Home သတင်း ဈေးကျ၍ ဧရာဝတီရှိ ပီလောပီနံ စိုက်သူများ အရှုံးပေါ်

ဈေးကျ၍ ဧရာဝတီရှိ ပီလောပီနံ စိုက်သူများ အရှုံးပေါ်

782

ဇန်နဝါရီ ၂၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ယခုပီလောပီနံ ပေါ်ချိန်တွင် ယခင်နှစ်ထက် ဈေးကျဆင်းနေသည့်အတွက် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပီလောပီနံ စိုက်တောင်သူများ အရှုံးပေါ်နေသည်ဟု တောင်သူတစ်ဦးက ပြောသည်။
ပီလောပီနံကို ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်၊ ကျောင်းကုန်း၊ အထောင်၊ ဟင်္သာတ စသည့်မြို့နယ်များတွင် စီးပွားဖြစ် အဓိက စိုက်ပျိုးနေခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ပီလောပီနံ ပေါ်ချိန်တွင် တစ်ပိဿာလျှင် ၅၀၀ ကျပ် မှ ၇၀၀ ကျပ် အထိ ပေါက်ဈေး ရှိခဲ့သည်။

ယခုနှစ် ပီလောပီနံ ပေါ်ချိန်တွင် တစ်ပိဿာလျှင် ကျပ် ၃၅၀ အထိ ဈေးနှုန်းကျဆင်း သွာပြီး ပီလောပီနံ (ကလောပီနံ)စိုက် တောင်သူများ အရှုံးပေါ်ကာ အထွေထွေစိုက်ပျိုးစရိတ်သာ ပြန်ရသည့် အခြေအနေမျိုး ဖြစ်နေ သည်ဟု ကျုံပျော် မြို့နယ်ရှိ ပီလောပီနံ စိုက်ပျိုးသူ အမျိုးသမီးတစ်ဦးက ယခုလိုသည်။

“ကျမတို့ဘက်မှာတော့ ဒီနှစ်ရှုံးလိုက်ကြတာ။ တချို့ဆို ကလောစိုက်ဖို့ အကြွေးယူထားရတာတွေတောင် ပြန်မပေး နိုင်ဘူး။ နောက်ပိုင်းဆိုအခုဈေးထက်တောင် ပိုကျဦးမယ်လို့ကြားတယ်။ ကလောက အခြားအပင်တွေလိုအားဆေး မလို ပေမယ့် သူတောင်းလာရင်တော့ အချိန်မီလုပ်မှ ကလောဥနှုန်းကောင်းတာ၊ ကုန်ကျစရိတ်ကတော့ ရှိတာပေါ့” ဟု ၎င်းက ပြောသည်။

ယခင်နှစ်က ပီလောပီနံ ဈေးကောင်းရထားသဖြင့် ယခုနှစ် ပိုမိုစိုက်ပျိုးလာပြီး ယခုလို ဈေးထိုးကြသဖြင့် အရှုံးပေါ်ကာ ငွေကြေးအခက်အခဲများတွေ့ ကြုံနေရသည်ဟုလည်း ပီလောပီနံ စိုက်ပျိုးသူများက ပြောသည်။

ပြီးခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေသည့်ကာလက ဧရာဝတီတိုင်းဒေသကြီးအတွင်း ကလောဈေးကွက် မတည်မငြိမ်မှုများဖြစ်ပေါ်ပြီး အဝယ်ရပ်ကာ အချို့ဒိုင်ပိတ်သိမ်းလိုက်ရသည့် ဖြစ်စဉ်များရှိခဲ့သည်။ သို့သော် ၂၀၂၃ ခုနှစ်တွင် ပီလောပီနံ ဈေးပြန်တက်လာပြီး တစ်ချို့မြို့နယ်များတွင် တစ်ပိဿာလျှင် ၁,၂၀၀ ကျပ် ဝန်းကျင်အထိ ပေါက်ဈေး ရှိခဲ့သည်။

ပီလောပီနံ များကို မေလဆန်းတွင် စတင်စိုက်ပျိုးလေ့ရှိပြီး ၈ လအကြာ ဒီဇင်ဘာကုန်တွင် ပီလောပီနံ ဥများကို စတင်တူးဖော်လေ့ ရှိကြသည်။ ပီလောပီနံကို စားသောက်ကုန်များဖြစ်သည့် အချို့မှုန့်၊ နို့မှုန့်၊ ကော်မှုန့်၊ ခေါက်ဆွဲ၊ ကြာဇံနှင့် မုန့်အမျိုးမျိုးတို့တွင် တွဲဖက်အသုံးပြုလျက်ရှိသည်။ ထို့အပြင် အဖျော်ယမကာ၊ အလှကုန်ပစ္စည်း၊ လူသုံး ကုန်ပစ္စည်းများတွင်လည်း ပီလောပီနံ အပင်နှင့် ဥများကို တွဲဖက်အသုံးပြုခြင်းများရှိသည် ဟု စိုက်ပျိုးရေးဆိုင်ရာ နည်းပညာဌာနမှ သိရသည်။