ဖေဖော်ဝါရီလ ၉ရက်။ ခေါင်ဆူလိုင့် (ကေအိုင်စီ)
၂၀၁ဝရဲ့ ဇန်နဝါရီ (၃၁)ရက်မှာ ဖန်းဖောင်ဒေးရှင်းက ချီးမြှင့်တဲ့ ၂၀၀၉ခုနှစ်၊ ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို ကရင်ပြည် နယ်၊ ဖာပွန်ခရိုင်က ကျန်းမာရေးဝန်ထမ်း စောညွှန့်ဝင်းကို ရွေးချယ်ပေးအပ်လိုက်တဲ့ သတင်းထုတ်ပြန်ချက်တခုကို အီးမေးလ် ထဲကနေ ဖတ်လိုက်ရတော့ အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်မိပါတယ်။
ဒီဆေးမှူးလေးကို ပြီးခဲ့တဲ့ ၂၀၀၉ခုနှစ်၊ ဩဂုတ်လက ကျမရဲ့ ဖာပွန်ခရိုင် ခရီးစဉ်အတွင်း ဒေးပူနိုကျေးရွာမှာ သိကျွမ်းခင်မင်ခဲ့ရ တာပါ။ သူဟာ လူသောမြို့နယ်ထဲက တာအို့ဒဲရွာလေးမှာ လူနာ ၁၀ယောက်ဝန်းကျင်သာ ဆံ့တဲ့ ဆေးပေးခန်းလေးကို ဦးစီးပြီး အဲဒီအနီးဝန်းကျင်ရွာတွေက ရွာသား ၂,၀၀ဝနီးပါးရဲ့ ကျန်းမာရေး၊ လူမှုရေးတွေကို လက်အောက်ခံ လုပ်ဖော်ကိုင်ဖက် ဆေးဝန် ထမ်း ၁၂ယောက်နဲ့အတူ ဒိုးတူဘောင်ဖက် လုပ်ဆောင်ပေးနေသူတဦးလည်း ဖြစ်ပါတယ်။
“ကျနော် ငါးတန်းအရွယ်မှာ အိမ်ကနေ ထွက်လာခဲ့တယ်။ အစကတော့ စစ်သားလုပ်ဖို့ပဲ။ ဒါပေမဲ့ ကေအဲန်ယူက လူကြီးတွေက ကျနော့်ကို ဒီနယ်စပ်မှာ ကျောင်းပြန်ထားပေးတယ်။ အဲဒီကနေ ဆယ်တန်းအောင်ပြီးမှ ဝါသနာပါတဲ့ ဆေးသင်တန်းကို ကျနော် တက်ခဲ့တယ်”လို့ ဖာပွန်ခရိုင် ဘူးသိုမြို့နယ်၊ မဲ့ပရီရွာသား စောညွန့်ဝင်းက ကျမကို ပြောပြခဲ့ဖူးပါတယ်။
ဖာပွန်ခရိုင် ဘူးသို၊ ဒွယ့်လိုးနဲ့ လူသောမြို့နယ်တွေက လုပ်သက်အနည်းဆုံး ၃နှစ်နဲ့အထက် ကျန်းမာရေးဝန်ထမ်းတွေဟာ ဒေး ပူနိုနဲ့ ဝါ့မီဒေးရွာတွေမှာ ရွာသူရွာသားတွေကို ကျန်းမာရေးပညာပေး သွားလုပ်တာကို ကျမ အတူလိုက်ပါသွားခဲ့တယ်။ အဲဒီ ဆေးဝန်ထမ်းတွေထဲမှာ အသက် ၁၇နှစ်အရွယ်ကတည်းက လူထုအတွင်း ကျန်းမာရေးလုပ်ငန်း စတင် လုပ်ဆောင်ခဲ့သူတွေ လည်း ပါဝင်နေတယ်။
လူထုကြားမှာနေ၊ လူထုစားသလိုစားပြီး လူထုကျန်းမာရေးကို အခကြေးငွေမရဘဲ လုပ်ဆောင်ပေးနေတဲ့ ဆေးဝန်ထမ်းတွေထဲ မှာ ၂၀၀ဝခုနှစ်ကတည်းက ကျန်းမာရေးလုပ်ငန်းကို တာဝန်အတိအကျနဲ့ ထဲထဲဝင်ဝင် လုပ်ဆောင်လာခဲ့တဲ့ အသက် ၃၂နှစ် အရွယ် စောညွှန့်ဝင်းကို သားသည်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်လေးတွေကအစ ဝိုင်းဝန်းချစ်ခင်ကြတာကို တွေ့ခဲ့ရတယ်။
