(မောင်ကျော်စွာ)
(၂၀၁၇ ခုနှစ်၊ မတ်လ ၂၁ ရက်)
“ — ဝန်ထမ်းဆိုတာ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ် ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရ အတွက် လုပ်ရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီနည်းအရဆိုရင် ရွေးကောက်ပွဲတွေမှာ ကိုယ်ပေးချင်တဲ့သူကို မဲပေးလို့ရတယ်။ ထောက်ခံချင်တဲ့ ပါတီကို ထောက်ခံလို့ရတယ်။ သို့သော်လည်းပဲ ရွေးကောက်ပွဲပြီးလို့တက်လာတဲ့ အစိုးရကိုတော့ သစ္စာ ရှိရှိနဲ့ အလုပ်လုပ်ရမှာ ဝန်ထမ်းတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။ ဒါကြောင့်ဝန်ထမ်းများဟာ အစိုးရခိုင်းတိုင်းလုပ်တယ်ဆိုတာ အ ပြစ်လို့ မမြင်ပါဘူး” တဲ့။
ဒီစကားကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင် ဆန်းစု ကြည်ပြောကြားခဲ့တာပါ။ နိုင်ငံခြားရေးဝန်ကြီးဌာန နှစ်(၇၀) ပြည့်နှစ်ပတ်လည်အခမ်းအနား မိတ်ဆုံညစာစားပွဲမှာပြော တာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ထုတ် အစိုးရပိုင်သတင်းစာတွေမှာလည်း ဖော်ပြထားပါတယ်။
ဒီစကား၊ ဒီပြောကြားချက်အပေါ် ဝေဖန်ဆန်းစစ်ပါ့မယ်။
ဒီစကားကအစိုးရဗျူရိုကရစီယန္တရားကြီးပုံမှန်လည်ပတ်ခုတ်မောင်းနိုင်အောင်ရဲ့သော့ချက်နေရာမှန်သမျှမှာအဆင့်ဆင့်လှုပ်ရှား နေသူ ဗျူရိုကရက်ဝန်ထမ်းအားလုံးအပေါ် ဒီချုပ်ပါတီအစိုးရက ထားရှိတဲ့သဘောထားဖော်ပြချက်ပဲဖြစ်ပါလိမ့် မယ်။
“ဝန်ထမ်း” ဆိုတာဘာလဲ
ပြစ်မှုဆိုင်ရာဥပဒေ (ရာဇသတ်ကြီး) ပုဒ်မ ၁၄ မှာ “အစိုးရရာထမ်းမှုထမ်း” ဆိုရာ၌ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ သော်၎င်း၊ နိုင်ငံတော်သမတကသော်၎င်း၊ နိုင်ငံတော်သမတ၏ အာဏာအရသော်၎င်း ဆက်လက်ထမ်း ရွက်ရသူ၊ သို့တည်းမဟုတ် ခန့်ထားခြင်းခံရသူ သို့တည်းမဟုတ် စေခိုင်းခံရသူ ရာထမ်းမှုထမ်းအရပ်ရပ်တို့ပါဝင်သည် — လို့ ပြဋ္ဌာန်းရေးသားပါရှိပါတယ်။
“ ပြည်သူ့ဝန်ထမ်း” ဆိုတာနဲ့ပတ်သက်ပြီး ပြစ်မှုဆိုင်ရာဥပဒေ (ရာဇသတ်ကြီး) ပုဒ်မ ၂၁ မှာ ဖွင့်ဆိုချက် ၁၁ ခုပါရှိ ပါတယ်။ ပထမဖွင့်ဆိုချက်မှာ “အစိုးရပဋိညာဉ်ခံအမှုထမ်း” ၊ ဒုတိယဖွင့်ဆိုချက်မှာ “ နိုင်ငံတော် ကြည်း၊ ရေ၊ လေတပ်ဆိုင် ရာရေးရာပိုင် အရာရှိ” ။ တတိယဖွင့်ဆိုချက်မှာ “တရားသူကြီး” ဖြစ်ပါတယ်။ ဒီလိုဖွင့်ဆိုရှင်းလင်းချက် ၁၁ မျိုးပါရှိပါတယ်။ ခြုံငုံ၍ဆိုရရင် ဝန်ထမ်း (ဝါ) ပြည်သူ့ဝန်ထမ်းဆိုရာမှာ “နိုင်ငံတော်က ခန့်ထား၍ နိုင်ငံတော်၏အမှုကို ထမ်းရွက်သော၊ သို့ တည်းမဟုတ် လစာကိုယူသော အရာရှိ။ အများပြည်သူဆိုင်ရာ တာဝန်ဝတ္တရားဆောင်ရွက်ရေးအတွက် အခကြေးငွေသော် လည်းကောင်း၊ ကော်မီရှင်သော်၎င်း ရရှိသော အရာရှိ၊ သို့တည်းမဟုတ် အစိုးရအဖွဲ့ဝင်ဝန်ကြီး ” လို့ ဖွင့်ဆိုပါရှိပါတယ်။
