အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လမ်းကြောင်းအပေါ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ပဒိုမန်းမန်းမန်းနှင့် ကေအိုင်စီ-ကရင်သတင်းဌာန မေးမြန်းဖြေကြားထားချက် ဖြစ်သည်။
မေး။ ။ ကရင်ပြည်နယ် ဖားအံမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှာ တင်သွင်းတဲ့စာတမ်းတွေက ကရင်လူထုတစ်ရပ်လုံးကို ဘယ်လောက်ထိ လွှမ်းခြုံနိုင်ပါလဲ။ အားရကျေနပ်မှုရော ရှိပါလား။
ဖြေ။ ။ နံပါတ် တစ်အချက်အနေနဲ့ပြောရရင်တော့ ဒီဟာတွေက KNU ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေနဲ့ တစ်ထပ်တည်းဖြစ် တယ်လို့တော့ ကနဦးပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ကိစ္စနဲ့ ပတ် သက်ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု အခြေခံမူ ၈ချက်ကို ပြီးခဲ့တဲ့ ၂၀၀၅ခုနှစ်ကတည်းက အစပျိုးချမှတ်ခဲ့တဲ့ အခြေခံမူတွေလို့ ပြောလို့ရတယ်။
နောက်ပြီးတော့ ကရင်နိုင်ငံရေးပါတီတွေ၊ ဒေသအလိုက်ဖြစ်တဲ့ တိုင်းနဲ့ပြည်နယ်တွေအပြင် ဘာသာရေးခေါင်းဆောင်တွေလည်း ပါလာတယ်ဆိုတော့ ဒါဟာ တစ်မျိုးသားလုံးရဲ့ နိုင်ငံရေးရည်မှန်းချက်တွေအပေါ်မှာ သဘောတူ ချမှတ်နိုင်ခဲ့တယ်လို့ ပြောလို့ရ တယ်။ ဖက်ဒရယ်ပြည်ထောင်စု အခြေခံမူသာမကဘဲနဲ့ ပြည်နယ်ဖွဲ့စည်းပုံဥပဒေနဲ့ ပတ်သက်ပြီးတော့မှ လမ်းညွန်ချက် အခြေခံမူ ၈ချက်ကိုပါ သဘောတူဆုံးဖြတ်နိုင်ခဲ့တဲ့အတွက် ကျေနပ်အားရမှုရှိတယ်လို့တော့ ပြောလို့ရပါတယ်။
မေး။ ။ နောက်ပြီး ဆွေးနွေးပွဲကနေ ထွက်ရှိလာတဲ့ရလဒ်တွေအပေါ်မှာ အဆင့်ဆင့် ဘယ်လိုပုံစံနဲ့ သွားကြမလဲဆိုတာ ရှင်းပြ ပေးပါခင်ဗျာ။
ဖြေ။ ။ အခုထွက်ရှိလာတဲ့ရလဒ်တွေက လုပ်ငန်းကော်မတီအဖွဲ့ကနေတစ်ဆင့် UPDJC ကိုရောက်မယ်။ အဲဒီကနေ ဖြတ် ကျော်ပြီးမှ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံလို့ခေါ်တဲ့ ၂၁ပင်လုံကိုရောက်မယ်။ ဒီအဆင့်တွေမှာတော့ အခက်အခဲတွေ အများ ကြီး ရှိပါတယ်။ ခုနကပြောတဲ့ ကရင်တစ်မျိုးသားလုံးရဲ့လိုလားချက်ဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ အတွက် အခြေခံမူတွေကို ရထားသော်ငြားလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဒါတွေကျလာဖို့ အဆင့်တွေများစွာ ကျော်ဖြတ်ရအုံး မှာဖြစ်ပါတယ်။
