Home သတင်း ကျုံဒိုးတွင် နေအိမ်ပေါ်လက်နက်ကြီးကျ၍ ၃ ဦးဒဏ်ရာရ

ကျုံဒိုးတွင် နေအိမ်ပေါ်လက်နက်ကြီးကျ၍ ၃ ဦးဒဏ်ရာရ

779
Photo- CJ

ဇန်နဝါရီ ၂၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကောကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၅၄၅ နှင့် ခမရ-၅၄၆ တပ်များက ဇန်နဝါရီ ၂၄ ရက်‌၊ ည ၁၂ နာရီ သန်းခေါင်ယံချိန်တွင် ဂျိုင်းမြစ်ကမ်းတစ်ဘက်ကမ်း ကျေးရွာများသို့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကမ်းနီးစံပြကျေးရွာရှိ နေအိမ်တစ်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး မိသားစု ဝင် ၃ ဦး ဒဏ်ရာ ရသွားသည်ဟု ကျုံးဒိုးမြို့ခံ သတင်းရင်းမြစ်က ပြောသည်။

“ည၁၂ နာရီ ၁၀ မိနစ်အချိန် နှစ်ဖက်အပြန်အလှန် ပစ်သံ ကြားရတယ်။ ကျုံဒိုး ၅၄၅ တပ် နှင့် ၅၄၆ တပ်က ၁၂၀ မမ နဲ့ ပစ်တယ်။ ကော့ဝါလဲ၊ မိဂလုံ၊ ကမ်းနီးဘက်ကို ပစ်ထုတ်တာမှာ ကမ်းနီစံပြကျေးရွာ ဒေါ်ကုလားမအိမ်ကို ကျပေါက်တော့ ၃ ယောက်ထိတယ်။ တစ် ယောက်က ဒဏ်ရာပြင်းတယ်၊ နှစ် ယောက်က လက်နက်ကြီးအစတွေ စိုက်တဲ့ ဒဏ်ရာရသွားတယ်။ မော်လမြိုင် ဆေးရုံ ပို့လိုက်တယ်” ဟု ၎င်းမြို့ခံက ပြောသည်။

ထို့အပြင် ယမန်နေ့ ဇန်နဝါရီ ၂၅ ရက်နေ့၊ ည ၁၁ နာရီ အချိန်ခန့်တွင်လည်း ကျုံဒိုး မြို့၊ ကျေးရွာများသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ထုတ် တိုက်ခိုက်မှု ဆက်ရှိနေသည့်အတွက် ဒေသခံ ရွာသားများ နေရာ ရွေ့ပြောင်း နေထိုင်နေရ သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ကျုံဒိုး ကမ်းနီ၊ ကမ္မရိုက်၊ မိဂလုံ၊ ရေပူဘက်တွေကို စစ်တပ်က ညဆို ပစ်ပြီ လက်နက်ကြီးနဲ့၊ နေ့ဘက်ဆို လမ်းမ မှာ မောင်းတံဂိတ်ဖွင့် ဂိတ်ကြေး ကောက်ကြတယ်။ သူတို့ တပ်ကို PDF တွေ လာတိုက်မှာကို ကြောက်နေတော့ လက်နက်ကြီးဘဲ ပစ်နေတာ ညဘက်ရော၊ နေဘက်ရော။ ပစ်နေတော့ ရွာသားက ကျုံဒိုးဘက်၊ မော်လမြိုင်ဘက် မွန်ရွာတွေဘက် ရွေ့နေကြတယ်” ဟု ၎င်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ကျုံဒိုးမြို့ ပတ်ဝန်းကျင် ကျေးရွာ ၂၀ ဝန်းကျင်ခန့်သည် စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် နေ့ဘက်တွင် တောင်ယာခြံလုပ်ငန်း၊ ညဘက်တွင် ရာဘာစေးခြစ် လုပ်ငန်းများကို ရပ်တန့်ထားရပြီး လက်နက်ကြီး ရန်ရှောင်ကာ နေထိုင်ရသည်ဟု သိရသည်။

ယခုလို လက်နက်ကြီးရန်ရှောင် နေထိုင်ရသည့် အတွက် စားဝတ်နေရေး ခက်ခဲနေပြီး စစ်ရှောင်များအတွက် နေရာ ထိုင်းခင်း အကူအညီများ လိုအပ်နေသည်ဟု ကျုံဒိုးမြို့ပေါ်သို ရွှေ့ပြောင်း နေထိုင်နေသူ ကော့ဝါလဲ့ ကျေးရွာသား တစ်ဦးက ပြောသည်။