Home သတင်း တပ်ဖွဲ့ပိုင် မော်တော်ယာဉ်အမှတ်ကြယ်တံဆိပ် အသုံးပြုပြီး ကိုယ်ကျိုးအတွက် တပ်ဆင်ခြင်းမပြုလုပ်ရန် BGF ညွှန်ကြားချက်ထုတ်

တပ်ဖွဲ့ပိုင် မော်တော်ယာဉ်အမှတ်ကြယ်တံဆိပ် အသုံးပြုပြီး ကိုယ်ကျိုးအတွက် တပ်ဆင်ခြင်းမပြုလုပ်ရန် BGF ညွှန်ကြားချက်ထုတ်

891
Photo: CJ

ဇူလိုင် ၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ပိုင် မော်တော်ယာဉ်အမှတ် ကြယ်တံဆိပ်ကို မိမိကိုယ် ကျိုးအတွက် အသုံးပြုတပ်ဆင်ခြင်းမပြုလုပ်ရန် BGF ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့က ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တပ်ဖွဲ့ပိုင် မော်တော်ယာဉ်အမှတ် ကြယ်တံဆိပ်ကို တပ်ဖွဲ့ဝင် တပ်ဗိုလ်၊ တပ်မှူးများနှင့် တပ်မိသားစုများ အပါအဝင် အရပ်သားအချို့မှ ကိုယ်ကျိုးအတွက် အသုံးပြုမှုရှိသည့်အတွက် ယခုလို တားမြစ် အမိန့် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း BGF တာဝန်ရှိသူက ကေအိုင်စီသို့ ပြောသည်။

BGF တပ်နယ်-၂ ဗျူဟာမှူး ဗိုလ်မှူးစောတင်ဝင်းက “ထုတ်ပြန်ချက်ထုတ်ပြန်ရတဲ့ အဓိကကတော့ စစ်သားတွေ သွားတဲ့ကားမဟုတ်ရင် တပ်ဆင်ခွင့်မပေးဘူး။ ဘာဖြစ်လဲဆိုရင် မိသားစုဖြစ်ရင်လည်း ကြယ်တံ ဆိပ်တပ်ပြီ းအသုံးပြုတာက မသင့်တော်ဘူးလေ။ ကျနော်တို့ ကရင်ပြည်နယ်မှာက လိုင်စင်ရှိတဲ့ ကားတွေ သိပ်မရှိဘူး။ ဝှစ်သောက်(လိုင်စင်မဲ့)တွေပဲစီးကြတယ်လေ။ ပြောချင်တာက ဝှစ်သောက်ဖြစ်ရင်လည်း လူထု တွေအများစီး သလိုပဲစီးကြပေါ့နော်။ ” ဟု ပြောသည်။

ထို့အပြင် အချို့တပ်မိသားစုဝင်များသည် လိုင်စင်မဲ့မော်တော်ယာဉ်များကို တပ်ဖွဲ့ပိုင် မော်တော်ယာဉ်အမှတ် ကြယ်တံဆိပ်ကို တပ်ဆင်ကာ ကိုယ်ကျိုးအတွက်အသုံးပြုပြီး စီးပွားရှာသွားလာလုပ်စားရာတွင် ပြဿနာ ဖြစ်ပေါ်မှုများရှိခဲ့ကြောင်းလည်း ဗိုလ်မှူးစောတင်ဝင်းက ဆက်ပြောသည်။

အဆိုပါ တပ်ဖွဲ့ပိုင် မော်တော်ယာဉ်အမှတ် ကြယ်တံဆိပ်ကို တပ်ဆင်အသုံးပြုကာ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါ တပ်ဖွဲ့အနေဖြင့် ဖြေရှင်းပေးမည်မဟုတ်ကြောင်းကိုလည်း BGF အမိန့်ထုတ်ပြန်စာထဲတွင် ဖော်ပြထားသည်။

ကရင်ပြည်နယ်တွင် အသုံးပြုသည့် မော်တော်ယာဉ်များသည် မြို့တွင်းသွားလာလွယ်ကူစေရန်နှင့် ဂိတ်ကြေး ပေးဆောင်ရသည့်အခါ သက်သာစေရန် ပြည်သူအချို့သည် BGF တပ်ဖွဲ့ဝင်များထံတွင် ယာဉ်အမျိုး အစားပေါ်မူတည်ကာ တစ်စီးကို သိန်းဂဏန်းအထိပေးရသည့် BGF မော်တော်ယာဉ်လိုင်စင် လက်မှတ်များ ဝယ်ယူအသုံးပြုသူများရှိကြောင်း ဒေသခံများက ပြောသည်။

“ကရင်ပြည်နယ်မှာတော့ တော်တော်များများက ဝှစ်သောက်ပဲစီးကြတယ်ပြီးတော့ လိုင်စင်ကားက မဝယ်နိုင် ဘူး လေ။ ပြီးတော့ တခြားမြို့လည်းသွားစရာမရှိတော့ အဆင်ပြေမယ့်ဝှစ်သောက်ကောင်းပဲသုံးတယ်။ စီးပွားရေး လုပ်၊ ပစ္စည်းတွေတင်ဘာတွေ သွားလာရတဲ့အခါကျတော့ အဆင်ပြေအောင် BGF လိုင်စင်လည်း လုပ်ထားတယ်။ KNU/ KNLA- PC လိုင်စင်တွေလည်း လုပ်ထားတယ်။ လက်နက်ကိုင်အဖွဲ့များတော့ လိုင်စင်အမျိုးမျိုးလုပ်ထားမှ ပြလို့ရတယ်”ဟု ကော့ကရိတ်မြို့နယ်ရှိ ယာဉ်မောင်းအမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထို့အတူ ၎င်းတို့တပ်ဗိုလ်၊ တပ်မှူးနှင့် တပ်ဖွဲ့ မိသားစုဝင်များ အသုံးပြုနိုင်ရန် ဒေသတွင်းသွားလာနိုင်သည့် BGF ယာဉ်လိုင်စင်လက်မှတ်များ ထုတ်ပေးထားကြောင်းလည်း သိရှိရသည်။

BGF တပ်ဖွဲ့သည် စစ်ကောင်စီပေးသည့် လစာမယူတော့ဘဲ ကရင်အမျိုးသားတပ်မတော် (Karen National Army-KNA)အဖြစ် ပြောင်းလဲဖွဲ့စည်းမည်ဖြစ်ကြောင်း ယခုနှစ်ဆန်းပိုင်းက ဆုံးဖြတ်ထားခဲ့သော်လည်း ယခုအချိန်ထိ ပြောင်းလဲဖွဲ့စည်းနိုင်ခြင်းမရှိသေးပေ။

ပြီးခဲ့သည့် မတ်လကုန်တွင် BGF တပ်ဖွဲ့ဝင်အားလုံး KNA ဘက်တံဆိပ် ပြောင်းလဲတပ်ဆင်မည်ဟု ထုတ်ဖော်ပြောဆိုထားသော်လည်း လက်ရှိအချိန်တွင် BGF ဘက်တံဆိပ်ကိုသာ ဆက်လက် အသုံးပြုတပ်ဆင်နေဆဲဖြစ်သည်။