Home သတင်း ကျေးရွာအတွင်း ရက်ရှည်တပ်စွဲထားသည့် စစ်ကောင်စီတပ် မောင်းမကန်ရဲစခန်းသို့ ပြန်ဆုတ်

ကျေးရွာအတွင်း ရက်ရှည်တပ်စွဲထားသည့် စစ်ကောင်စီတပ် မောင်းမကန်ရဲစခန်းသို့ ပြန်ဆုတ်

578
Photo: CJ

စက်တင်ဘာ ၁၁ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း၌ ရက်ရှည် တပ်စွဲထားသည့် စစ်ကောင်စီတပ်က မောင်းမကန် နယ်မြေရဲစခန်းသို့ စက်တင်ဘာ ၉ ရက်တွင် ပြန်လည်ဆုတ်ခွာသွားသည်ဟု တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ဩဂုတ်၂၈ ရက်မှစ၍ လောင်းလုံးမြို့နယ်အတွင်းရှိ မောင်းမကန်ရွာ၊ ကျောက်ဆင်ရွာ၊ သဘော့ဆိပ်ရွာ၊ ပြင်ကြီးရွာများသို့ အင်အား ၁၀၀ ဝန်းကျင်ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ယခုလို ပြန်လည်ဆုတ်ခွာသွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“မနေ့ကစပြီးတော့ မွန်းလွဲပိုင်းအချိန်မှာ ပြန်ဆုတ်သွားတယ်လို့ သတင်းကြားတယ်။ ဒါပေမဲ့ စစ်ဘေး ရှောင်တွေကတော့ အခုထိ မပြန်ရဲသေးဘူး။ စစ်ကြောင်းနောက်တစ်ခေါက် ထပ်ထိုးမှာကို စိုးရိမ် နေတယ်။ အဲ့တာကြောင့် ဒီမှာပဲ လတ်တလော စစ်ဘေးရှောင်နေရတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ယခုလို စစ်ကောင်စီတပ် ပြန်ဆုတ်ခွာ သွားသော်လည်း မြေမြှုပ်မိုင်းအန္တရာယ် နှင့် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက် ခြင်း၊ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုများကို ဒေသခံတို့ စိုးရိမ်လျက်ရှိသည်ဟု ၎င်းဒေသခံက ထပ်မံပြောဆို သည်။

ထိုသို့ စစ်ကြောင်းပြန်လည်ဆုတ်ခွာရာလမ်းတစ်လျှောက်တွင် လက်နက်ကြီးပစ်ခတ်ခြင်းနှင့် ကျေးရွာ အတွင်းရှိ နေအိမ်တချို့ကို မီးရှို့သွားသည်ဟု လောင်းလုံးမြို့နယ် စစ်ဘေးရှောင်များကို အနီးကပ် ကူညီပေးနေသူတစ်ဦးက ပြောသည်။

၎င်းက “စစ်ကြောင်းက မောင်းမကန်နယ်မြေ ရဲစခန်းကို ပြန်ဆုတ်သွားတယ်။ ဒါပေမဲ့ နေအိမ် တွေကိုမီးရှို့သွားတယ်။ ဘုန်းကြီးကျောင်းက ကားလည်းဖျက်ဆီး ခံလိုက်ရတယ်။ အသေးစိတ်ကိုတော့ စုံစမ်းနေတုန်းပါပဲ”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို စစ်ကောင်စီတပ်က ကျေးရွာအတွင်း ရက်၂၀ နီးပါးအကြာ တပ်စွဲထားသည့် ကာလအတွင်း စစ်ဘေးရှောင်ချိန် ကြာမြင့်လာသောကြောင့် ရိက္ခာပြတ်တောက်ခြင်းနှင့် ဆေးဝါးလိုအပ်ချက်များ ရှိလာသည်ဟု ကူညီနေသည့် အဖွဲ့အစည်းများက ပြောဆိုသည်။

၎င်းအပြင် လောင်းလုံးမြို့နယ်အတွင်းရှိ ကျောက်နီမော် ပျူစောထီးစခန်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များမှ စက်တင်ဘာ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်တွင် သွားရောက်တိုက်ခိုက်ခဲ့ပြီး ကျောက်နီမော် အအေးခန်းစက်ရုံ ဟောင်းဘေးရှိ ယခင်ငါးဦးစီးရုံးဟောင်းကို တော်လှန်ရေးအဖွဲ့များက မီးရှို့ခဲ့သည်ဟု ဒေသခံများက ပြောသည်။