(မန်းကိုကို)
(၁)
ဧည့်ခန်းကျယ်ကြီးတစ်ခုထဲ အလှဆင်ထားတဲ့ တောကောင်အရေခွံတွေ အစီအရီ ရှိနေကြတယ်။ အဲဒီကြားထဲက ကျားခေါင်းအ ရေခွံကြီးဆီကနေ ခန့်ငြားတဲ့အသံတစ်သံ ထွက်လာတယ်။
“ငါအသက်ရှင်စဉ်က ဘယ်ကျားကိုမှ ဗိုလ်မထားခဲ့သလို ဘယ်သားကောင်ကမှလည်း ငါ့လက်က ပြေးမလွှတ်ခဲ့ဘူးကွ …..”။
ဝင့်ကြွားတဲ့ သူ့ရဲ့အသံဟာ လက်ရှိဘဝကို မေ့နေသလားလို့တောင် ထင်မှတ်ရတယ်။ ဘေးနားက ဘဝတူ တောကောင်အရေခွံ အများစုကတော့ မသိသလိုသာ နေနေကြတယ်။
အဲသည်အချိန်မှာ အခန်းတံခါးဝမှာ ရောက်နေတဲ့ မုဆိုးကြီးက သူလိုက်လို့ရခဲ့တဲ့ အမဲကောင်တွေအကြောင်း တွေးပြီး တစ် ယောက်ထဲ ပြုံးနေလေရဲ့။
(၂)
သစ်လုံးထူးခြံကြီးတစ်ခုထဲမှာ ဆင်ရိုင်းအချို့ ပိတ်လှောင်မိနေတယ်။ အပြင်မှာတော့ သစ်လုံးတိုင်ကိုယ်စီမှာ ချည်နှောင်ခံထားရ တဲ့ ဆင်ယဉ်တစ်အုပ်ပေါ့။
“မင်းတို့ ဘယ်လိုအားကြီးပေမယ့် မနက်ဖြန်ကျ တစ်ကောင်ချင်းစီကို လူတွေက ကြိုးနဲ့ချည် လှံနဲ့ထိုးချိန်မှာ ငါတို့ ဆင်ယဉ်တွေ က ဝိုင်းညှပ်ပြီး အားကုန်ကူတွန်းပေးလိုက်ရင် မင်းတို့တတွေ ဒူးထောက်လာရမှာပါကွ …..”။
ခုလို အထဲကဆင်ရိုင်းတွေကို မြူးတူးဂုဏ်ယူတဲ့လေသံနဲ့ လှမ်းပြောလိုက်သူကတော့ ဆင်ယဉ်အုပ်ထဲက အကောင်အကြီးဆုံး ဆင်ပေါက်ကြီးတစ်ကောင်ပါပဲ။
အဲဒီဆင်ပေါက်ကြီးဟာ သူလည်းပဲ ခုလို အခိုင်းခံဘဝကို ရောက်လာဖို့အတွက် ရက်စက်ပြီး ကြေကွဲစရာကောင်းတဲ့ အလားတူ ဖြစ်ရပ်မျိုးကို ဖြတ်သန်းခဲ့ရဖူးမှန်း မေ့လျော့နေပုံရတယ်။
အဲသည်အချိန်မှာ မလှမ်းမကမ်းက တဲထဲမှာ လှဲလျောင်းနေတဲ့ ဆင်ခေါင်းကြီးရဲ့ နှုတ်ခမ်းမှာတော့ အပြုံးလေးတစ်ခု တွဲလွဲခိုနေ လေရဲ့။
တစ်ချိန်ထဲမှာပဲ ဟိုးတောစပ်နားလေးက သစ်ပင်ကြီးအောက်မှာ သူ့သားသမီးတွေအတွက် တိတ်တဆိတ် ကြေကွဲနေသူက တော့ တောစောင့်နတ်ကြီးပေါ့။
(၃)
ဒေါနရဲ့ အမြင့်ဆုံးတောင်ထိပ်ပေါ်မှာ ဝိဉာဉ် ၃ယောက် စုစည်းရောက်ရှိနေကြတယ်။
မျက်နှာမှာ အရေးအကြောင်းတွေအပြည့်နဲ့ ထောင်ထောင်မောင်းမောင်း ဝိဉာဉ်အိုကြီးဆီက ကြည်လင်တိုးညှင်းတဲ့ အသံတစ်သံ ထိုးဖေါက်ထွက်လာတယ်။
“စမစ်ဒွန်း ….”
နာမည်အခေါ်ခံရတဲ့ ဝိဉာဉ်ကြီးဆီက ဘာသံမှ ပြန်မလာ။ ဆေးတံကြီးကိုခဲပြီး ခေါင်းတယမ်းယမ်းနဲ့သာ အဝေးဆီကို ငေးကြည့် နေဆဲ။
ဝိဉာဉ်အိုကြီးက ခေါင်းကို အသာအယာလှည့်ပြီး ကြည့်လိုက်တယ်။ မလှမ်းမကမ်းမှာ ခါးမတ်ထားပြီး အင်မတန်တည်တဲ့ မျက်နှာ ထားနဲ့ ဝိဉာဉ်တစ်ယောက်။
“ဘဦးကြီး ….”
ဒီတစ်ခါလည်း၊ အခေါ်ခံရသူဆီက ဘာတုံ့ပြန်မှုမှ ထွက်မလာ။ သူ့ရဲ့စူးရှတဲ့ မျက်လုံးအိမ်ဆီကသာ မျက်ရည်တွေ ဖြေးဖြေးညှင်း ညှင်း လိမ့်ဆင်းလာတယ်။
ဝိဉာဉ်အိုကြီးရဲ့ မျက်နှာပေါ်က အရေးကြောင်းတွေဟာ၊ ပိုပြီး နက်ရှိုင်းသွားသလို ထင်ရတယ်။ ပြီးတော့ ဟိုး မြောက်ဖက်စူးစူးဆီ ကို မျှော်ကြည့်ရင်း သက်ပြင်းရှည်ကြီးတစ်ခုနဲ့အတူ အတိတ်ကာလဆီကို အတွေးတွေ လွှင့်ပျံ့သွားပုံရတယ်။
သူ့ကိုတော့ သိပြီးကျွမ်းပြီး သားသမီး၊ မြေးမြစ်တွေက “အဖိုးထော်မဲပါ” လို့ ခေါ်ကြတယ်။
ဒဏ္ဍာရီ -၃ခု၊ သည်မှာတင် ပြီးဆုံးတယ်။
မန်းကိုကို
၃၁၊ ဝ၇၊ ၂၀၁၅