ကျန်းမာရေးပညာပေးသင်တန်း လာတက်တဲ့ ဝါ့မီဒေးရွာသူ ကလေး ၄ယောက်မိခင် နော်ပုလဲဖောက “အဲဒီဆရာက ခင်ဖို့ ကောင်းတယ်။ စိတ်လည်းရှည်တယ်။ ပျော်ပျော်လည်း နေတတ်တယ်။ ဒီလိုလူမျိုးက ဘယ်သွားသွား ထမင်းမငတ်ဘူး”လို့ ပြောပါတယ်။
ဆေးပစ္စည်းအချို့၊ မစုံလင်တဲ့ ကုသရေးကိရိယာတွေနဲ့ အတူ ထည့်ထားတဲ့ ကျောပိုးအိတ်အဟောင်းလေးကို ကျောမှာလွယ်ပြီး တောတောင်၊ မြစ်ချောင်းတွေကို ခြေလျင်လျှောက်သွားနေရတော့ ဒီလမ်းခရီးဒါဏ်နဲ့ စီးထားတဲ့ စစ်ဖိနပ်ဟောင်းလေးအထဲက ပြူထွက်နေတဲ့ သံချောင်းလေးချောင်းကြောင့် နာကျင်နေတဲ့ သူ့ခြေဖဝါးကို မမှုဘဲ ခရီးကြမ်းကို အပြုံးမပျက်၊ အပြောမပျက်ဘဲ စောညွှန့်ဝင်း လျှောက်လှမ်းနေခဲ့တယ်။
၂၀၀၉ခုနှစ်၊ ဩဂုတ်လ ၂၂ရက်နေ့က ကျမတို့ ရောက်သွားခဲ့တဲ့ ဝါ့မီဒေးရွာဟာ အိမ်ခြေ ၄၀ကျော်နဲ့ လူဦးရေ ၂၀၀ကျော်ပဲ ရှိပြီး အဲဒီရွာကနေ ၂နာရီခွဲလောက် လမ်းလျှောက်သွားရင် ဖာပွန်မြို့ကို ရောက်ပါတယ်။ ဒါပေမဲ့ ဒီရွာမှာ ဆေးခန်းကလည်း မရှိ၊ မြို့ မှာ ဆေးသွားကုရမယ်ဆိုလည်း ငွေကုန်ကျများတော့ နယ်လှည့်စေတနာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ကုသမှုတွေကိုပဲ သူတို့ မှာ အားကိုးနေကြရတယ်။
အဲလို ခရီးထွက်နေရင်းလည်း စောညွှန့်ဝင်းဟာ သူ့ဆေးခန်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို စိတ်ပူသလို သူ့ကိုချစ်ခင်ကြတဲ့ အမျိုးသမီးကြီးတွေအကြောင်းလည်း သတိတရနဲ့ အခုလို ပြောပါတယ်။ “တာအို့ဒဲက ကျနော့်ဆေးခန်းကို အခုလို ရက်အတော် ကြာ ထားခဲ့ရတော့ ဆေးလုပ်သားတွေနဲ့ ကျန်ခဲ့တဲ့ဆေးတွေက လောက်ငှပါ့မလား မသိဘူး။ ရွာထဲက အဒေါ်ကြီးတွေလည်း ကျနော်မရှိရင် ခုလောက်ဆို ကျနော့်အကြောင်း ပြောနေလောက်ပြီ”လို့ သံယောဇဉ်ကြီးစွာ ကျမကို ပြောပြရှာတယ်။
