Home သတင်း တိုက်ပွဲများကြောင့် မြိတ်-ပုလော-ထားဝယ် လမ်းပိုင်း အသုံးမပြုရန် PDF ထုတ်ပြန်

တိုက်ပွဲများကြောင့် မြိတ်-ပုလော-ထားဝယ် လမ်းပိုင်း အသုံးမပြုရန် PDF ထုတ်ပြန်

755
Photo: ဒေါနတနသာ်ရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့

အောက်တိုဘာ ၁၈ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် စစ်ကောင်စီက စစ်ကြောင်းထိုးလာသည့်အတွက် နှစ်ဖက် တိုက်ပွဲများ ဖြစ်ပေါ်နေသည့်အတွက် မြိတ်-ပုလော-ထားဝယ်လမ်းပိုင်းကိုအသုံးမပြုရန် ပြည်သူ့ကာကွယ် ရေး တပ်မတော်(PDF)၊ မြိတ်ခရိုင်တပ်ရင်း(၁)က အောက်တိုဘာ ၁၆ ရက်နေ့ ညနေပိုင်းတွင် ထုတ်ပြန်ပြောသည်။

ပုလောမြို့နယ်အတွင်းသို့ စစ်ကောင်စီအင်အား ၂၀၀ ဝန်းကျင်ဖြင့် ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်နေ့မှ စ၍ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း-၁ ပြန်ကြားရေး တာဝန်ခံကပြောဆိုသည်။

“အခုလက်ရှိ စစ်ကြောင်းထိုးလာတာက မြိတ်မြို့အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ-၁၀၁ နဲ့ ခလရ-၁၀၃ တပ်ရင်းတွေ ပုလောမြို့နယ်ထဲကို စစ်ကြောင်းတစ်ကြောင်းတည်းနဲ့ စစ်ကြောင်းထိုးလာတာ ဖြစ်တယ်။ ပြည်သူတွေအနေနဲ့လည်း သတိထားသင့်တယ်။ စစ်ကောင်စီက ဒရုန်းတွေကိုပိုပြီးသုံးလာတဲ့အတွက်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ မြိတ်-ပုလော-ထားဝယ်လမ်းပိုင်းကို အသုံးမပြုရန် ယခင် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့က မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း-၁ က ထုတ်ပြန်ကန့်သတ်ခဲ့ဖူးသည်။

ပုလောတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီက ဒရုန်းအသုံးပြု ဗုံးကြဲမှု ပိုမိုလုပ်ဆောင် လာသည့် အတွက် ဒေသခံများအနေဖြင့် သာမန်ဗုံးခိုကျင်းထက် ပို၍ ခိုင်မာသည့် ဗုံးခိုကျင်းများ ပြုလုပ်၍ နေထိုင်ကြရန် မြိတ်ခရိုင်တပ်ရင်း-၁၊ ပြန်ကြားရေးတာ ဝန်ခံက ဆက်ပြောသည်။

နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ပုလောမြို့နယ်အတွင်းရှိ ကြဲကျေးရွာ အုပ်စုအတွင်းရှိ ကြဲရွာ၊ မီးလောင်ချောင်းရွာနှင့် စက်တော်ရွာအပြင် အနီးရှိကျေးရွာများမှ ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း စစ်ဘေးရှောင်အနီးကပ်ကူညီနေသူများ၏ ပြောဆိုချက်များအရ သိရသည်။

ယခုလအတွင်း တနင်္သာရီမြို့နယ်၊ ပုလောမြို့နယ်နှင့် လောင်းလုံးမြို့နယ်တို့တွင် ရက်ရှည် တိုက်ပွဲများ ဖြစ်ပွား နေသည့် အတွက် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ရှိခဲ့ကြောင်း FE5 Tanintharyiမှ ထုတ်ပြန် ပြောဆို ထားသည်။