဒီယာ‌တွေ‌ပေါ်မှာ ‌သေဆုံးသူ‌တွေ၊ ဒဏ်ရာရသူ‌တွေရဲ့ ‌သွေးသံရဲရဲ ဓာတ်ပုံ‌တွေ ပျံ့နှံ့သွားပါတယ်။
ဒီလို ရခိုင်ပြည်နယ်မှာ ‌ဒေသခံပြည်သူ‌တွေ ‌သေဆုံး၊ ဒဏ်ရာရတာ‌တွေ၊ အိုးအိမ်‌တွေ မီးရှို့ဖျက်ဆီးခံရတာ‌တွေ ဟာ ဆက်တိုက်ဆိုသလို ဖြစ်ပွား‌နေတာပါ။

၂၀၂ဝပြည့်နှစ်၊ စက်တင်ဘာလ ၅ရက် ‌နေ့စွဲနဲ့ ရခိုင်အမျိုးသားပါတီ(ANP)က နိုင်ငံ‌တော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံ‌တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်၊ တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင်တို့ထံ လိပ်မူပြီး “အိတ်ဖွင့်‌ပေးစာ” တစ်‌စောင်‌ပေးပို့ခဲ့ပါတယ်။

ဒီအိတ်ဖွင့်‌ပေးစာထဲမှာ ရခိုင်‌ဒေသခံပြည်သူ‌တွေရဲ့ နစ်နာမှုအဖုံဖုံကို အချက်အလက် ခိုင်ခိုင်လုံလုံနဲ့ တင်ပြထား ပြီး ပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဆုံးရှုံးပျက်စီးထိခိုက်နစ်နာ‌အောင် ‌ချေမှုန်းတိုက်ခိုက်‌နေ‌သော မြန်မာ့တပ် မ‌တော်၏ စစ်‌ရေးနည်းဗျူဟာအား အမြန်ဆုံးရပ်တန့်‌ပေးရန် ‌တောင်းဆိုထားပါတယ်။

ဒီလို လူမဆန်တဲ့၊ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်‌နေမှု‌တွေ‌ကြောင့် ထိခိုက်နစ်နာရသူ အပြစ်မဲ့အရပ်သားပြည် သူ‌တွေကို ဥပ‌ဒေနဲ့အညီ အကာအကွယ်‌ပေးဖို့ နိုင်ငံ‌တော်အစိုးရနဲ့တပ်မ‌တော်တို့မှာ အပြည့်အဝတာဝန်ရှိ‌ကြောင်းလည်း အဆိုပါ‌ပေးစာမှာ အတိအလင်း ‌ဖော်ပြထားပါတယ်။

ရခိုင်အမျိုးသားပါတီ(ANP)ရဲ့ အိတ်ဖွင့်‌ပေးစာ တင်ပြချက်‌တွေနဲ့ ‌တောင်းဆိုချက်‌တွေဟာ တရားမျှတပြီး မှန် ကန်တဲ့ ‌တောင်းဆိုတင်ပြချက်‌တွေလည်းဖြစ်ပါတယ်။ ဒီ‌တောင်းဆိုချက်နဲ့ပတ်သက်ပြီး နိုင်ငံ‌တော်အစိုးရဘက်က‌ရော တပ်မ‌တော်ဘက်ကပါ လုံ‌လောက်တဲ့ တုန့်ပြန်‌ဆောင်ရွက်ချက် တိတိကျကျ မရှိဘဲ စက်တင်ဘာလ ၈ရက်‌နေ့၊ နံနက် မှာ ရခိုင်ပြည်နယ် ‌မြေပုံမြို့နယ် ‌ညောင်ကန်‌ကျေးရွာထဲသို့ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ဖြစ်စဉ် ထပ်မံ ‌ပေါ် ‌ပေါက်လာတာပါ။

ရွာထဲက‌နေ ပစ်လို့၊ ရွာအနီးအနားမှာ မိုင်းကွဲလို့ဆိုတဲ့ မ‌ရေရာတဲ့ အ‌ကြောင်းပြချက်နဲ့ လူ‌နေရပ်ကွက်ထဲ၊ ‌ကျေး ရွာထဲ မဆင်မခြင်၊ ရမ်းရမ်းကားကား ပစ်ခတ်တာဟာ အကြမ်းဖက်မှု၊ လူမဆန်မှုဖြစ်ပါတယ်။ သံသယနဲ့ ဖမ်းဆီးတာ ညှင်းပမ်းနှိပ်စက်တာ၊ တရားစွဲတာ၊ မီးရှို့ဖျက်ဆီးတာ‌တွေဟာလည်း အင်မတန်မှ လူမဆန်တဲ့ အကြမ်းဖက်မှု‌တွေပဲ ဖြစ် ပါတယ်။ ဒီလို အကြမ်းဖက်လုပ်ရပ်‌တွေကို စစ်တပ်အ‌နေနဲ့ ရပ်တန်းက ရပ်ဖို့ လိုအပ်ပါတယ်။