ဒီလိုတည်ဆဲဥပဒေတစ်ရပ်ရဲ့ ဖွင့်ဆိုချက်တွေအရဆိုရင် ရပ်ကွက်စာရေးကနေ သမ္မတအထိ “အစိုးရရာထမ်းမှုထမ်း” စာရင်း မှာ ပါဝင်နေတာဖြစ်ပါတယ်။
ဒီတော့ အပြစ်မမြင်ဘူးဆိုတာဟာ သိမ်းကျုံးပြီး “အားလုံး” ကို အပြစ်မမြင်ဘူးလို့ ပြောတာလည်းမဖြစ်သင့်သလို၊ “အားလုံး” အပြစ်ရှိတယ်လို့ ဇရုတ်တိုက်တာမျိုးလည်းမဖြစ်သင့်ပါဘူး။ စစ်ပွဲမှာ လက်နက်မချပဲ ခုခံနေသမျှ ရန်သူပါပဲ။ လက်နက်ချလိုက်ပြီဆိုရင် သူ့ကို “သုံ့ပန်းပေါ်လစီ”အရ ဆက်ဆံပြုမူရမှာပါ။ ရန်သူလို ပြုမူဆက်ဆံလို့မဖြစ်ပါဘူး။ ရန်သူလို သာ ဆက်ဆံမယ်ဆိုရင် သူ့ကိုပစ်သတ်ဖို့ပဲ ရှိပါတယ်။ လက်နက်ချလိုက်ပြီဆိုတာနဲ့ သူရဲ့ ရန်သူဆိုတဲ့လက္ခဏာချက်ပြောင်း သွားပါပြီ။
ဆိုလိုချင်တာက အစိုးရဝန်ထမ်းဆိုတာသူတွေဟာ အာဏာရအစိုးရ (ဝါ) အာဏာသိမ်းအစိုးရဲ့ မူဝါဒပေါ်လစီကို စိတ်တူ ကိုယ်တူလို့ဖြစ်စေ၊ (‘သူ့ဆန်စား ရဲမှ ’ ဆိုတာလို)မလွန်ဆန်နိုင်၍ဖြစ်စေ၊ အချိန်ကာလတစ်ခုခု အခြေအနေတစ်ရပ်ရပ်မှာ အများပြည်သူ အပေါ်၊ နိုင်ငံရေးသမားများ၊ နိုင်ငံရေးလှုပ်ရှားတက်ကြွသူများအပေါ် အကြမ်းဖက်ဖိနှိပ်ညှင်းပမ်းခဲ့တာ၊ သတ်ဖြတ်ခဲ့တာတွေအတွက် မုချ ပဲတာဝန်ရှိပါတယ်။ အပြစ်လည်း ရှိပါတယ်။ ဒီအတွက် သူတို့ကသာ သူတို့ တချိန်တခါက အကြမ်းဖက်ဖိနှိပ် ပြုမူရမ်းကားခဲ့ တာတွေ အတွက် ဝန်ချတောင်းပန်ပါကြောင်း ပထမဦးစွာလုပ်သင့်တာပါ။
ဒီလိုလုပ်လာတဲ့အပေါ်မှာ ပြစ်မှုအတိုင်းအတာနဲ့ ပမာဏအလိုက် တန့်ပြန်ပြုမူရမှာသာဖြစ်ပါတယ်။ “အားလုံးကို ခွင့်လွှတ်ကြောင်း – ကြေအေးကြောင်း” တစ်ဦးတစ်ယောက် ရဲ့သဘောထား၊ တဖွဲ့ တပါတီရဲ့ ဆန္ဒနဲ့ပြောလို့ဆိုလို့ ကြေညာ လို့မဖြစ်ပါဘူး။ ထိုသို့သော မတော်မတရားမှုများကို ကိုယ်တိုင်ကိုယ်ကျခံစားခံရသူတွေ၊ သက်ဆိုင်ရာမိသားစုတွေကသာ ထိုပြစ်မှုများအပေါ် ခွင့်လွှတ်ခြင်း – ကြေအေးခြင်းကို ပြုကြရမှာဖြစ်ပါတယ်။
အရာရာကို ပြန်လည်သင့်မြတ်ရေးအမြင်နဲ့သာ ကြည့်မြင်နေတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးလိုတော့ အရှက်၊ အသက်နဲ့ဘဝတွေပေးဆက်ခံရသူတွေဘက်က ကြည့်မြင်နိုင်ဖို့ဆိုတာ အင်မတန်မှ ခက်ခဲလှပါတယ်။
