ကုန်ဆုံးခဲ့သည့် ၂၀၁၂ခုနှစ်တခုလုံးကို ပြန်လည် ခြုံငုံသုံးသပ်ကြည့်လျှင် ဗမာပြည်သည် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ဦးတည် လျှောက်လှမ်းနေသယောင် ဖြစ်သည်။ တနှစ်ပတ်လုံး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အစခြေလှမ်းဖြစ်သော အပစ်အခတ်ရပ်စဲရေးကို ဆွေးနွေးခဲ့ကြသည်။ ထိုမှတဆင့် ပိုမိုခိုင်မာသော အပစ်ရပ်ရေးဖြစ်အောင် ကြိုးပမ်းတည်ဆောက်နေကြသည်။ သို့သော်လည်း ကချင်ပြည်နယ်၌မူ အစိုးရတပ်များက ကချင်လွတ် လပ်ရေးတပ်မတော် KIA နယ်မြေနှင့် အချက်အချာကျသော ထိန်းချုပ်စခန်းများကို မြေပြင်၊ ဝေဟင် လမ်းကြောင်းအဖုံဖုံဖြင့် ပစ်ခတ်တိုက်ခိုက်နေမှုများက သမ္မတ ဦးသိန်းစိန် အစိုးရ အကောင်အထည်ဖော်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဆန့်ကျင်ဖက်ဖြစ်နေသည်။
မြန်မာအစိုးရသည် အပြောနှင့်အလုပ် ကိုက်ညီမှုရှိရေး၊ တိုင်းရင်းသားများကို တစ်ပြေးညီ အပစ်အခတ်ရပ်စဲနိုင်ရေးကို တစိုက် မတ်မတ် ဦးတည်ရည်ရွယ် လုပ်ဆောင်သည်ဆိုပါက ၁၇နှစ်ကြာ အပစ်အခတ် ရပ်စဲခဲ့သည့် ကချင်တပ်ဖွဲ့ကို ခြိမ်းခြောက်သတိ ပေးကာ တပ်အင်အား၊ လက်နက်အင်အား အလုံးအရင်းဖြင့် ယင်းသို့ ပြင်းထန်သည့် တိုက်ခိုက်မှုများ မပြုလုပ်သင့်ပေ။ သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဝင်များသည် နိုင်ငံရေးစကားဝိုင်းကိုသာ လိုလားသည့် KIA နှင့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း တိုးတက်မှုမရှိဖြစ်ခဲ့ပြီး ကချင်ဒေသ အခြေအနေမှာ စစ်မက်ရေးရာ ဆိုးဝါး လာကာ ကူကယ်သူမဲ့ ကချင်စစ်ပြေးဒုက္ခသည်များ ခုနှစ်သောင်းခွဲအထိ များပြားလာရသည်။
တိုင်းပြည် ပြုပြင်ပြောင်းလဲရေးကို လိုလားသူများအနေဖြင့် ဟန်ချက်ညီနိုင်မည့် တိုးတက်ပြောင်းလဲမှုကိုသာ ဆောင်ရွက်လိုကြ သည်။ လက်ရှိ စစ်ဖြစ်ပွားနေသည့် ကချင်ပြည်နယ်အရေးကို တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးက ရပ်တန့်ရန် ကြေညာ ချက်များ အသီးသီး ထုတ်ပြန်ကြသည်။ အစိုးရအနေဖြင့် လူထုဆန္ဒကို အလေးထားသော် ပြည်တွင်းစစ်ဒဏ်ကို ခါးသီးစွာ ခံလာ ရသူများ၏ ဆိုးကျိုးကိစ္စအဝဝကို လုံးဝ ပြောင်းလဲယူလိုက်ရမည်။ မည်သည့် တပ်မှူးတပ်သားများမဆို အထက်အရာရှိ၏ အမိန့် ညွှန်ကြားချက်ဖြင့်သာ စစ်ရေးစစ်ရာကို ဆောင်ရွက်ကြရသည်ဖြစ်၍ ပြည်တွင်း ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နေစဉ် ကာလအတောအတွင်း တိုင်းရင်းသားလူမျိုးစုအဖွဲ့များ အားလုံးမကျန် ပါဝင်လာရန်ကိုလည်း ပစ်ခတ်တိုက်ခိုက်မှုကင်းစွာဖြင့် အစိုးရမှ နည်းလမ်းရှာ ညှိနှိုင်း ဖြေရှင်းသင့်သည်။
နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အိမ်နီးချင်းနိုင်ငံများသည် ဗမာပြည်၏ ဒီမိုကရေစီပုံစံကျစွာ ဖြစ်ပေါ်တိုးတက်လာမှုကို မြင်လိုကြ သည်။ ထို့အတွက် လိုအပ်သည်များကို ပံ့ပိုးကူညီလိုကြသည်။ ထိုလမ်းကို လျှောက်လှမ်းနေသည်ဟုလည်း တွက်ဆနေကြ သည်။ သို့သော် လက်ရှိ ကချင်ပြည်နယ်စစ်ပွဲ၊ ရခိုင်ပြည်နယ် အရေးအခင်း၊ လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြို ခွဲမှုများမှာ တိုင်းပြည်အရေး ရတက်မအေးမှုများပင် ဖြစ်သည်။ ထို့အတူ တိုင်းရင်းသားအဖွဲ့များအား လက်တွေ့ကျကျ ပြောဆို ဆွေးနွေးသည်များနှင့် တစ်ချိန်တည်းတွင် လက်တွေ့ကျကျ တိုက်ခိုက်မှုများကလည်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကို တုံ့နှေးစေ သည်။ တတိုင်းပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေးမှသာလျှင် ရေရှည် ခိုင်မြဲသော ငြိမ်းချမ်းရေး အစစ်အမှန်ကို တည်ဆောက်သွားနိုင်မည်ဖြစ်သည့်အတွက် ပစ္စက္ခတ် အခြေအနေကို ရပ်တန့်အောင် မလုပ်နိုင်ပါက တိုင်းရင်းသားအဖွဲ့များနှင့် အစိုးရကြား၊ တိုင်းရင်းသားများအချင်းချင်းကြား၊ လူထုအချင်းချင်းကြားများ၌ နားလည်မှုလွဲမှားကာ ဆိတ်ငြိမ်နေသည့် ယုံကြည် မှုများ ပြိုကွဲသွားနိုင်ပြီး တိုင်းပြည်ပြောင်းလဲမှုမှာ နှစ်သစ်နှင့်အတူ ရှေ့သို့မချီဘဲ နောက်ဆုတ်တုံ့ဆိုင်းသွားမည် ဖြစ်ပေသည်။