အရှင်ပညာသာမိ (တောင်ကလေးဆရာတော်)
အပစ်ရပ်စာချုပ်ဟာ နိုင်ငံရေးလမ်းပြစာချုပ် မဟုတ်ဘူး။ ဒီစာချုပ်ဟာ ငြိမ်းချမ်းရေးကို အကောင်အထည်မဖော်ဆောင် နိုင်ဘူးလို့ မြင်ပါတယ်။ ဖြစ်သင့်တာက တစ်နိုင်ငံလုံး တိုင်းရင်းသားအားလုံး ပါဝင်ရမယ်။ အခုလို အားလုံး မပါဝင်တော့ ပြည် တွင်းစစ်အသွင် ဖြစ်ပေါ်စေနိုင်တယ်။ ပြည်ထောင်စုတိုင်းပြည်ဟာ ပြည်ထောင်စုဖက်ဒရယ်ဖြစ်မှ ပြည်တွင်းငြိမ်းချမ်းမယ်။
ငြိမ်းချမ်းရေးကို အကြောင်းပြပြီး လုပ်ပြတဲ့ အပစ်ရပ်ပါ။ အပစ်ရပ်ထားလို့မရပါ။ အပစ်ရပ်ထားရင် ဖက်ဒရယ်ပြည် ထောင်စု မဖြစ်တော့ပါ။ ငြိမ်းချမ်းရေးအဆုံးအဖြတ်ကို ဖက်ဒရယ်နဲ့ ဆုံးဖြတ်ရင် ပြည်ထောင်စုဖွဲ့စည်းပုံ ပြင်ရမယ်။ အဲ့ဒါလည်း လွှတ်တော်မှာ ရှုံးနိမ့်ခဲ့ပြီ။ ဒါပါပဲ။ အေးမြပါစေ။
စောလင်းထက် (ဖွံ့ဖြိုးရေးလူငယ်အစီအစဉ် ဦးဆောင်သူ)
NCA ကို ပထမခြေလှမ်းအနေနဲ့ တက်လှမ်းနိုင်တာကို လူငယ်တစ်ယောက်အနေနဲ့ ဂုဏ်ယူဝမ်းသာဖြစ်ရလို့ အားထုတ် လုပ်ဆောင်နေကြတဲ့သူ အယောက်စီတိုင်းကိုလည်း လေးစားဂါရဝပြုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်ကို မလိုလားကြ လို့ လူငယ်တွေ(ကရင်)မှာ မျှော်လင့်ချက်တွေနဲ့ တိုင်းပြည်အတွက် ဆောင်ရွက်စရာတွေလည်း အများကြီးရှိနေလို့ပါ။
ဒုတိယအချက်အနေနဲ့ အားလုံးပါဝင်ရေးမူကို လက်ကိုင်ထားသော်လည်း အားလုံး မပါဝင်နိုင်သေးတာ ကောင်းသော အချက်တစ်ချက်လို့မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လုပ်စရာတွေ အများကြီးရှိသေးတယ်လို့ လူငယ်တစ်ယောက်အနေနဲ့ အဓိပ္ပါယ်ပေါ်လွင်အောင် မီးမောင်းထိုးပြတာဖြစ်ပြီး မဖြစ်မနေ လုပ်ကိုလုပ်ရတော့မယ့်ကိစ္စတွေ ပေါ်လာခဲ့ရင်လည်း မတူညီတဲ့ လမ်းကြောင်းကနေ လုပ်ဆောင်နိုင်သေးတယ်ဆိုတဲ့ မဟာဗျူဟာလမ်းကြောင်းတစ်ရပ် ပေါ်ထွက်လာနိုင်တယ်လို့လည်း သုံးသပ် မိလို့ပါ။
တတိယအချက်ကတော့ ရည်မှန်းထားတဲ့ ပန်းတိုင်နဲ့ မူ(တိုင်းရင်းသားအားလုံးပါဝင်ရေး)တွေကို ဆက်လက် အကောင် အထည်ဖော်ဆောင်ရွက်ဖို့နဲ့ ရရှိထားတဲ့ ကတိကဝတ်တွေကို အမှန်တကယ် အသက်ဝင်နိုင်အောင် ဆက်လက် ကြိုးစားရအုံး မယ်ဆိုတာရယ်။ အဓိကခေါင်းဆောင်တွေ ပိုပြီးပင်ပမ်းမှာဖြစ်တဲ့အတွက် ပြည်သူတွေရဲ့အား ပိုပြီးလိုမယ်လို့လည်း ထင်ပါတယ်။
