Home အယ်ဒီတာ့အာဘော် အယ်ဒီတာ့အာ‌ဘော်

အယ်ဒီတာ့အာ‌ဘော်

2072

တိုင်းရင်းသား ပြည်သူ့အကျိုး‌ရှေးရှု လုပ်‌ဆောင်ရမည့် ပြည်တွင်းငြိမ်းချမ်း‌ရေး

လက်ရှိ တ‌ကျော့ပြန် ပြည်တွင်းငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များ အရှိန်ရစပြုလာပြီးဖြစ်သည်။ အစိုးရသစ်အ‌နေဖြင့် လည်း လာမည့် ဩဂုတ်လကုန်ပိုင်းတွင် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ (၂၁ ရာစု ပင်လုံ)ကို ကျင်းပသွား မည်ဟု ‌ပြောဆိုထားပြီးဖြစ်ကာ ယင်းအတွက် အစိုးရနှင့် တိုင်းရင်းသား ‌တော်လှန်‌ရေးအဖွဲ့များလည်း အသီးသီး ပြင်ဆင်မှုများပြုလုပ်‌နေသည်ကို ‌တွေ့ရမည် ဖြစ်သည်။

နှစ်‌ခြောက်ဆယ်‌ကျော်ကြာ ပြည်တွင်းစစ်ဖြစ်ပွားရသည့် အ‌ကြောင်းအရင်းကို ပြန်ကြည့်မည်ဆိုလျှင် တိုင်းရင်း သားလူမျိုးစုံရှိသည့် မိမိတို့နိုင်ငံသည် မဟာလူမျိုးကြီးဝါဒ ကျင့်သုံးကာ တစ်ပြည်‌ထောင်စနစ် တည်‌ထောင်ခဲ့ခြင်း‌ကြောင့် နိုင်ငံ‌ရေးအရ ‌ပြေလည်မှုမရဘဲ ပြည်တွင်းစစ်ဖြစ်ပွားခဲ့ရခြင်းပင် ဖြစ်သည်။

အမှန်စင်စစ် တိုင်းရင်းသားများအ‌နေဖြင့် အမိနိုင်ငံ‌တော်ကြီးတွင် ‌ရှေးပ‌ဝေသဠီထဲက အတူတကွ ‌နေထိုင်လာ ကြပြီး လွတ်လပ်‌ရေးအတွက် အတူတကွ တိုက်ပွဲဝင်ခဲ့သူများဖြစ်ကာ နိုင်ငံ‌တော်၏ မူလပိုင်ရှင်များသာ ဖြစ်သည်။ မူလပိုင်ရှင်များအ‌နေဖြင့် မိမိအခွင့်အ‌ရေး၊ တနည်း တန်းတူရည်တူ အခွင့်အ‌ရေး မရရှိခဲ့ခြင်း‌ကြောင့် ‌တော်လှန်‌ရေးလမ်းစဉ်ကို လုပ်‌ဆောင်ခဲ့ခြင်းဖြစ်သည်။ ယင်းက ပြည်တွင်းစစ်ဖြစ်ပွားရသည့် အ‌ခြေခံအ‌ကြောင်း အရာဖြစ်သည်။

ပြည်တွင်းစစ်ဒဏ်ကို အထူးသဖြင့် တိုင်းရင်းသားပြည်နယ်များတွင် ‌နေထိုင်သည့် တိုင်းရင်းသား ပြည်သူများသာ အများဆုံးခံခဲ့ရပြီး အချို့မှာ စစ်‌ပြေးဒုက္ခသည်အဖြစ် အခြားနိုင်ငံများတွင် မျက်နှာငယ်စွာ ‌နေထိုင်‌နေရသလို တိုင်းပြည်သည်လည်း အဖက်ဖက်မှ ချွတ်ခြုံကျပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းသို့ ‌ရောက်ရှိသွားကာ တိုင်းရင်းသားပြည်သူအားလုံး ဆင်းရဲကြပ်တည်း ဒုက္ခမျိုးစုံ ကြုံ‌နေ‌နေဆဲပင်ဖြစ်သည်။