ဒီအဆင့်တွေကလည်း ဆုံးဖြတ်ချက်ကို ဘယ်လိုချကြမလဲ ဆိုတဲ့အချက်ပေါ်မှာ အခြေခံပြီးတော့မှပဲ လက်ရှိ အခင်းအကျင်းအရ ကတော့ ကျော်နိုင်ဖို့ အကန့်အသတ်တွေ အများကြီး ရှိနေတယ်လို့ ပြောရမှာဖြစ်ပါတယ်။ သို့သော်လည်းပဲ ဒါက ကျနော်တို့ နိုင်ငံရေးရည်မှန်းချက်လည်း ဖြစ်တယ်။ ကရင်တစ်မျိုးသားလုံးသာမကဘဲနဲ့ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်နေတဲ့အတွက် ဒါကို ကျနော်တို့ တစ်စိုက်မတ်မတ် တောင်းဆိုသွားမှာပဲ ဖြစ်ပါတယ်။ ထို့အတူပဲ ကေအဲန်ယူအနေနဲ့ ဒီနိုင်ငံရေးရပ်တည်ချက်အပေါ် မှာပဲ ရပ်တည်ကိုင်စွဲသွားမှာဖြစ်ပါတယ်။
ညီလာခံဆိုတာကလည်း ၆လတစ်ကြိမ်ဖြစ်တဲ့အတွက် မကြာခင်အချိန်လေးမှာဆိုတော့ ဒီအဆင့်တွေကျော်ဖို့ အကန့်အသတ် တွေ အများကြီးဖြစ်သွားတဲ့ပုံပဲ။ အချိန်ကာလအရတင်မကပဲ ဆုံးဖြတ်ချက်တွေချတဲ့နေရာမှာ ဥပမာအားဖြင့် လုပ်ငန်းကော်မတီ ဘက်ကလည်း ကျနော်တို့ရဲ စာတမ်းတွေကို ဘယ်လိုဆုံးဖြတ်မလဲဆိုတာကအစ ဒါက အခက်အခဲ၊ အကန့်အသတ်တစ်ခု ဖြစ် မယ်။ နောက်တစ်ခုက UPDJC ကနေမှ နောက်ဆုံးငြိမ်းချမ်းရေးညီလာခံကနေ ကျနော်တင်ပြချက်တွေကို ဘယ်လိုဆုံးဖြတ်ချက် ရယူမလဲဆိုတဲ့ အခက်အခဲတွေ အများကြီးကျော်လွှားရမှာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့လိုလားချက် တွေ ဘယ်လောက်အထိ ရလာမလဲဆိုတာ ကျနော်တို့ဘယ်လိုမှ တထစ်ချပြောလို့ မရဘူး။
နောက်တစ်ခုက နိုင်ငံရေးဆွေးနွေးပွဲနဲ့ နိုင်ငံရေးရလဒ်ဆိုတာက တစ်ခုနဲ့ ဆက်စပ်နေတဲ့အပိုင်း ဖြစ်ပါတယ်။ ဆိုလိုတာက ဟိုအ ပိုင်းကတော့ မရသေးဘူး။ ဒီအပိုင်းကိုတော့ ရမယ်ဆိုတာမျိုး သွားတာထက်စာရင် တစ်စုံလုံးရဲ့ရလဒ် အထူးသဖြင့် အခြေခံမူ တွေကိုတော့ ကျဖို့လိုမယ်ပေါ့နော်။ ဒီအဓိကကျတဲ့ အခြေခံမူတွေကို အားလုံးက သဘောထားကျပြီး လက်ခံဖို့ လိုပါတယ်။ ဒီအ ခြေခံမူတွေရပြီးမှသာလျှင် ကျနော်တို့ ရှေ့ဆက်တိုးလို့ရမယ်။ ဒီအခြေခံမူတွေ မရသေးဘဲနဲ့ တစ်ချို့သောလုပ်ငန်းစဉ်တွေနဲ့ပဲ ခုန်ပျံကျော်လွှားသွားမယ်ဆိုရင်တော့ ကျနော်တို့အတွက်က ရှေ့နောက်ပြန်ပြီး ထိန်းညှိရတာက အများကြီး အခက်အခဲ ဖြစ်သွား မယ်။ ဒီအခြေခံမူတွေ၊ လမ်းညွန်ချက်တွေကိုတော့ ကနဦးအစပိုင်း နိုင်ငံရေးရလဒ်အဖြစ် ကျသွားအောင်တော့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
မေး။ ။ လုံခြုံရေးဆိုင်ရာ ကဏ္ဍနဲ့ပတ်သက်ပြီး အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှာ ထည့်သွင်း မဆွေးရတဲ့အကြောင်း ရှင်းပြပေးပါအုံး ဆရာ။