ဒီလို လူမဆန်တဲ့ အကြမ်းဖက်ဖြစ်ရပ်‌တွေ ‌ပေါ်လာတဲ့အခါမှာ သမရိုးကျလိုဖြစ်‌နေတဲ့ အချက်တစ်ခုက‌တော့ ပစ်ခတ်တိုက်ခိုက်‌နေကြတဲ့ စစ်တပ်နဲ့ တစ်ဖက်က (AA) တို့ဟာ မိမိရဲ့တာဝန်ရှိမှုကို ရဲရင့်တည်ကြည်စွာ မ‌ဖော်ပြကြဘဲ အပြန်အလှန် လက်ညှိုးထိုးပြီး အပြစ်ပုံချ‌နေကြတဲ့ အချက်ပါပဲ။ နိုင်ငံ‌ရေးအမြတ်ထုတ်‌နေကြတဲ့ အချက်ပါပဲ။ အပြစ်မဲ့ ပြည်သူ‌တွေရဲ့ အသက်‌သွေး‌ချွေးနဲ့ စည်းစိမ်ဥစ္စာ‌တွေနဲ့‌တော့ ‌လောင်း‌ကြေး မထပ်‌စေချင်ပါဘူး။
‌နောက်တစ်ချက်က အစိုးရ အပါအဝင် အခြား‌သော အင်အားစုများအ‌နေနဲ့လည်း ဒီလို ပစ်ခတ်တိုက်ခိုက်‌နေ တာကို ထိထိ‌ရောက်‌ရောက် တားဆီးထိန်းသိမ်းနိုင်ခြင်း မရှိတာပါပဲ။

လက်ရှိ ဒီချုပ်ပါတီအစိုးရက စစ်တပ်ကို မထိန်းချုပ်နိုင်ပါဘူး။ မထိန်းချုပ်နိုင်တဲ့အပြင် တချို့‌နေရာ‌တွေမှာ စစ် တပ်ရဲ့ အကြပ်ကိုင်တာကိုပင် ငြင်းပယ်နိုင်စွမ်းမရှိဘဲ ခံ‌နေရပါတယ်။ ဥပမာအားဖြင့် (AA/ULA)ကို “မတရားသင်း/ အကြမ်းဖက် အဖွဲ့အစည်းအဖြစ်” အ‌ဆောတလျင်‌ကြေညာတာမျိုးဟာ အင်မတန် အ‌မြော်အမြင်မဲ့လွန်းရာကျပါတယ်။

‌နောက်တစ်ဖက်က‌တော့ (NCA)စာချုပ် လက်မှတ်ထိုးထားတဲ့ တချိန်က ဘဝတူ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ(EAOs)ဆီက ဘယ်လိုတုန့်ပြန်သံမှ မကြားရတဲ့ အချက်ပါ။

‌နောက်ဆုံးတစ်ဖက်က‌တော့ မှတ်ပုံတင်ထားကြတဲ့ နိုင်ငံ‌ရေးပါတီများထံက အသံဖြစ်ပါတယ်။ ကာချုပ်နဲ့သွား ပြီး ‌တွေ့ကြတဲ့ ၃၄ပါတီလို နိုင်ငံ‌ရေးပါတီမျိုး‌တွေဆီက‌နေ အသံမကြားရတာ မဆန်းကျယ်ပါဘူး။ သူတို့က ပုလင်းတူ ဘူးဆို့‌တွေဆိုတာ အားလုံးက သိထားပြီးသားပါ။ ဒါ‌ပေမယ့် ၁၉၈၈ ဒီမိုက‌ရေစီအ‌ရေး‌တော်ပုံကြီးထဲက‌နေ ‌မွေးဖွားလာ ကြတဲ့ ပါတီ‌တွေ၊ ပြည်တွင်းစစ်ကို မလိုလားတဲ့၊ ဖက်ဒရယ်ပြည်‌ထောင်စုကို တည်‌ဆောက်လိုတဲ့၊ အပြစ်မဲ့ပြည်သူ‌တွေရဲ့ ထိခိုက်နစ်နာမှု‌တွေကို လက်ပိုက်ကြည့်မ‌နေနိုင်တဲ့ နိုင်ငံ‌ရေးပါတီ‌တွေအ‌နေနဲ့‌တော့ ဒီလို နိုင်လိုမင်းထက် အကြမ်းဖက် ရမ်းကားမှု‌တွေကို ပြတ်ပြတ်သားသား တားဆီးဖို့၊ ကန့်ကွက်ဖို့ နစ်နာသူပြည်သူ‌တွေဘက်က ရပ်တည်ကာကွယ်ကြဖို့ အပြည့်အဝ တာဝန်ရှိ‌နေတယ် မဟုတ်ပါလား။