အဲဒီဒေသက အစိုးရဆေးရုံ၊ ဆေးပေးခန်းတွေမရှိတဲ့ ကျေးလက်ဒေသတွေဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က မယ် တော်ဆေးခန်း၊ နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားများအဖွဲ့၊ ကော်သူးလေ ကျန်းမာရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့၊ အ မျိုးသားကျန်းမာရေးနဲ့ ပညာရေးအဖွဲ့တို့က ပံ့ပိုးကူညီပေးတဲ့ ဆေးဝါး၊ ဆေးပစ္စည်းတွေနဲ့ ဒေသခံတွေကို အခမဲ့ ကုသပေးနေတဲ့ ဆေးခန်းတွေပဲ ရှိတာပါ။ အဲဒီကျန်းမာရေးအဖွဲ့တွေက ဖာပွန်ခရိုင်မှာ ဒေးပူနို့၊ တာအို့ဒဲ၊ ပါဟိုက်၊ ခေးပူ၊ နော်ယိုထာ့၊ ဝါးခါ့ဒဲ၊ သာသွီးဒဲ၊ ခေါပုတ်၊ ကာနားဒဲ၊ မောခီး၊ ဘောပယ်၊ ဃဲပါ စတဲ့ နေရာတွေအပြင် သံလွင်ကမ်းနားက အီတိုးထာ့ပြည်တွင်း ဒုက္ခ သည်စခန်းနဲ့ ဟို့ကေ့ဂွင် အူးဒါးနဲ့ ပေါ်ကားဒဲ နေရာတွေမှာလည်း မိုဘိုင်းလ်ဆေးခန်းတွေထားပြီး ဒေသခံ ကျေးလက်လူထုတွေ ကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေပါတယ်။
တရွာနဲ့တရွာ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး ခက်ခဲလွန်းလှတဲ့ ဒေသမှာ ရွာသူရွာသားတွေဟာ အမျိုးသမီးတွေ၊ ခလေး သူငယ်တွေကအစ တောတောင်၊ မြစ်ချောင်း အသွယ်သွယ်ကို တောင်ကြီးဖဝါးအောက် လှိုင်းကြီးလှေအောက်ပမာ သဘော ထားပြီး ရပ်တည်စားသောက်နေရတဲ့ သူတို့ဘဝလေးတွေက ပင်ပမ်းလွန်းလှပေမဲ့ စိတ်ထားလေးတွေက ဖြူစင်လှပါတယ်။ ကျမတို့လို ခရီးသွားဟန်လွဲ ဧည့်သည်တွေ ခေါင်သီတဲ့ သူတို့ရွာကို အရောက်လာတာကိုပဲ ရွာသူရွာသားတွေဟာ ပျော်ရွှင် လွန်းလို့ အိမ်ရှင်ပီသစွာ ဧည့်ဝတ်ကျေပြွန်ကြရှာတယ်။
ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်ကို သွယ်တန်းနေတဲ့ ယွန်းစလင်းချောင်းဟာ ဖာပွန်ခရိုင်ကိုဖြတ်ပြီး စီးဆင်းနေပါတယ်။ ချောင်းကြောကွေ့ကောက်ပြီး ရေစီးသန်တဲ့အတွက်လည်း ဖြတ်သန်းသွားလာသူတွေအတွက် အသက်အန္တရာယ်လည်း အများ ကြီးရှိလို့ ရေကူးမတတ်တဲ့ ကျမအဖို့ ခြေလျင်တောင်တက်ခရီးသာ အသွားတွင်ကျယ်ခဲ့ပါတယ်။
ဒီဒေသမှာ အဓိက တောင်ယာစပါးအပြင် လယ်စပါး အနည်းငယ်ကိုလည်း စိုက်ပျိုးကြပါတယ်။ မိရိုးဖလာအရ နတ်စားသူတွေ၊ ဗုဒ္ဓဘာသာနဲ့ ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာတွေကို အဲဒီဒေသမှာ မတူကွဲပြားစွာ တွေ့ရှိခဲ့ရတယ်။ အချို့ဆို ရိုမန်ကက် သလစ်ကို ရွာလုံးကျွတ် သက်ဝင်ယုံကြည်ကြတယ်။