ဖြေ။ ။ ကဏ္ဍကြီး ၄ရပ်မှာတောင် ဒီနိုင်ငံရေးကဏ္ဍက အဓိကပိုကျပါတယ်။ လုံခြုံရေးဆိုင်ရာကဏ္ဍ မပါလာနိုင်သေးတာက တော့ ကျနော်တို့အနေနဲ့ စိုးရိမ်စရာဖြစ်တယ်။ လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးဆိုတာကလည်း နိုင်ငံရေးရလဒ်ပေါ်မှာ အခြေခံပြီးတော့မှ တစ်ထပ်တည်းသွားဖို့လိုပါတယ်။ ဒါကိုလည်း ကျနော်တို့ကေအဲန်ယူက ပြည်ထောင်စုတပ်မတော်ကို ဘယ်လို ထားမလဲ။ လုံခြုံရေးဆိုင်ရာမူဝါဒ ဘယ်လိုထားမလဲ။ ပြည်ထောင်စုတပ်မတော် ဘယ်လိုစုဖွဲ့မလဲ။ ပြည်နယ်တပ်မတော် ဘယ်လို စုဖွဲ့မလဲ။ ကြားကာလမှာ ဘယ်လိုရပ်တည်မလဲဆိုတဲ့ ကျနော်တို့ဆီမှာ အခြေခံမူတွေ ရှိထားပြီးသားအပေါ်မှာ ဒီအတိုင်းပဲ ကျနော်တို့ ဆက်ရပ်တည်မှာဖြစ်တယ်။ ဒါတွေကိုတော့ ကျနော်တို့ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တင်နိုင်သည်ဖြစ်စေ၊ မတင်နိုင်သည်ဖြစ်စေ ကျနော်တို့ချမှတ်ထားတဲ့ ဒီအခြေခံမူတွေအပေါ်မှာပဲ ရပ်တည်ကိုင်စွဲသွားမှာဖြစ်ပါတယ်။
မေး။ ။ တနသင်္ာရီတိုင်းဒေသကြီးမှာလည်း ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်တဲ့အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ UPDJC ကချမှတ်အတိုင်း ခေါင်းစဉ်ကတော့ ဒီ ၄ခုပဲလို့ သိရပါတယ်။ အဲဒီအပေါ်မှာ ခေါင်းစဉ်တူပေမယ့်လည်း သူတို့ တွေတင်ပြလာတဲ့ စာတမ်းတွေမှာ တစ်ချို့ဟာတွေကတော့ ကွဲလွဲမှုရှိကောင်းရှိနိုင်တယ်။ ဒါကြောင့်မို့ အထူးသဖြင့် မြေယာနဲ့ ပတ်သက်ပြီး အများကြီး ရှုတ်ထွေးလာနိုင်တယ်။ တကယ်လို့သာ ဒါကို ပူးပေါင်းပြီး စနစ်တကျနဲ့ မချမှတ်နိုင်ဘဲနဲ့ ဒေသအလိုက် တစ်ခုလုပ်လိုက်၊ လူမျိုးအလိုက် တစ်ခုလုပ်လိုက်နဲ့ လူမျိုးဆိုတာကလည်း အများကြီးရှိတယ်။ ဒါတွေကို သေချာမူဘောင် မချနိုင် ဘဲနဲ့ ဒီလိုပဲဖွင့်ပြီးတော့သာ ဆောင်ရွက်မယ်ဆိုရင် ပြသာနာတွေကိုဖြေရှင်းတာထက် ရှုပ်ထွေးမှုတွေ ပိုဖြစ်လာမှာကို ကျနော်တို့ စိုးရိမ်မိပါတယ်။ ဒါတွေကလည်း ထည့်သွင်းစဉ်းစားရမယ့် အချက်တွေထဲမှာ ပါပါတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ ဘာများ ပြောချင်ပါသေးလဲခင်ဗျာ။
ဖြေ။ ။ အချုပ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဖားအံပွဲမှာ အထူးသဖြင့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေမူ ၈ချက်ကို သဘောတူ ချမှတ်နိုင်ခဲ့တယ်။ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံမူ ၈ချက်ကိုလည်း သဘောတူချမှတ်နိုင်ခဲ့တယ်။ ဒီအပေါ်မှာပဲ အခြေခံ ပြီးတော့ ကျနော်တို့နဲ့အတူ တိုင်းရင်းသားအားလုံး စုစည်းညီညွတ်စွာနဲ့ ဒီအပေါ်မှာ ရပ်တည်ဆောင်ရွက်သွားဖို့ လိုအပ်မယ်လို့ပဲ ပြောချင်ပါတယ်။