Home သတင်း သံတောင်ကြီးတွင် ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် စိုးရိမ်ပူပန်မှုကြားမှ စာသင်ကျောင်းများ ဆက်ဖွင့်ရန်စီစဉ်

သံတောင်ကြီးတွင် ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် စိုးရိမ်ပူပန်မှုကြားမှ စာသင်ကျောင်းများ ဆက်ဖွင့်ရန်စီစဉ်

608
Photo: CJ

မေလ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

စစ်အာဏာသိမ်းမှုနောက်ပိုင်း တိုက်ပွဲပဋိပက္ခများစွာ ဖြစ်ပေါ်နေသော ကရင်ပြည်နယ်၊ တောင်ငူခရိုင်၊ သံတောင် ကြီးမြို့နယ်ရှိ အစိုးရစာသင်ကျောင်းများသည် ယခု ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် စိုးရိမ်ပူပန်မှုကြားမှ ဆက်လက်ဖွင့်လှစ်သွားရန်ရှိကြောင်း နယ်မြေခံပညာရေး သတင်းအရင်းအမြစ်များမှ သိရသည်။

သံတောင်ကြီးမြို့နယ်မှ စစ်ကောင်စီလက်အောက်ရှိ စာသင်ကျောင်းများကို ယခင်ကိုဗစ်ကာလနှင့် အာဏာ သိမ်း ဖြစ်ပွားမှု တဆက်တည်း ပိတ်ထားခဲ့ရသော်လည်း စစ်တပ်၏ညွှန်ကြားချက်အရ ယခင်စာသင်နှစ်ကအတိုင်း ဖွင့်လှစ်သွားရန်ဖြစ်ကြောင်း ပညာရေးအသိုင်းအဝိုင်းက ပြောဆိုသည်။

ထို့ကြောင့် တိုက်ပွဲသံမရပ်စဲသေးသည်ကြားမှ လုံခြုံရေးစိုးရိမ်ချက်ဖြင့် ကျောင်းတက်ရမည်ဖြစ်သလို ကျောင်း အပ်များလည်း လက်ခံနေပြီဖြစ်ကြောင်း ကျောင်းသားအုပ်ထိန်းသူအမျိုးသမီးတစ်ဦးက ပြောသည်။

“မနှစ်ကဖွင့်ပြီးပြီ နည်းနည်းတော့လန့်ရတာပေါ့၊ တော်တော်များများလည်း သားသမီးပညာရေးအတွက် တက်ခိုင်း မယ်ဆိုတော့ ပြန်ဖွင့်မယ်ထင်တယ်။ ကျောင်းအပ်လက်ခံနေပြီ ပြီးခဲ့တဲ့အပတ်ကတည်းက ကြေညာတယ်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ကျောင်းအုပ်ဆရာ၊ ဆရာမများအနေဖြင့် စစ်ကောင်စီဘက်က ကျောင်းပြန်ဖွင့်ရန် ညွှန်ကြားချက်ရှိထားသဖြင့် စိုးရိမ်စိတ်ကြားမှ ကျောင်းဆက်လက်ဖွင့်ရေးစီစဥ်နေရသည်ဟု နောက်ထပ်နီးစပ်သူ လိပ်သိုနယ်ခံ အမျိုးသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

Photo: CJ

၎င်းက “လိပ်သိုမြို့ပေါ်က အထက်တန်းကျောင်းကတော့ စစ်တပ်ဘက်က ဖွင့်ဖို့ပြောထားတယ် ။ ကျောင်း အုပ်ကတော့ ဘယ်လိုလာမလဲမသိသေးဘူး။ တက်တဲ့လူလည်းအနည်းနဲ့အများပေါ့။ လိပ်သို (၆၀၃) တပ်ရင်းက ကျောင်းနဲ့နီးတယ်လေ၊ တပ်နဲ့နီးတော့ ဖွင့်လို့ရတယ်ဘာမှမဖြစ်ဘူးဆိုတဲ့ပုံစံမျိုး။ ကျောင်းအုပ်တွေက လစာစား နေရတာတော့ မဖွင့်လို့လည်း မရကြောက်ကြောက်နဲ့ဖွင့်ရတဲ့အခြေအနေရှိတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ထို့အပြင် ယခင် ၂၀၂၃-၂၀၂၄ ခုနှစ် စာသင်နှစ် ကျောင်းများဖွင့်လှစ်စဥ်ကလည်း ကျောင်းအပ်နှံ သူကျောင်းသားဦးရေ နည်းပါးသဖြင့် သံတောင်ကြီးမြို့ရှိ အထက်တန်းကျောင်းတွင်သာ စုပေါင်းတွဲဘက် ဖွင့်လှစ်သင်ကြားခဲ့ရပြီး ကျောင်းလာအပ်ရန်အကြောင်းကို ခရစ်ယာန်သင်းအုပ်ဆရာတော်များမှတဆင့် ကြေညာချက်ထုတ်အသိပေးကြောင်း သံတောင်ကြီးနယ်ခံအချို့က ဆိုသည်။

ထို့အတူ ကျောင်းပြန်မဖွင့်ပါက ညမထွက်ရ မာရှယ်လောစနစ်ထုတ်ပြန်မည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ ဇွန်လပိုင်းက နယ်မြေခံများအား စစ်ကောင်စီဘက်မှ ခြိမ်းခြောက်ခဲ့ပြီးနောက် သံတောင်ကြီးမြို့ နယ်ပညာရေးမှူးရုံးအား လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့်အပြင် မီးရှို့မှုပါ ထပ်မံခံရသဖြင့် ကျောင်းပိတ်ထားခဲ့ရသေးကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၂)ထိန်းချုပ်နယ်မြေ သံတောင်ကြီးမြို့နယ်တွင် ယခုအလအတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတုံ့ပြန်ပစ်ခတ်သဖြင့် ကျည်ကျရောက်ပေါက်ကွဲသည့်အရပ်မှ ဒေသခံများ နေရပ်ရှောင်ထွက် ပြေးနေရသလို နေအိမ်ထိခိုက်ပျက်စီးမှုများလည်း ဖြစ်ပွားလျက်ရှိသည်။