၂၀၀၈ အ‌ခြေခံဥပ‌ဒေ‌ကြောင့်၊ အခြားတည်ဆဲဥပ‌ဒေ‌တွေ‌ကြောင့်၊ (NCA)စာချုပ် လက်မှတ်ထိုးတာ‌ကြောင့် စတဲ့ အ‌ကြောင်းပြချက်‌တွေ ပြသ‌နေတာကလည်း နည်းနည်းမှ အဓိပ္ပာယ်မရှိပါဘူး။

အားလုံးက အသံအကျယ်‌လောင်ဆုံးနဲ့ စဉ်ဆက်မပြတ်‌တောင်းဆို‌နေတဲ့ တန်းတူ‌ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတာထဲမှာ မိမိပါတီအဖွဲ့အစည်းရဲ့ကိုယ်စားပြုမှု (မူဝါဒလမ်းစဉ်-လူမျိုးအ‌ရေး)ကို ဘယ်သူကမှ ဘယ်အရာနဲ့မှ တား မြစ် ကန့်သတ်ထားလို့မရဘူးဆိုတဲ့ လွတ်လပ်ခွင့်ဟာ နဂိုပါအခွင့်အ‌ရေးဖြစ်ပါတယ်။ ဘယ်သူကမှ ပိတ်ပင်ကန့်သတ် ထားလို့ မရပါဘူး။

ဗမာပြည်ကို တိုင်းရင်းသားလူမျိုး‌ပေါင်းစုံနဲ့ တည်‌ဆောက်ထားတာဖြစ်ပြီး၊ ဗမာပြည်ကို တိုင်းရင်းသားလူမျိုး ‌ပေါင်းစုံက ပိုင်ဆိုင်ပါတယ်။ ဒါ‌ကြောင့် ဗမာပြည်ရဲ့ ဘယ်‌နေရာ ဘယ်အစိတ်အပိုင်းမှာပဲဖြစ်ဖြစ်၊ ဘယ်လူမျိုး၊ ဘယ် ‌ဒေသမှာပဲဖြစ်ဖြစ် မတရားမှု၊ အကြမ်းဖက်ဖိနှိပ်မှု စတဲ့ လူက လုပ်တဲ့ ‌ဘေးအန္တရာယ်နဲ့ ငလျင် – ‌ရေ‌ဘေး – မီး‌ဘေး – ကိုဗစ် -၁၉ ကဲ့သို့ ကပ်‌ရောဂါ‌ဘေး စတဲ့ သဘာဝ‌ဘေးဒဏ်‌တွေ ရင်ဆိုင်ကြုံ‌တွေ့ကြရတဲ့အခါ ကျန်တဲ့‌ဒေသ‌တွေမှာရှိတဲ့ ပြည်သူတိုင်း၊ နိုင်ငံ‌ရေးပါတီ အဖွဲ့အစည်းတိုင်းက “လက်သဲဆိတ်လက်ထိပ်နာ – အူကို ဆွဲ‌တော့ အသဲပါနာ” ဆိုတဲ့ ဆိုရိုး‌တွေနဲ့အညီ တညီတညာထဲ တုန့်ပြန်ကြဖို့ မပျက်မကွက် လိုအပ်ပါတယ်။ ထိထိမိမိ၊ ညီညီညွတ်ညွတ် တုန့်ပြန်ကြ ဖို့ အ‌လေးအနက် တိုက်တွန်းလိုက်ပါတယ်။

မသိသလိုလို၊ ကိုယ်နဲ့ မသက်ဆိုင်သလိုလို လျစ်လျူရှု၊ တာဝန်မဲ့လုပ်‌နေကြမယ်ဆိုရင်‌တော့ ဒါဟာ မတရားမှုနဲ့ အကြမ်းဖက်မှုကို တနည်းဖြင့် ‌ထောက်ခံတာပါပဲ။ မတရားလုပ်သူ‌တွေ၊ အကြမ်းဖက်သူ‌တွေကို အား‌ပေးကူညီတာပါပဲ။