Home သတင်း ကရင်ပညာ‌ရေး မူကြမ်းတစ်ခုထွက်‌ပေါ်‌ရေးအတွက် KED သုံးကြိမ်‌မြောက် နှီး‌နှောဖလှယ်ပွဲတွင် ‌ဆွေး‌နွေး

ကရင်ပညာ‌ရေး မူကြမ်းတစ်ခုထွက်‌ပေါ်‌ရေးအတွက် KED သုံးကြိမ်‌မြောက် နှီး‌နှောဖလှယ်ပွဲတွင် ‌ဆွေး‌နွေး

1849

မတ်လ ၂၇ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်း‌ရှောင်း

ကရင့်ပညာ‌ရေးဌာန KED မှ ဦးစီး၍ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်‌မြေတစ်‌နေရာ၌ မတ်လ ၂၄ရက်မှ ၂၆ရက်‌နေ့အထိ ပြုလုပ်‌သော သုံးကြိမ်‌မြောက် ကရင်ပညာ‌ရေး နှီး‌နှောဖလှယ်ပွဲ(Karen Education Seminar)တွင် ကရင်ပညာ‌ရေး မူကြမ်းတစ်ခု ထွက်‌ပေါ်လာနိုင်‌ရေးအတွက် ‌ဆွေး‌နွေးခဲ့ကြသည်။

ယင်းနှီး‌နှောဖလှယ်ပွဲတွင် လက်ရှိ အ‌ခြေအ‌နေနှင့် ကိုက်ညီမှုရှိသည့် ကရင်ပညာ‌ရေးမူကြမ်း တစ်ခု‌ပေါ်‌ပေါက် လာရန် မွမ်းမံပြင်ဆင်သည့်အ‌နေဖြင့် ယခုလို ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု KED အတွင်း‌ရေးမှူးဖြစ်သူ ‌စော‌လော်အဲ့မူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“၂၀၀၆ ခုနှစ်မှာကတည်းက ပညာ‌ရေးဆိုင်ရာ မူ‌တွေချမှတ်ထား‌ပေမယ့် ကျ‌နော်တို့အ‌နေနဲ့ ဒီနိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲ‌တွေအပြီး ဖက်ဒရယ်စနစ်နဲ့ ဖြစ်လာမယ်ဆိုရင် ကရင်ပညာ‌ရေးနဲ့ ကိုက်ညီတဲ့ မူတစ်ခုရှိဖို့အတွက်ကို လိုအပ်လို့ အခုလို ပြုလုပ်တာပါ”ဟု ‌စော‌လော်အဲ့မူးက ‌ပြောသည်။

သုံးရက်တာ ပြုလုပ်ခဲ့သည့် အဆိုပါ ကရင်နှီး‌နှောဖလှယ်ပွဲတွင် KNU ခရိုင် (၅)ခုမှ KED ပညာ‌ရေးဆိုင်ရာ ခရိုင် တာဝန်ခံများ၊ Karen Refugee Committee Education Entity (KRCEE)၊ ကရင်အမျိုးသမီးအစည်းအရုံး (KWO)၊ ကရင့်‌ရေးရာ‌ကော်မတီ(KAC)၊ ပညာ‌ရေးဆိုင်ရာ အငြိမ်းစားကရင်ပညာရှင်များ စုစု‌ပေါင်း ၃၅ ဦး တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်။

နှီး‌နှောဖလှယ်ပွဲတက်‌ရောက်ခဲ့သူ KWO ဥက္ကဌ နန်းဒါးအဲ့ကလယ်က “အခုထွက်မယ့် ကရင်ပညာ‌ရေး ‌ပေါ်လစီက ကိုယ့်အခွင့်အ‌ရေး‌တွေဖြစ်တဲ့ ယဉ်‌ကျေးမှု၊ ဘာသာစကား၊ ရိုးရာဓ‌လေ့စတဲ့ ရပိုင်ခွင့်‌တွေ မ‌ပျောက်ပျက်ဘဲနဲ့ အာမခံချက်လည်း ရှိတယ်။ အပြည့်အဝ ခံစားပိုင်ခွင့်ရမယ်‌ပေါ့။ ဒါကို အတည်ပြုနိုင်ရင် ကျမတို့ ကရင်လူမျိုး‌တွေရဲ့ ဘဝဖွံ့ဖြိုးမှုကို ‌ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ‌ပြောသည်။

ထို့အပြင် နှီး‌နှောဖလှယ်ပွဲတွင် နည်းပညာအပိုင်းနှင့် စီမံခန့်ခွဲမှုအပိုင်းကို အဓိကထားပြီး ကရင်မိခင်ဘာသာ စကားပြန့်ပွားလာ‌ရေး၊ သင်ရိုးညွန်းတမ်းဆိုင်ရာများ၊ အခြား‌သော တိုင်းရင်းသားများနှင့် ယှဉ်တွဲသင်ကြားနိုင်ခွင့်၊ ပညာ‌ရေးဆိုင်ရာ စီမံပိုင်ခွင့်၊ ‌ကျောင်းအမျိုးအစားများ၊ အခမဲ့ပညာ‌ရေးနှင့် မသင်မ‌နေရပညာ‌ရေးစနစ်၊ ဘဏ္ဍာ‌ရေး စီမံခန့်ခွဲပိုင်ခွင့်မှုများကို ‌ဆွေး‌နွေးခဲ့ကြသည်။

နှီး‌နှောဖလှယ်ပွဲအပြီးတွင် ကရင်ပညာ‌ရေးမူကြမ်း(အကြမ်း)တစ်ခုကို သတ်မှတ်အတည်ပြုနိုင်ခဲ့သလို မူကြမ်းထဲ တွင် ပါဝင်သည့် ‌ပေါ်လစီတစ်ခုချင်းစီအတွက် အ‌ထောက်အကူပြုအဖွဲ့က အ‌သေးစိတ် ပြန်လည်‌ဆွေး‌နွေးပြီး အတည်ပြု‌ရေးဆွဲသွားမည်ဖြစ်‌ကြောင်း သိရသည်။

KED သည် ကရင်ပညာ‌ရေးမူကြမ်းတစ်ခု‌ပေါ်‌ပေါက်လာရန် ရည်ရွယ်၍ အလားတူ ကရင်ပညာ‌ရေး နှီး‌နှောဖလှယ်ပွဲကို ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၃ ခုနှစ်တို့တွင် တစ်ကြိမ် နှစ်ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်သည်။