ဒါပေမဲ့ လူသောနဲ့ ဘူးသိုမြို့နယ်ထဲက ရွာတွေ အတော်များများဟာ မြန်မာစစ်တပ်တွေကို အတွေ့မခံရဲကြဘူး။ စစ်တပ်လာရင် တောထဲဝင်၊ မမြင်အောင်ပုန်း လုပ်နေကြရင်း မတည်မငြိမ် ရွှေ့ပြောင်းနေထိုင်နေရတာကြောင့် တောင်ယာစပါးလည်း ပုံမှန် မစိုက်ပျိုးနိုင်ဘဲ စားနပ်ရိက္ခာတွေ ပြတ်လပ်လာရတဲ့ အခြေအနေကို ဒေသခံ ၇,၀၀၀လောက်က ရင်ဆိုင်နေကြရတယ်။
ဒီလိုအခြေအနေ၊ ဒီလိုနယ်မြေတွေမှာ မပြေးသော် ကံရာရှိ ရပ်တည်နေရတဲ့ ရွာသူရွာသားတွေဟာ စောညွှန့်ဝင်းတို့လို ကျန်းမာ ရေးဝန်ထမ်းတွေကြောင့် တကိုယ်ရေ သန့်ရှင်းရေး၊ မိသားစုကျန်းမာရေး စီမံကိန်းနဲ့ ရပ်ရွာဖွံ့ဖြိုးမှုတွေကို ယခင်ကထက်စာရင် အများကြီး သိရှိနားလည်လုပ်ဆောင်လာပါတယ်။
ဒီလိုကုသမှုလုပ်ငန်းတွေ၊ ပညာပေးလုပ်ငန်းတွေကြောင့် လူထုကို မျက်စိပွင့် နားပွင့်လုပ်ဆောင်လာခဲ့တဲ့အတွက်လည်း ကျမ ကိုယ်တိုင် ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ဖန်းဖောင်ဒေးရှင်းမှာ သူ့ကို အဆိုတင်သွင်းခဲ့ပါတယ်။
ဖန်းဖောင်ဒေးရှင်းကပေးတဲ့ဆုကို ကြေညာလိုက်ချိန်မှာ စောညွှန့်ဝင်းဟာ ကိုယ်တိုင်လည်း ဘာမှ မသိရှိထားသလို သူ တာဝန် ကျရာ ဆေးခန်းမှာတောင် မရှိဘဲ သံလွင်ကမ်းနားတနေရာက ကျန်းမာရေးသင်တန်းတခုကို ရောက်ရှိနေပါတယ်။ ဆုရရှိတာနဲ့ ပတ်သက်ပြီး ဒီဆုဟာ သူ့တယောက်တည်းအတွက်ထက် အများအတွက် ရတာလို့ ခံစားမိကြောင်း အခုလို ပြောပြပါတယ်။
“ဖန်းဖောင်ဒေးရှင်းက ကျနော့်ကို ဂုဏ်ပြုရွေးချယ်တဲ့အတွက် ကျနော် အထူး ဝမ်းသာပါတယ်။ ဒါကလည်း ကျနော့်တယောက် တည်းအတွက် ဝမ်းသာတာ မဟုတ်ပါဘူး။ ကျနော် တာဝန်ယူနေရတဲ့ ကျေးလက်ဒေသတွေမှာ ကျန်းမာရေးအရ လိုအပ်မှု တွေက အများကြီးရှိနေသေးတယ်။ ဒီလို လိုအပ်ချက်တွေထဲက တခေါ်တူ့ဘောဆိုတဲ့ ရွာဟာ စာသင်ကျောင်းမရှိတော့ လာမဲ့ နှစ်အတွက် ကျောင်းဆောက်နိုင်ဖို့ ကျနော် ရွာခံတွေနဲ့ သွားဆွေးနွေးခဲ့တယ်။ သူတို့ဖက်မှာလည်း သင်ပေးမဲ့ဆရာတွေကို ထမင်းကျွေးဖို့တောင် ခက်ခဲနေတယ်။ အဲဒီရွာက အိမ်ခြေ ၂၀ကျော်၊ လူဦးရေ ၁၃၃ယောက်ရှိပြီး ထီးမူဒဲကျေးရွာအုပ်စုထဲမှာ ပါ တယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတော့ ကျောင်းရှိပေမဲ့ ဗမာစစ်တပ်တွေ ဝင်ရောက်လာတော့ ကျောင်းတွေက မရှိတော့ ဘူး။ ကျောင်းရှိတဲ့ ရွာတွေမှာ သွားတက်ဖို့ကလည်း မိုးတွင်းဆို လမ်းက အရမ်းဆိုးတော့ ကလေးတွေအတွက် အခက်အခဲက ရှိပြန်ရော။ ဒါကြောင့် ဖန်းဖောင်ဒေးရှင်းက ပေးတဲ့ဆုကြေးငွေကို အဲဒီမှာတချို့သုံးပြီး အချို့ကို ကျနော်တာဝန်ယူနေရတဲ့ တာအို့ဒဲဆေးခန်းအတွက်လည်း လိုအပ်တာတွေ ဖြည့်ဆည်းပေးရမယ်”လို့ သူ့ရဲ့ခံစားချက်နဲ့ဆန္ဒကို ထုတ်ဖော်ပြောဆိုခဲ့တယ်။
မွေးချင်းမောင်နှမ ၈ယောက်မှာ အကြီးဆုံးဖြစ်တဲ့ စောညွှန့်ဝင်းဟာ မိဘတွေက သူ့ကို မြို့မှာ ကျောင်းထားပေမဲ့ မပျော်ပိုက်တဲ့ အတွက် ဇာတိရွာဖြစ်တဲ့ မဲ့ပရီကနေ တော်လှန်ရေးနယ်မြေထဲကို တယောက်ထဲ ထွက်လာခဲ့တယ်။ အခုဆို သူဟာ ညီမငယ် လေး ၂ယောက်ကို နယ်စပ်မှာ ကျောင်းထားပေးရင်း တဖက်ကလည်း လူထုအကျိုးကို သယ်ပိုးလုပ်ဆောင်နေရတယ်။
ဝါ့မီဒေးရွာမှ ကလေးလူနာအား စမ်းသပ်နေစဉ်(ဓာတ်ပုံ-နန်းဖော့ဂေ) ကိုယ်တိုင် တုပ်ကွေးကူးစပ်ခံရသူ ဆေးဆရာမလေး
“အိမ်ကထွက်လာတုန်းက ကျနော့် အသက်ဟာ ၁၃နှစ်သာသာရှိသေးလို့ ဘယ်သူမှ ကျနော့်ကို စစ်သားလုပ်ဖို့ လက်မခံခဲ့ဘူး။ သူတို့က ၁၈နှစ်ပြည့်မှ လက်ခံကြတာကိုး”လို့ ပြောပြီး နယ်စပ်မှာပဲ ကျောင်းကို မဖြစ်မနေ တက်ခဲ့တဲ့ ကြားကာလအတွင်း လူ ထုကြားမှာ ဝိုင်းကူလုပ်ပေးခဲ့တာ ပြန်ပြောင်းပြောပြနေခဲ့တယ်။ ၂၀၀ဝခုနှစ်မှာ ရောဂါရှာဖွေရေး(မိုက်ခရိုစကုပ်)သင်တန်းနဲ့ ၂၀၀၂ခုနှစ်က လက်ထောက်ကျန်းမာရေးမှူးသင်တန်းကို မယ်တော်ဆေးခန်းမှာ တနှစ်ခွဲ တက်ရောက်ခဲ့ပြီးနောက် လူထုကြား မှာပဲ သူ့ဘဝကို ရှင်သန်ရပ်တည်လာခဲ့တယ်။
လူနာပါးချိန်မှာ ဆေးလိပ်လေးဖွာ၊ ကွမ်းလေးစားရင်း ရေဒီယိုလေးတလုံးနဲ့ သတင်း၊ သီချင်းနားထောင်နေတတ်တဲ့ ၂၀၀၉ခုနှစ်၊ ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုရှင် တာအို့ဒဲဆေးခန်း တာဝန်ခံ စောညွှန့်ဝင်းတယောက်ကတော့ သူရတဲ့ ဆုငွေတွေကို ရွာ သားတွေအတွက် ဘယ်လိုဖွံ့ဖြိုးမှုလုပ်ငန်းတွေ ထပ်ပြီးဆောင်ရွက်ပေးသင့်သလဲဆိုတာ ခုချိန်မှာ တွေးတောကြံဆနေမှာပါ။
