မေလ ၂၁ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ ဘုရားမဲ စစ်ဆေးရေးဂိတ်စခန်းကို ဒေသအခြေစိုက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်(၂)ဦး သေဆုံးခဲ့ကြောင်း ဗထူးတပ်မတော်(BHA)မှ ယမန်နေ့ ညတွင် ထုတ်ပြန်ထားသည်။
ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ ဘုရားမဲစစ်ဆေးရေးဂိတ်တွင် ရေဖြူအခြေစိုက် စစ်ကောင်စီ ခြေမြန် တပ်ရင်း (ခမရ-၄၀၆) တပ်ဖွဲ့ဝင်များကို ပြီးခဲ့သည့် မေလ(၁၉)ရက်နေ့က ဗထူးတပ်မတော်(BHA)မှ ဝင်ရောက် တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ဖြစ်စဉ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် (၂)ဦးသေဆုံးခဲ့သည်ဟု ဗထူးတပ်မတော်မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ထက်မြက်က ယခုလိုပြောသည်။
“ကျနော်တို့က တပ်စွဲထားတဲ့နေရာကို ကားနဲ့တိုက်ရိုက်ဝင်ပစ်တာဖြစ်တယ်။ ဂိတ်ရှေ့မှ ထွက်လာတားတဲ့ စစ်ခွေးကို အနီးကပ်ကြီး ပစ်တာဖြစ်တဲ့အတွက် အသေအပျောက် စာရင်းကိုအတိအကျသိရတယ်။”ဟု ရဲဘော်ထက်မြက်က ကေအိုင်စီ သို့ပြောသည်။
အဆိုပါ ဘုရားမဲစစ်ဆေးရေးဂိတ်တွင် လက်ရှိတွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဘက်မှ အင်အားတိုးချ ထား၍ လုံခြုံရေးတင်းကြပ်ထားပြီး ၎င်းစစ်ဆေးရေးဂိတ် အနီးတဝိုက်တွင်လည်း ကင်းပုန်းဝပ်နေရာချထား ကြောင်း တာဝန်ခံ ရဲဘော်ထက်မြက်က ဆက်ပြောသည်။
ထို့အတူ ထားဝယ်ခရိုင်အတွင်းရှိ သရက်ချောင်းမြို့နယ် ကျွဲမင်းကုန်းကျေးရွာတွင်လည်း ပြီးခဲ့သည့် မေလ (၂၀) ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင် များ နှင့် စစ်ကောင်စီတပ်များကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွာခဲ့သေးကြောင်း သရက်ချောင်းမြို့နယ် ဒေသခံများ က ပြောသည်။
အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “လောလောဆယ်တော့ ဘေးလွှတ်ရာကို ရှောင်နေကြရတယ်။ ထိခိုက်မှု အခြေနေကတော့ လက်ရှိမှာမြေပြင်မှာ စစ်ရေးတင်းမာမှုတွေ ရှိနေသေးတဲ့အတွက် ထိခိုက်မှု အခြေအနေ အသေးစိတ်ကိုယ်တော့ မသိရသေးဘူး။”ဟု ကေအိုင်စီ သို့ပြောသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုအပြင် စစ်သင်္ဘောများမှ တစ်ဆင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ်များနှင့် ဘုန်းကြီးကျောင်းများ မီးလောင်ပျက်စီးမှုများ ရှိခဲ့ကြောင်း ၎င်းဒေသခံကဆက်ပြောသည်။
အလားတူ ယခုမေလ ၈ ရက်ကနေ့ကလည်း သရက်ချောင်းမြို့နယ်အတွင်းရှိ ကနက်သီရိကျေးရွာနှင့် အနီးအနား ရွာလေးရွာခန့်ကို စစ်ကောင်စီမှ စစ်ကြောင်းသုံး ကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေပြီး အဆိုပါတိုက် ပွဲများကြောင့် ထောင်နှင့်ချီသည့် ဒေသခံများ စစ်ဘေးရှောင်နေကြရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ် များထံမှသိရသည်။



