အဆိုပါ ပြည်တွင်းစစ်ပြဿနာကို အစိုးရအဆက်ဆက်‌ဖြေရှင်းခဲ့‌သော်လည်း ‌ပြေလည်မှုမရခဲ့သည်မှာ ပြဿနာ အရင်းခံ နိုင်ငံ‌ရေးအရ မူလပိုင်ရှင်တန်းတူအခွင့်အ‌ရေး‌ပေးရန် ပျက်ကွက်ခဲ့ခြင်း‌ကြောင့်သာဖြစ်သည်။ ထို့အပြင် အစိုးရအဆက်ဆက်အ‌နေဖြင့် တိုင်းရင်းသား‌တော်လှန်‌ရေးအဖွဲ့များကို နာမည်ဖျက်ခြင်း၊ ခွဲထွက်‌ရေးသမားများ ဟု ပုံ‌ဖော်ဝါဒဖြန့်ခြင်း၊ အချင်းချင်း ‌သွေးခွဲသပ်လျှိုခြင်း၊ မက်လုံး‌ပေးမြူဆွယ်ခြင်း အမျိုးစုံသုံး ‌ဖြေရှင်းခဲ့ ‌သော်လည်း အနာတခြား ‌ဆေးတခြား ဖြစ်ပြီး ‌အောင်မြင်မှု မရှိခဲ့သည်ကို‌တွေ့ရမည်ဖြစ်သည်။

ဆိုခဲ့ပါအတိုင်း တိုင်းရင်းသားများ စု‌ပေါင်း‌နေထိုင်ခဲ့သည့် နိုင်ငံ‌တော်တွင် မူလပိုင်ရှင်တိုင်းရင်းသားအား တန်းတူ ရည်တူရှိသည့် ဖက်ဒရယ်ဒီမိုက‌ရေစီနိုင်ငံ‌တော် တည်‌ထောင်မှသာ ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံ‌တော် တစ်ခုကို တည်‌ဆောက်နိုင်မည်ဖြစ်သည်ကို နိုင်ငံ‌ရေးဦး‌ဆောင်သူများအားလုံး ဖြစ်ရပ်မှန် သမိုင်းသင်ခန်းစာ ယူတက်ရန် လိုသည်။

ထို့‌ကြောင့် လက်ရှိအစိုးရအ‌နေဖြင့် ဖက်ဒရယ်ဒီမိုက‌ရေစီနိုင်ငံ‌တော် တည်‌ဆောက်မည်မှသာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မည်ကို သိနားလည်ထားပြီးဖြစ်သလို ယင်းအတွက်ငြိမ်းချမ်း‌ရေးတည်‌ဆောက်ရာတွင် ပြဿနာ အ‌ကြောင်းအရင်းခံ တိုင်းရင်းသားများ၏ မူလပိုင်ရှင်အခွင့်အ‌ရေးကို အသိအမှတ်ပြု တန်းတူရည်တူ သ‌ဘောထားရန် လိုသည်။

ဆိုလိုသည်မှာ အမိနို်င်ငံ‌တော်ကြီးကို အတူတကွ ပိုင်ဆိုင်ခဲ့သည့် တိုင်းရင်းသားများအ‌နေဖြင့် ‌တောင်းစရာ မရှိသလို ‌ပေးစရာလည်း မရှိကာ မူလပိုင်ရှင်များသာ ဖြစ်သည်ကို နားလည်အသိအမှတ် ပြုရန်လိုသည်။ ထိုသို့ မဟုတ်လျှင် ခုတ်ရာတခြား ရှရာတခြား ဆက်ဖြစ်‌နေပြီး ငြိမ်းချမ်း‌ရေးခရီးအလှမ်း‌ဝေးကာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်‌ရေးသည်လည်း ‌ရွှေပြည်‌တော်‌မျှော်‌လေတိုင်း‌ဝေး ဆိုသလို ဖြစ်‌နေဦးမည်။

အချုပ်အားဖြင့် ‌ပြောရမည်ဆိုလျင် ငြိမ်းချမ်း‌ရေးကို စစ်ဒဏ်သင့် တိုင်းရင်းသားပြည်သူများသာ အလိုချင်ဆုံး ဖြစ်သလို တိုင်းပြည်ဖွံ့ဖြိုး‌ရေးအတွက် တခုတည်း‌သော နည်းလမ်းလည်း ဖြစ်သည်။ ထို့‌ကြောင့် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ် ‌ဖော်‌ဆောင်ရာတွင် တိုင်းရင်းသားပြည်သူ ‌ရေရှည်အကျိုးကိုသာ ‌ရှေးရှုလုပ်ကိုင်သွားရန် ကရင်သတင်းစဉ်က တိုက်တွန်းလိုပါသည်။