Home သတင်း တိုင်းရင်းသားထိန်းချုပ်နယ်မြေများသို့ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း အရပ်သား (၂၀) ကျော်သေဆုံး

တိုင်းရင်းသားထိန်းချုပ်နယ်မြေများသို့ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း အရပ်သား (၂၀) ကျော်သေဆုံး

590

စက်တင်ဘာ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ရှမ်းပြည်နယ်၊ ကရင်နီ(ကယား)ပြည်နယ်၊ ကရင်ပြည်နယ် နှင့် တအာင်းဒေသတို့ရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းထိန်းချုပ်ထားသည့် ပြည်သူနေထိုင်ရာနယ်မြေများသို့ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း အရပ်သား(၂၀)ဦးကျော် သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်း အရင်းအမြစ်များအရ သိရသည်။

စက်တင်ဘာလ(၃)ရက်မှ (၉)ရက်နေ့အထိ စစ်ကောင်စီက လေကြောင်းမှနေ၍ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကိုယ်ဝန်ဆောင်သည်၊ အသက်(၁၁)နှစ်အောက် ကလေးငယ်များအပါအဝင် စုစုပေါင်း အရပ်သား(၂၈)ဦး သေဆုံး၍ (၃၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

တအာင်းတပ်-TNLA ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်၊ မန်တုံမြို့ရှိ အရပ်သားနေထိုင်ရာနှင့် ကရင်နီ တော်လှန်ရေးတပ်များ လှုပ်ရှားသည့် ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံကျေးရွာစာသင်ကျောင်း၊ ဖယ်ခုံမြို့နယ် လအိကျေးရွာရှိ စစ်ရှောင်စခန်းနေရာများကို စက်တင်ဘာလ(၃)ရက်မှ (၅)ရက်နေ့အထိ စစ်ကောင်စီ လေကြောင်းမှဗုံးကြဲချသဖြင့် ကလေးငယ်(၇)ဦးအပါအဝင် (၁၀)ဦးသေဆုံးပြီး (၁)ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများနှင့်အရပ်ဖက်အဖွဲ့များ၏ ပြောပြချက်အရ သိရသည်။

ထိုမျှမက စက်တင်ဘာလ(၆)ရက်နှင့် (၉)ရက်နေ့တို့တွင်လည်း ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့ရှိ ပြည်သူလူထုနေအိမ်များသို့ ဗုံးကြဲချမှုကြောင့် ကလေးငယ်(၂)ဦးအပါအဝင် (၁၁)‌ဦး သေဆုံးပြီး (၁၁)ဦး ထိခိုက်ခဲ့သလို ကိုးကန့်တပ်-MNDAA ထိန်းချုပ်နယ်မြေ၊ လားရှိုးမြို့ကိုလည်း လေကြောင်းမှတိုက်ခိုက်မှုကြောင့် အရပ်သား(၁)‌ဦးသေဆုံးကာ (၁၃)ဦး ဒဏ်ရာရရှိခဲ့‌ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြကြသည်။

ထို့အတူ စစ်ကောင်စီက ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကရင်ပြည်နယ်၊ ဝင်း ရေးမြို့နယ်၊ ကျုံခဝန်ရွာသို့ စက်တင်ဘာလ(၉)ရက်နေ့က တိုက်ပွဲမရှိဘဲ ဗုံးကြဲချခဲ့ရာ ကလေး ငယ်(၁)ဦးနှင့်အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ပြောသည်။

Photo: CJ

စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုများသည် ပြီးခဲ့သည့် စက်တင်ဘာလ(၃)ရက်နေ့က စစ်ခေါင်းဆောင် မင်း အောင်လှိုင် ရှမ်းပြည်နယ်သို့ရောက်စဉ် တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်သည့် နယ်မြေများတွင် သတင်းရရှိသည့်အပေါ်အခြေခံ၍ လိုအပ်သလိုတုံ့ပြန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုပြီးနောက် ဆက်တိုက်ဆိုသလို ဖြစ်ပွားနေခြင်းလည်းဖြစ်သည်။

၎င်းအပြင် စစ်တပ်ထိန်းချုပ်ထားသော နိုင်ငံပိုင်မီဒီယာများကလည်း ၎င်း‌ပြောဆိုချက်အား စက်တင်ဘာလ(၇)ရက်‌နေ့မှ ယနေ့အထိ ကြေညာချက်များ ဆက်တိုက်ထုတ်ပြန်နေပြီး တိုင်းရင်း သားလက်နက် ကိုင်များအနေဖြင့်လည်း လေကြောင်းရန်ကာကွယ်ရေးအစီအမံများ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ကေအဲန်ယူနယ်မြေများအတွင်း လေကြောင်းရန်ကာကွယ်ရေးနှင့်ပတ်သက်ပြီး ကေအဲန်ယူပြောခွင့်ရ ပဒိုစောကလယ်စေးက “ပြည်သူတွေအတွက် လေကြောင်းရန်က ကြိုတင်ရှောင်နိုင်မယ့်အစီအစဉ်တွေကို နိုင်သလောက်တော့ သက်ဆိုင်ရာခေါင်းဆောင်‌တွေက လုပ်နေတယ်။ ဥပမာ လေယာဉ်လာနေတယ် သတိရှိကြဖို့အတွက် ကြိုအကြာင်းကြားနိုင်တဲ့အစီအစဉ်မျိုးပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးမှုယန္တရား-IIMM ကလည်း မြန်မာပြည်အနှံ့ စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာသဖြင့် ပြည်သူသေဆုံးမှုနှုန်းမြင့်တက်လာသလို စစ်ဘေး ရှောင်များ၊ နယ်စပ်ဖြတ်ကျော်ထွက်ပြေးနေရသူဦးရေ များပြား‌လာသောကြောင့် စကားလုံးသပ်သပ်ဖြင့် မလုံလောက်တော့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၅၇)ကြိမ်မြောက် အစည်းအဝေးတွင် အစီရင်ခံစာတင်ပြ ပြောဆိုခဲ့သည်။

သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှု-BMC၏ စာရင်းပြုစုချက်အရ ပြီးခဲ့သည့် ဩဂုတ်လ (၁၅)ရက်မှ (၃၁)ရက်နေ့အထိ စစ်ကောင်စီက ပြည်နယ်နှင့်တိုင်းဒေသကြီး(၈)ခုတွင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှု (၁၉၆)ကြိမ်လုပ်ဆောင်ခဲ့သည့်အနက် ကလေးငယ်(၂)ဦးအပါအဝင် (၃၁)ဦးသေဆုံးပြီး၊ (၆၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။