Home သတင်း ဆာသူးလေရွှေ့ပြောင်းကျောင်းအတွက် ဂျပန်သံရုံးက ကျောင်းကြို/ပို့ မော်တော်ယာဉ် ၂ စီး လှူဒါန်း

ဆာသူးလေရွှေ့ပြောင်းကျောင်းအတွက် ဂျပန်သံရုံးက ကျောင်းကြို/ပို့ မော်တော်ယာဉ် ၂ စီး လှူဒါန်း

625
Photo-Hsa Thoo Lei School

စက်တင်ဘာ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်း စာသင်ကျောင်းတစ်ကျောင်းဖြစ်သည့် ဆာ သူးလေ အထက်တန်းကျောင်းအတွက် ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ကျောင်းကြို/ကျောင်းပို့ မော်တော်ယာဉ် ၂ စီး လာရောက်လှူဒါန်းပေးခဲ့သည်။

ယမန်နေ့ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှသံအမတ် Mr. Masato Ohtaka နှင့် အဖွဲ့ဝင်များက အဆိုပါ ကျောင်းကြို/ပို့ မော်တော်ယာဉ် ၂ စီးကို ဆာသူလေး အထက် တန်းကျောင်း၌ လာရောက် လှူဒါန်းလွှဲပြောင်းပေးအပ်ခြင်းအစီအစဉ် ပြုလုပ်ခဲ့ဖြစ်သည်။

အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံတွင်းသို့ ရောက်ရှိလာသည့် မြန်မာရွှေ့ပြောင်း အလုပ် သမားများ၏ ကလေးငယ်များသည် ဆာသူးလေအထက်တန်းကျောင်းတွင် ထောင်နှင့်ချီ ပညာသင်ယူနေပြီး ကျောင်းတက်ကျောင်းဆင်းအတွက် သွားလာရေး အခက်အခဲများရှိနေ၍ ၎င်းတို့ကို ကျောင်းအကြို၊အပို့ ပြုလုပ်နိုင်ရန် ယခုလို လှူဒါန်းလာခြင်းဖြစ်ကြောင်း ကျောင်း၏ ဒါရိုက်တာ ဆရာမ နော်ဖောရေက ယခုလို ပြောသည်။

Photo-Hsa Thoo Lei School

“ကျောင်းက ကျောင်းသူ၊ကျောင်းသားလည်းများတယ်။ ကျောင်းသားဦးရေးအားဖြင့် ထောင်နဲ့ချီရှိတဲ့ ကျောင်းဖြစ်တယ်။ ကလေးတွေအကြိုအပို့လုပ်တဲ့နေရာမှာ အခက်အခဲတွေ အများကြီးကြုံတွေ့ရတယ်။ ကျောင်းတက် ချိန်မမှန်တာရယ်၊ ကျောင်းစည်းဝေးပွဲ အဲ့လိုအချိန်နောက်ကျတဲ့အတွက်ကြောင့် တကယ် လို့ ကလေးတွေက ကျောင်းအကြိုအပို့နဲ့မလာဘူး အငှားကားအကြိုအပို့နဲ့ဖြစ်ဖြစ်၊ ဆိုင်ကယ်အကြိုအပို့နှင့်ဖြစ်ဖြစ် ကိုယ့်ဟာနဲ့ ကိုလာတဲ့အခါမှာ လုံခြုံမှုမရှိဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အတွက်ကြောင့် ဆာသူးလေ အထက်တန်းကျောင်းအနေဖြင့် ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံရုံးကို တိုက်ရိုက် ဆက်သွယ်အကူအညီတောင်းခံခဲ့ခြင်းကြောင့် ယခုလို လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း လည်း ဆရာမ နော်ဖောရေက ဆက်ပြောသည်။

အဆိုပါ မော်တော်ယာဉ် လွှဲပြောင်းအပ်နှံခြင်းကို ဆာသူးလေအထက်တန်းကျောင်း ဒါရိုက်တာ ဆရာမ နော်ဖောရေမှ လွှဲပြောင်းရယူခဲ့ပြီး လွှဲပြောင်းပွဲအခမ်းအနားသို့ အခြားသော မြန်မာရွှေ့ပြောင်းပညာရေး ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။

ယခုလို ကူညီလှူဒါန်းမှုမျိုးအပြင် အခြားသော မြန်မာရွှေ့ပြောင်းကျောင်းများအတွက်လည်း လိုအပ်သည့် ကူညီ ပံ့ပိုးမှုများကို ဆက်လက်ရရှိစေရန် ဂျပန်သံတမန်များအား မြန်မာရွှေ့ပြောင်းကျောင်းများ၏ အခက်အခဲ များကိုလည်း ဆာသူးလေ ပညာရေးတာဝန်ရှိသူများက ဆွေးနွေးတင်ပြမှုများပြုလုပ်ခဲ့ ကြောင်း သိရသည်။

ထိုတင်ပြဆွေးနွေးချက်အများအပေါ် ရွှေ့ပြောင်းကျောင်းများအတွက် လိုအပ်သည့် သင်ထောက်ကူ ပစ္စည်းများ၊ ကျောင်းဆောင်များ၊ လျှပ်စစ်မီး နှင့် သွားလာရေးအတွက် မော်တော်ယာဉ်များကို ၎င်းတို့ အနေဖြင့် စဉ်းစားဆောင်ရွက်ပေးသွားရန် သဘောထားရှိကြောင်းလည်း ဂျပန်သံအမတ်များက ဆိုသည်။

Photo-Hsa Thoo Lei School

ယခုလို ဆာသူးလေအထက်တန်းကျောင်းကို ကျောင်းကြို၊ပို့ယာဉ်များ လာရောက်လွှဲပြောင်း လှူဒါန်းခြင်းမတိုင်ခင် ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်အပါအဝင် အဖွဲ့ဝင် (၇) ဦးသည် စက်တင်ဘာ ၁၂ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းကိုလည်း သွားရောက်လည်ပတ်ခဲ့ပြီး စခန်းအတွင်းရှိ တာဝန်ရှိသူ စခန်းကော်မတီဝင် များနှင့် တွေ့ဆုံခဲ့သေးသည်။

နာရီဝက်သာ ပြုလုပ်သည့် ၎င်းတွေ့ဆုံမှုတွင် စခန်းအတွင်း လူဦးရေ နှင့် သဘာဝဘေးအန္တရာယ် အခြေအနေအချို့ကို စခန်းကော်မတီဝင်များက တင်ပြ ဆွေးနွေး ခဲ့သည်ဟု သိရသည်။