အခုလည်း နိုင်ငံခြားရေးဝန်ကြီးဌာန နှစ် ၇ဝ အခမ်းအနားပြောတာမို့၊ (နဝတ-နအဖ) စစ်အစိုးရ စိုးမိုးအုပ်ချုပ်ခဲ့တဲ့ ၁၉၈၈ မှ ၂၀၁၁ အထိ နှစ် ၂ဝ
ကျော်ကာလတိုကလေးအတွင်းကိုပဲ ကွက်ကြည့်လိုက်ပါ။ ဒီကာလအတွင်းမှာ အင်မတန် ကြောက်မက်ဖွယ် ကောင်းတဲ့၊ လူမဆန်တဲ့ နိုင်ငံရေး ရာဇဝတ်ပြစ်မှုကြီးတွေကို စစ်အစိုးရယန္တားနဲ့စစ်တပ်က ထင်သလိုပြုမူ ခဲ့တာပါ။
ဒီလိုပြုမူခဲ့တာတွေကို ကုလသမဂ္ဂအပါအဝင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပြည်ပအစိုးရတွေက ဝေဖန် ပြစ်တင်ကြတဲ့အခါမှာ စစ်အစိုးရဝန်ကြီးဌာနတစ်ခုဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒါတွေဟာ “မိမိတို့နိုင်ငံရဲ့ပြည်တွင်း ရေးသက်သက်ဖြစ်ပါတယ်” ဆိုတဲ့ထန်းလျက်နဲ့ကြိုးစားပမ်းစားဖုံးကွယ်ဖားထေးခဲ့ကြတယ်မဟုတ်လား။ မျက်နှာပြောင် တိုက်ဘူးခံပြီးငြင်းပယ်ခဲ့ကြတယ် မဟုတ်လား။
ဒါနဲ့ပတ်သက်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က “ယခင် ဆယ်စုနှစ်များအတွင်း မိမိတို့နိုင်ငံ၏ သိက္ခာရော၊ မိမိတို့နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ သိက္ခာရော မြင့်သင့်သလောက်မမြင့် ခဲ့ဘူးဟု ပွင့်ပွင့်လင်းလင်း ပြောရမည်ဖြစ်ပါကြောင်း” ဆိုတဲ့ စကားလေးနဲ့ “ဘုရားစူး” ဝေဖန်သွားပါတယ်။ ငှက်မွှေးလေးနဲ့ သပ်ပေးသွားပါတယ်။
တကယ်တော့ အဲဒီဆယ်စုနှစ်များအတွင်းမှာ စစ်အစိုးရ၊ စစ်တပ်နဲ့ ဗျူရိုကရေစီယန္တရားက လူမဆန်စွာကျူးလွန် ခဲ့ကြတဲ့ နိုင်ငံရေးရာဇဝတ် ပြစ်မှုပေါင်းစုံကို မလုပ်ခဲ့သယောင်၊ မပြုမူခဲ့သယောင်၊ မဖြစ်ပွားခဲ့သယောင်၊ ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုတွေကပဲ လုပ်ကြံလီဆယ်ဖန်တီးခဲ့သယောင် နိုင်ငံတကာမျက်နှာစာမှာ နိုင်ငံခြားရေးဝန်ကြီး၊ သံတမန် ဝန်ထမ်းများနဲ့ နိုင်ငံခြားရေးဝန်ကြီး ဌာနဆိုတဲ့ယန္တရားက ဘူးခံ၊ ဖုံးကွယ်၊ ဖားထေးပေးခဲ့ကြပါတယ်။ ကုလသမဂ္ဂစင်မြင့်မှာ အရှက်ကင်းမဲ့စွာ မျက်နှာပြောင်တိုက်ပြီး စစ်အစိုးရ ဘက်ကနေ ခုခံကာကွယ်ပြောဆိုခဲ့ကြပါတယ်။ ဒီအတွက် သူတို့မှာ မု ချပဲ အပြစ်ရှိပါတယ်။
၁၉၈၈ မှ ၂၀၁၁ အထိ နှစ်ပေါင်း ၂ဝ ကျော်ကာလအတွင်းမှာ (နဝတ-နအဖ) စစ်အုုပ်စုက အရမ်းကားဆုံး၊ အ ကြမ်းကြုတ်ဆုံး၊ လူမဆန်ဆုံး ဖိနှိပ်အုပ်စိုးခဲ့တာပါ။ အဲဒီကာလအတွင်းမှာ နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA) မှာ နိုင်ငံခြား ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ သူ (၄) ဦးရှိပါတယ်။ ဗိုလ်ချုပ်မှူး စောမောင်၊ ဦးအုံးဂျော်၊ ဦးဝင်းအောင်၊ ဦးဉာဏ်ဝင်း တို့ ဖြစ်ပါတယ်။ သူတို့ဟာ စစ်ဗိုလ်တွေ၊ စစ်ဗိုလ် အငြိမ်းစားတွေဖြစ်ပြီး စစ်အစိုးရအမှုတော်ကို ကျေပွန်စွာထမ်းရွက်ခဲ့ကြသူ တွေဖြစ်ပါတယ်။ စစ်အုပ်စုအာဏာတည်တံ့ခိုင်မြဲရေး အတွက် ကြိုးစား ပမ်းစားခုခံကာကွယ်ခဲ့ကြသူတွေဖြစ်ပါတယ်။