ဖာပွန်ခရိုင် ဆေးတာဝန်ခံ စောဝင်းကျော်က “စောညွှန့်ဝင်း အခုလို ဖန်းဖောင်ဒေးရှင်းက ပေးတဲ့ဆုကိုရတော့ ကျနော်တို့လည်း အတော်ဝမ်းသာတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စောညွှန့်ဝင်းဟာ သူ့လုပ်ငန်းအပြင် အခြားရပ်ရွာလုပ်ငန်းတွေကိုလည်း လုပ် ပေးချင်တဲ့ ဆန္ဒအပြည့်ပဲ။ ကျနော်တို့ကလည်း လောလောဆယ် ဘာမှမလုပ်ဆောင်ပေးနိုင်ဘူး။ အခုဆို ဒီဆုကရတဲ့ ငွေကြေး နဲ့ သူလုပ်ချင်တာတွေ အတော်များများကို အကောင်အထည်ဖော်နိုင်ပြီပေါ့”လို့ ပြောပါတယ်။
ဒါနဲ့တဆက်တည်း စောဝင်းကျော်က စောညွှန့်ဝင်းဟာ အိမ်ထောင်ရေး၊ အချစ်ရေးတွေထက် လူထုအတွက် လုပ်ပေးစရာ အ များကြီး ရှိသေးတယ်လို့ သူ့ကို ပြောခဲ့ဖူးကြောင်း မဇ္ဈိမသတင်းဌာနကို ပြောပြခဲ့သေးတယ်။ တကယ်တမ်းမှာ သူဟာ အများအ ကျိုးကို အဓိကထား ဦးစားပေးတဲ့အတွက် ချစ်ကံခေခဲ့သူတဦးပါလို့ ကျမကို ရင်းရင်းနှီးနှီး ပြောပြခဲ့ဖူးပါတယ်။
“ကျနော့်မှာ ရည်းစားတယောက်ရှိခဲ့ဖူးတယ် အနော။ ကျနော်တို့က တယောက်ကို တယောက် အတော်ချစ်ကြပါတယ်။ ဒါပေမဲ့ သူနဲ့ ကျနော်က တွေ့ဆုံချိန်မရှိသလောက်ပဲ။ ကွဲကွာဖို့အကြောင်း ဖန်လာတာက သူ့မိသားစု အကူအညီလိုလို့ သူမှာတဲ့အချိန် မှာ ကျနော်က တာဝန်အရမို့ သူ့ဆီ မသွားနိုင်ခဲ့ဘူး။ နောက်ပိုင်းမှာ အခြားတယောက်နဲ့ အနေနီးပြီး အိမ်ထောင်ကျသွားတယ်။ ကျနော့်ကို သူ စာရေးတောင်းပန်လာတော့ ကျနော်ကလည်း ဖြစ်သမျှအကြောင်းကို ဘယ်လိုမှ အာဃာတမထားချင်တော့ဘူး လေ”လို့ ဒေပူနိုရွာနားက ကွယ်ပလေတောင်တန်းကြီးကို ငေးရင်း ကြေကွဲတမ်းတစွာ ပြောပြခဲ့ရှာတယ်။
ဒီလိုလူထုကြားမှာ တပြေးညီ လှုပ်ရှားရုန်းကန်နေရတဲ့ စောညွှန့်ဝင်းဟာ ပြီးခဲ့နှစ် စက်တင်ဘာလအတွင်းကလည်း သူတာဝန် ကျရာ နယ်မြေတဝိုက်က ရွာသူရွာသား ၇၀၀ကျော်ဟာ ရက်ပိုင်းအတွင်း တုပ်ကွေးရောဂါ ပြန့်နှံ့ကူးစက်သွားလို့ သူ့ဆေးဝန် ထမ်းတွေနဲ့အတူ အပြေးအလွှား ကုသပေးခဲ့ရပါသေးတယ်။ သူတို့လို လူငယ်လူရွယ်တွေအတွက် ဖန်းဖောင်ဒေးရှင်းက လူငယ် ခေါင်းဆောင်ဆု ချီးမြှင့်တာဟာ မွန်မြတ်တဲ့အရာတခု ဖြစ်သလို အာဇာနည်ပီသစွာ ကျဆုံးသွားခဲ့ရတဲ့ ပဒိုမန်းရှာလားဖန်းရဲ့ ဝိညာဉ်ပြန်လည်နိုးထလာသလို ခံစားရပြီး လက်တွေ့လုပ်ဆောင်နေတဲ့ ကရင်လူငယ်မောင်မယ်တွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အပြင် လုပ်ငန်းပိုင်းမှာလည်း အထောက်အကူ အများကြီး ဖြစ်စေပါတယ်။