နောက်ဆုံးအချက်ကတော့ ခေါင်းဆောင်တွေအားလုံးရော၊ ပြည်သူတွေအားလုံးမှာ တာဝန်ရှိတယ်ဆိုတာ သိရှိ၊ ပါဝင်၊ ဆောင် ရွက်ဖို့နဲ့ ခေါင်းဆောင်တွေရော၊ ပြည်သူတွေရော ပိုပြီး သဘောထားကြီးရမယ်လို့ ထင်ပါတယ်။
နော်ကညောဖော (အတွင်းရေးမှူး၊ ကရင်အမျိုးသမီးအစည်းအရုံး-KWO)
ကျမအနေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ထဲမှာ အမျိုးသမီးတွေရဲ့ အကြမ်းဖက်မှုကိစ္စတွေနဲ့ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို အနည်းဆုံး ၃ဝရာခိုင်နှုန်း ထည့်သွင်းချင်တယ်။ စာချုပ်ထဲမှာတော့ ပါဝင်သင့် ပါဝင်ထိုက်တယ်လို့ပဲ ရေးထားတယ်။ အတိအကျ ဖော်ပြထားတာတော့ မရှိဘူး။ အမျိုးသမီးတွေ၊ ခလေးတွေက ဒီနှစ်ပေါင်း ၆၀ကျော် ပဋိပက္ခထဲမှာ ခံစားလာခဲ့ရသူတွေပါ။ အစိုးရနဲ့ တိုင်းရင်းသားအားလုံး ပါဝင်လက်မှတ်ထိုးတာ မဟုတ်တော့ ကျမတို့လည်း စိုးရိမ်စိတ်တွေ ရှိနေတယ်။ အခု လက်မှတ်ထိုးလိုက်တဲ့အဖွဲ့တွေရဲ့ နယ်မြေမှာတော့ တိုက်ပွဲတွေမရှိတော့ပေမယ့် လက်မှတ်မထိုးတဲ့အဖွဲ့တွေရှိ တဲ့ ကချင်တို့၊ သျှမ်းတို့မှာ တိုက်ပွဲတွေဆက်ရှိနေတော့ အဲဒီမိခင်တွေ၊ ခလေးတွေအတွက်လည်း ကျမတို့ စိတ်မအေးရဘူး။
ကျမတို့ ကရင်ပြည်နယ်ထဲမှာလည်း လက်မှတ်ထိုးလိုက်ပေမယ့် အစိုးရက တပ်အင်အားတိုးချဲ့တာတွေ ရှိနေတယ် ကြားရတော့ စာချုပ်ကို အခိုင်အမာ ဖြစ်စေချင်တယ်။ Code of Conduct အပြင် နိုင်ငံရေးဆွေးနွေးပွဲကိုလည်း အမြန်သွားစေ ချင်ပါတယ်။ နောက်တစ်ခုက လက်မှတ်ထိုးပြီးနောက် မတရားအသင်းကနေ ပယ်ဖျက်ပေးတာ ကောင်းပါတယ်။ အဲဒါက လူထု တွေ အထူးသဖြင့် အစိုးရအုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့လူထုတွေအတွက် အင်မတန် ကောင်းပါတယ်။ လွတ်လွတ်လပ်လပ်နဲ့ တွေ့ဆုံခွင့်ရပါတယ်။ ဒါပေမယ့် မတရားအသင်းကနေ ဘယ်လောက်ပဲ ပယ်ဖျက်ပေးသော်လည်းပဲ ကျမတို့ ပဋိပက္ခနယ်မြေအ တွင်းမှာနေရတဲ့ အမျိုးသမီးနဲ့ ကလေးတွေအနေနဲ့ကတော့ ခုနကပြောတဲ့ စာချုပ်အခိုင်အမာ မဖြစ်တာတွေ၊ Code of Conduct ကို ပီပီပြင်ပြင် မဖော်နိုင်သေးတာ၊ နိုင်ငံရေးဆွေးနွေးမှုတွေ အမြန် မလုပ်နိုင်သေးသမျှတော့ ကျမတို့အနေနဲ့ စိုးရိမ်နေရတုန်း ဖြစ် ပါတယ်။
မန်းအောင်မြိုင် (ကရင်အမျိုးသားပါတီ)