ထိုနည်းတူပါပဲ။ ရှေ့တန်းစစ်မြေပြင်မှာ။ လမ်းမတွေပေါ်မှာ၊ အကျဉ်းထောင်ထဲမှာ၊ စစ်ကြောရေးမှာ၊ တရားရုံးမှာ စစ်အစိုးရရဲ့ အမှုတော်ကို ထမ်းရွက်ခဲ့ကြသူတွေဟာ နိုင်ငံတော်ရဲ့လစာစားရိတ်ကို စားကြတဲ့ အမှုထမ်းအရာထမ်း ဝန်ထမ်း တွေပဲဖြစ်ပါတယ်။
အထက်ကပေးတဲ့ “တသွေးတသံတမိန့်၊ ညွှန်ကြားချက်အရ” အတိုင်းပစ်ခတ်၊ သတ်ဖြတ်၊ မုဒိန်းကျင့်၊ ရွာမီးရှို့ရတာပါလို့ သူတို့ ကလည်းဆိုလေ့ရှိ ကြပါတယ်။ ဒီလို အရှင့်အမှုတော်ကို “ ရွပ်ရွပ်ချွံချွံ ဦးလည်မသုန်၊ တုံးဆို တိုက် ကျားဆို ကိုက်” ထမ်းရွက်သူတွေကို အုပ်စိုးသူတွေကလည်း “သူရ၊ သီဟ၊ သရေစည်သူ၊ စည်သူ၊ သုဓမ္မသိဂင်္ီ —” စသဖြင့် အရပ်ဘက်/စစ်ဘက်/သာသနာဘက်ဆိုင်ရာ ဘွဲ့ထူး ဂုဏ်ထူးတွေပြန်လည်ပေးအပ်ပြီး ချီးမြှင့် မြှောက်စားပြီး သူကောင်းပြု တယ်မဟုတ်လား။ အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူများမှာတော့ သွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေ ပင်လယ်ဝေ။
သူတို့ကို “ ၂၀၀၈ အခြေခံဥပဒေ” ပုဒ်မ ၄၄၅ မှာ “ — ယင်းအဖွဲ့၊ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦး သို့မဟုတ် အစိုးရ အဖွဲ့ဝင်တစ်ဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များအပေါ်အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရ” လို့ အတိအကျပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။
ဒီလို ဘေးမဲ့ပေးထားပြီးသူတွေအပေါ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီး ပါးစပ်ကနေ “ ဝန်ထမ်းများဟာ အစိုးရခိုင်းတိုင်းလုပ်တယ်ဆိုတာ အပြစ်လို့ မမြင်ပါဘူး ” လို့ပြောတာဟာ “၂၀၀၈ အခြေခံဥပဒေ” ၊ပုဒ်မ ၄၄၅ကို မလွန်ဆန် နိုင်ကြောင်း ဖော်ပြလိုက်တာလား သို့တည်းမဟုတ် ပဲ့ထင်ထပ်လိုက်လေသ လားလို့ နာနာ ကျင်ကျင်စဉ်းစားမိပါတယ်။
ရည်ညွန်း –
– ပြစ်မှုဆိုင်ရာဥပဒေ (ရာဇသတ်ကြီး)
– ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)
– မြန်မာ့အလင်းသတင်းစာ (၁၇-၃-၂၀၁၇) – မေနှင်းအေး – “နိုင်ငံခြားရေးဝန်ကြီးဌာနသက်တမ်း အနှစ် (၇၀) ခရီး ”
– မြန်မာ့အလင်းသတင်းစာ (၁၈-၃-၂၀၁၇)