Home သတင်း သံတောင်ကြီးမြို့နယ်အခြေစိုက် စစ်ရှောင်ကူအဖွဲ့ဝင် (၄)ဦး စစ်ကောင်စီတပ်ဖမ်းဆီးထား

သံတောင်ကြီးမြို့နယ်အခြေစိုက် စစ်ရှောင်ကူအဖွဲ့ဝင် (၄)ဦး စစ်ကောင်စီတပ်ဖမ်းဆီးထား

637
Photo: CJ

မေလ ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်အခြေစိုက် စစ်ဘေးရှောင်ထောက်ပံ့ကူညီရေး ဆောင်ရွက်နေသည့် သံတောင်စစ်ရှောင်ကူအဖွဲ့မှ အဖွဲ့ဝင် အမျိုးသမီး(၂)ဦး အပါအဝင် စုစုပေါင်း (၄)ဦး ပြီးခဲ့သည့် မေလ ဒုတိယအပတ်က စစ်ကောင်စီတပ်၏ဖမ်းဆီးခံလိုက်ရပြီး လက်ရှိအချိန်ထိထိန်းသိမ်းခံထားရကြောင်း ထိုအဖွဲ့ထံမှ သိရသည်။

အသက်(၂၅)နှစ် မှ (၃၀) ဝန်းကျင်အရွယ်ရှိ အဆိုပါစစ်ရှောင်ကူအဖွဲ့ဝင် (၄) ဦးသည် ၎င်းတို့နေအိမ်နှင့်သံတောင်-တောင်ငူလမ်းပေါ်ရှိ ကျေးရွာတစ်ရွာတွင် ရှိနေစဥ် စစ်ကောင်စီတပ်များ၏ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး ၎င်းတို့အား အကြမ်းဖက်မှုဆိုင်ရာပုဒ်မများတပ်၍ လက်ရှိအချိန်ထိ သံတောင်ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း အဖွဲ့တာဝန်ရှိသူအမျိုးသမီးတစ်ဦးက ပြောသည်။

“စစ်ဘေးရှောင်တွေရဲ့ကျန်းမာရေးပိုင်းအတွက် အလုပ်လုပ်ပေးတဲ့အဖွဲ့ဝင်တွေပါ အကြမ်းဖက်ဖို့လှုံ့ ဆော်တယ်ဆိုပြီး အမှု(၄)ခု တပ်ခံရတယ်ကြားတယ်။ သံတောင်ကြီးမြို့နယ်မှာ စစ်ဘေးရှောင်အတွက် ကူပေးနေတာ ကျမတို့တစ်ဖွဲ့တည်းရှိတယ်။ နေရာတစ်ခုကိုကူရင်ငါတို့ဆီရောမရဘူးလားဆိုပြီး ခေါင်းစဥ် အမျိုးမျိုးတပ် အဟန့်တားခံရတာတွေလည်းရှိတယ်။ အဲဒါကြောင့် အတိုင်ခံရတယ်လို့ထင်တယ်” ဟု တာဝန်ရှိသူအမျိုးသမီးက ဆိုသည်။

ယခင်ကလည်း စစ်ကောင်စီက ၎င်းတို့စစ်ဘေးရှောင်ကူအဖွဲ့ဝင်များ၏ နောက်ကြောင်းလိုက်လံစစ်ဆေးခြင်း၊ အလှူငွေလက်ခံသည့် ဖုန်းနံပါတ်များကိုခြေရာခံ၍ ပိတ်သိမ်းခြင်းနှင့် စစ်ရှောင်ထောက်ပံ့မည့်ပစ္စည်းများကိုလည်း စစ်ဆေးမိစဥ် သိမ်းယူခံရခြင်းတို့ ပြုလုပ်ခဲ့သေးသည်ဟု အဆိုပါစစ်ရှောင်ကူအဖွဲ့၏ ပြောပြချက်အရ သိရသည်။

ထို့ကြောင့် လက်ရှိတွင် သံတောင်ကြီးမြို့နယ်အတွင်း စစ်ဘေးရှောင်ထောက်ပံ့ရေး ယခင်ကထက် ပိုမိုအခက်အခဲရှိနေသလို လုံခြုံမှုမရှိသည့်အခြေအနေများ တွေ့ကြုံနေရသည်ဟု စစ်ရှောင်အရေး ထောက်ပံ့ကူညီနေသည့် သတင်းအရင်းအမြစ်က ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများပိုမိုဖြစ်ပွားလာသော သံတောင်ကြီးမြို့နယ်တွင် စစ်ကောင်စီဘက်က တော်လှန်ရေးအင်အားစုများအတွက် ထောက်ပို့လမ်းကြောင်းပြတ်တောက်စေရန် ဒေသတွင်းကုန်စည်စီးဆင်းမှုကို ကန့်သတ်၍ ခရီးသွားလာရာတွင်လည်း စစ်ဆေးမှုများ ပိုမိုလုပ်ဆောင် လာသောကြောင့် ဖမ်းဆီးခံရသူအများအပြားရှိလာပြီး သွားလာရမလွယ်ကူတော့ဟု ဒေသခံများက ကေအိုင်စီသို့ ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်းပိုင်းတုန်းကလည်း သံတောင်ကြီး၊ မြသာကုန်းကျေးရွာနှင့်အနီးမှ ဒေသခံအမျိုးသမီး(၃)ဦးအပါအဝင် (၇)ဦးအား တော်လှန်ရေး ထောက်ပို့လုပ်ဆောင်သည့် ပြောဆိုချက်ဖြင့် စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

နိုင်ငံရေးအကျဥ်းသားများ စောင့်ရှောက်ရေးအသင်း-AAPP ၏ ယမန်နေ့ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ (၂၀၂၁) ခုနှစ်မှ (၂၀၂၄) ခုနှစ် မေလ(၁၆)ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် အာဏာသိမ်းမှုဖြစ်စဥ်နှင့်စပ်လျဥ်း၍ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံလိုက်ရသူ စုစုပေါင်း (၂၆,၆၈၈)ဦး ရှိလာပြီဖြစ်သည်။