လက်မှတ်ထိုးရင် မှင်ကုန်တာတစ်ခုပဲ ဖြစ်တယ်။ လက်မှတ်မထိုးဘဲ လုပ်လို့ရတဲ့အလုပ်ပါ။ မတရားအသင်း ဖျက်သိမ်းတာထက် မတရားတာ မလုပ်ဘူးဆိုတာ အဓိကပါ။ တဦးပေါ်တဦး စိတ်ထားမှန်သမျှတော့ ငြိမ်နေဦးမှာပါ။ စက္ကူပေါ်မှာထက် နှလုံးသားထဲက ကိုယ်ချင်းစာပြည့်ဝမှုက ဆုံးဖြတ်ပေးလိမ့်မယ်။ အကုန်လုံး လက်မှတ်ထိုးလည်း ဘာမှမဖြစ်ဘူး။ ဖက်ဒရယ်ပြည်ထောင်စု မဖြစ်မချင်း ဘာမှမပြည့်ဝဘူး။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်တဲ့နေ့ Peace and Unity အပြည့်ရမယ်။ တခြားဘာနဲ့လုပ်လုပ် ဘာမှမဖြစ်ဘူး။
NCA စာချုပ် မလိုအပ်ဘဲလုပ်တာ တစ်ဖက်သတ် အသာစီးရရေးကို ဦးတည်နေတယ်လို့ မြင်တယ်။ စာချုပ်ထဲကအ တိုင်း ဘယ်သူက လိုက်လုပ်သလဲအပေါ်မှာ ကြည့်ရမယ်။ စာချုပ်ဆိုတာ တန်းတူ ပုံဖော်ပိုင်ခွင့်ရှိရတယ်။ အများက သဘောတူ တဲ့အလုပ်ကို အနည်းက လိုက်လုပ်မှာလား။ တစ်ယောက်တည်းလုပ်ချင်တဲ့အလုပ်ကို အများက ကတိ ၄ပါးကြောင့် လက်ခံရ တာမျိုး မဖြစ်ရဘူး။
စောရဲဝင်းနိုင် (ဥက္ကဋ္ဌ ကရင်ဒီမိုကရက်တစ်ပါတီ-KDP)
တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ်ရေးထိုးကြတဲ့အပေါ် ကျနော်တို့ပါတီအနေနဲ့လည်း အပြည့်အဝ ထောက်ခံသလို ကရင်ပြည်သူတွေကလည်း အပြည့်အဝ ထောက်ခံတယ်။ ပြည်သူလူထုရဲ့ဆန္ဒက ပိုပြီးအရေးကြီးပါတယ်။ ပြောရရင်တော့ ကျနော်တို့ကရင်ပြည်နယ်မှာ ငြိမ်းချမ်းရေးရဖို့ အရမ်းလိုအပ်တယ်လေ။ ပြည်သူတွေကလည်း တောင်းဆိုကြတယ်။ ကေအဲန်ယူ၊ ဒီကေဘီအေတို့ ပါဝင်လက်မှတ်ထိုးတာကတော့ ကျနော့်အနေနဲ့ လက်ခံကြိုဆိုပါတယ်။ ကျနော်တို့က စစ်ဒဏ်ကြောင့် ငြိမ်းချမ်း ရေးကို လိုချင်လှပြီ။ ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကတော့ အစိုးရနဲ့ အပြန်အလှန် ယုံကြည်မှု အပြည့်အဝ တည်ဆောက်နိုင်တဲ့နေ့မှာ အားလုံး ပါဝင်လက်မှတ်ရေးထိုးကြလိမ့်မယ်လို့တော့ ယူဆပါတယ်။ ဒီလို ကေအဲန်ယူတို့ လက်မှတ်ရေးထိုးလိုက်တဲ့အပေါ်မှာ ကရင်လူထုရဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်တာပဲလို့ ကျနော်မြင်ပါတယ်။
တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖြစ်လာမလား၊ မဖြစ်လာဘူးလားဆိုတာ အခုချိန်မှာ အခြားတိုင်းရင်းသားအဖွဲ့များ ကလည်း ယုံကြည်မှု တည်ဆောက်နေဆဲပဲဆိုတော့ တိုင်းရင်းသားအားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်တဲ့နေ့မှ တစ်နိုင်ငံလုံး စစ် မှန်တဲ့ ငြိမ်းချမ်းရေးကို ရလာနိုင်မယ်။ ဒါပေမယ့်လို့ အခြားတိုင်းရင်းသားတွေ မပါလာသေးတဲ့အတွက် အဲဒီဒေသမှာ နေထိုင်ကြ တဲ့ ပြည်သူတွေအတွက် စိုးရိမ်စိတ်လေးတော့ ရှိပါတယ်။