“ဒီနှစ်ပေးတဲ့ဆုက အတော်ရွေးရခက်တယ်။ စောညွှန့်ဝင်းနဲ့အတူ ဒူးပလာယာခရိုင်၊ ကေဝိုင်အိုက ကရင်လူငယ်တဦး ဆန်ကာ တင် ကျန်ခဲ့တယ်။ ဒါပေမဲ့ စောညွန့်ဝင်းကို ဒီဆုအတွက် ရွေးချယ်ရတဲ့ ထူးခြားချက်က သူ့ကို ကရင်သတင်းဌာန (ကေအိုင်စီ) တခုတည်းအပြင် ကေအဲန်ယူ ဖာပွန်ခရိုင်က ခေါင်းဆောင်တွေကလည်း သူ့ကို အဆိုတင်သွင်းခဲ့တယ်။ နောက်ပြီး သူ့ရဲ့လုပ် ရည်ကိုင်ရည်က တကယ်အနစ်နာခံတဲ့အပြင် လုပ်ငန်းကို ဘယ်လိုတိုးတက်အောင် တီထွင်ကြံဆမယ်ဆိုတဲ့ Creation အပိုင်း မှာလည်း အားကောင်းတယ်လေ”ဟု ဖန်းဖောင်ဒေးရှင်း ဆုရွေးချယ်သူများထဲက စောစေးစေးဖန်းက ရှင်းပြပါတယ်။
ဖန်းဖောင်ဒေးရှင်းကို ၂၀၀၈ခုနှစ်က ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ကရင်အမျိုးသားအစည်း အရုံး (ကေအဲန်ယူ) အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်းနဲ့ ဇနီး နမ့်ကျင်ရွှေတို့ရဲ့ သားသမီးတွေက မိဘ နှစ်ပါးကို ရည်စူးပြီး တည်ထောင်ထားခဲ့တာဖြစ်ပါတယ်။
ပဒိုမန်းရှာရဲ့ သမီးငယ်လည်းဖြစ်၊ (Little Daughter) စာအုပ်ကို ရေးသားသူလည်းဖြစ်၊ Burma Campaign UK ရဲ့ နိုင်ငံတ ကာ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံလည်းဖြစ်၊ ဖန်းဖောင်ဒေးရဲ့ ဒါရိုက်တာဖြစ်သူ နမ့်ဇိုယာဖန်းက “ကျမအဖေဟာ သက်ရှိထင် ရှားစဉ်က လူငယ်တွေရဲ့ တိုးတက်မှုကို အမြဲတမ်း အားပေးခဲ့တယ်။ သူမရှိတော့ပေမဲ့ ကျမတို့မောင်နှမတွေက သူ့ဆန္ဒကို ဆက်လက်ဖြည့်ဆည်းပေးသွားတဲ့အနေနဲ့ လူငယ်တွေကို encourage လုပ်ပေးတာဖြစ်တယ်”လို့ ပြောဆိုခဲ့တယ်။
စောစေးစေးဖန်းက “ကျနော်တို့ ကရင်လူငယ်ထဲမှာ လူထုအကျိုးပြုလုပ်ငန်း ဆောင်ရွက်နေသူတွေ အများကြီးရှိနေတဲ့ အနေ အထားအပေါ်မှာ လာမဲ့နှစ်ဆုအတွက်ကိုလည်း ခရိုင်တွေ၊ မြို့နယ်တွေကနေ မမေ့မလျော့ဘဲ အချိန်မှီ အဆိုတင်သွင်းလာစေ ချင်ပါတယ်”လို့ ၂၀၁ဝ ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုအတွက် ကြိုတင်ဖိတ်ခေါ်ထားလိုက်ပါတယ်။
ဧရာဝတီတိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသက ပန်းတနော်မြို့နယ် ဇာတိသားတွေဖြစ်တဲ့ အနောက်ပိုးကရင် အနွယ်ဖွား ပဒိုမန်းရှာတို့ ဇနီးမောင်နှံဟာ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးအစွန်းမရောက်ကြသူများပီပီ ကရင့်တော်လှန်ရေးတာဝန်ကို မောင်တထမ်း၊ မယ်တရွက် ဆောင်ရွက်ခဲ့ကြသလို သူတို့ ရှင်သန်ခဲ့တဲ့ သက်တမ်းတလျှောက်မှာ လူငယ်ဘဝကတည်းက မိဘ၊ မြို့ရွာကို စွန့် ခွာပြီး လူထုအကျိုး၊ တော်လှန်ရေးအကျိုးကို သယ်ပိုးခဲ့ကြပါတယ်။
မကြာခင် ရောက်ရှိလာတော့မယ့် ဖေဖော်ဝါရီလ ၁၄ရက်နေ့ဆိုရင် ပဒိုမန်းရှာ ကျဆုံးသွားခဲ့တာ (၂)နှစ်ပြည့်မြောက်ပါပြီ။ ဧရာဝ တီတိုင်း ပန်းတနော်မြို့နယ်၊ တောကျောင်းရွာမှာ အမိ ဂါ့နမ့်တင်၊ အဖ မန်းဘသော်တို့က မွေးဖွားခဲ့ပြီး မွေးချင်းမောင်နှမ နှစ်ဦး အနက် ဒုတိယမြောက်သားဖြစ်သူ ပဒိုမန်းရှာဟာ ရဲရင့်ပြတ်သားပြီး ကရင်အမျိုးသားအပေါ် သစ္စာရှိရှိ ရပ်တည်လာခဲ့သူပါ။ အခုတော့ သူရဲ့ ဝိညာဉ်နှစ်ခုအဖြစ် ၂၀၀၈ခုနှစ်မှာ နော်ဖောကဘလာထူးနဲ့ ၂၀၀၉ခုနှစ်မှာ စောညွှန့်ဝင်းတို့ကို ဖန်းဖောင်ဒေး ရှင်းက မွေးဖွားသန့်စင်ပေးနိုင်ခဲ့ပြီလေ။
ဒါတင်မက ပဒိုမန်းရှာလို ကရင့်တော်လှန်ရေးထိပ်တန်းခေါင်းဆောင်တဦးကို တော်လှန်ရေးအရ၊ နိုင်ငံရေးအရနဲ့ အိမ်ထောင် ဖက်အရပါ ဘဝတလျှောက်လုံး ဖေးမကူညီပြီး ပါရမီဖြည့်ဆည်းလာခဲ့တဲ့ ကရင့်တော်လှန်ရေးရဲမေ နမ့်ကျင်ရွှေဟာလည်း ၂၀၀၄ ခုနှစ်၊ ဇူလိုင်လ (၃၀)ရက်နေ့မှာ ခင်ပွန်းသည်ထက် အရင် ကွယ်လွန်သွားခဲ့ပါပြီ။
ဒါပေမဲ့ သူတို့တွေရဲ့ ဝိညာဉ်၊ သူတို့တွေရဲ့ ဆန္ဒ၊ သူတို့တွေရဲ့ မျှော်လင့်ချက်ပန်းတိုင်တွေကတော့ ဘယ်တော့မှ မညိုးနွမ်း သေးဘဲ မျက်မှောက်ကာလမှာ ကရင်လူထုအကျိုးကို ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင်ရွက်နေတဲ့ ကရင်လူငယ်မောင်မယ်တွေ နဲ့အတူ လန်းဆန်းရှင်သန်သွားနေမှာကို နေရာဒေသ အသီးသီးက ကရင်အမျိုးသားထုတရပ်လုံး ကြား၊ မြင်၊ လက်ခံနေကြလိမ့် မယ်လို့ ကျေနပ်မှုအပြည့်နဲ့ ကျမ အသေအချာ ယုံကြည်နေမိပါတော့တယ်။