Home သတင်း စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် လိပ်သိုဒေသခံ (၅)ဦး သေဆုံး

စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် လိပ်သိုဒေသခံ (၅)ဦး သေဆုံး

669
Photo- CJ

ဖေဖော်ဝါရီလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၂) တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသ မိုင်းလွန်ကျေးရွာအနီး ဖေဖော်ဝါရီလ(၁)ရက်နေ့က စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ် ပွားရာတွင် စစ်တပ်က လေကြောင်းနှင့်လက်နက်ကြီးသုံး တိုက်ခိုက်မှုလုပ်ဆောင်သည့်အတွက် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ (၄)ဦး သေဆုံးခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ရဟတ်ယာဥ်ဖြင့် လေး၊ငါးကြိမ်ခန့် မိုင်းလွန်ရွာနှင့် အနီးရှိကျေး ရွာများအား ပစ်ခတ်တိုက်ခိုက်ခဲ့သလို အနီးရှိ စစ်ကောင်စီတပ်စခန်းများမှလည်း လက်နက်ကြီး ပစ်ခတ်သဖြင့် အသက်(၆)နှစ်အရွယ် ကလေးငယ်တစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ဇလဲ ရွာနေ အသက်နှစ်ဆယ်အရွယ် အမျိုးသား(၄)ဦးလည်း သေဆုံးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

လိပ်သိုဒေသခံ အမျိုးသားတစ်ဦးက “လက်နက်ကြီးကတော့ တပ်ရင်း(၆၀၃)ကလက်နက်ကြီးလား သံတောင်ကလား ပစ်ကူတာမသဲကွဲဘူး။ လိပ်သိုရဲစခန်းဘက်ကလည်းပစ်ကူတယ်။ ရွာထဲမှာကျတော့ ကလေးတွေထိတာပဲ။ ရဟတ်ယာဥ်နဲ့ လာပစ်တာ လေးကြိမ်၊ ငါးကြိမ်တောင်မှ” ဟု ၎င်းက ယနေ့ ပြောသည်။

ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိထားသူများ၏ အရေအတွက်ကို အတည်မပြုနိုင်သေးသော်လည်း ကော်ဗတ်ခြံရွာနေ အသက်(၄၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက်(၁၆)နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ ပါဝင်နေပြီး ဒဏ်ရာရရှိသူများအား လိပ်သိုဆေးရုံနှင့် တောင်ငူဆေးရုံသို့ ပို့ဆောင်ထား ရကြောင်း နီးစပ်သူအမျိုးသမီးတစ်ဦးထံမှ သိရသည်။

၎င်းအမျိုးသမီးက “အသက်(၁၆)နှစ်အရွယ် မိန်းကလေးက ပေါင်ကိုကျည်ထိထားတယ်။ ဒဏ်ရာရ တဲ့သူတချို့က တောင်ငူနဲ့လိပ်သိုဘက်မှာ ဒီနေ့နေ့လည်ပိုင်းထိ လက်နက်ကြီးပစ်နေတုန်းပဲ ငြိမ်ဖို့မရှိ သေးဘူး။ နှစ်ဖက်လုံးအထိနာနေတာ၊ တိုက်ပွဲနားကရွာတွေလည်း ရှောင်နေရတယ်” ဟု ကေအိုင်စီကို ပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဇလဲ၊ မိုင်းလွန်၊ ကော်ဗတ်ခြံနှင့် အလယ်ချောင်း(အထက်)နှင့် အလယ်ချောင်း (အောက်)ရွာမှ ဒေသခံများ နေရပ်စွန့်ခွာတိမ်းရှောင်နေရကြောင်း သိရသည်။
တိုက်ပွဲစတင်ဖြစ်ပွားမှုနှင့် နှစ်ဖက်ထိခိုက်မှုအသေးစိတ်ကိုမူ ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သလို နှစ်ဖက်အဖွဲ့မှ ထုတ်ပြန်ချက်တစ်စုံတစ်ရာ မတွေ့ရှိရသေးပါ။

လိပ်သိုဒေသတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလပိုင်းက စစ်တပ်က အကြောင်းမဲ့ လေကြောင်းပစ်ခတ်မှု လုပ်ဆောင်သဖြင့် ဒေသခံတစ်ဦးသေဆုံးပြီး ကလေးငယ်(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

တပ်မဟာ(၂)အပါအဝင် KNU ထိန်းချုပ်နယ် မြေများတွင် အာဏာသိမ်းကာလအတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးအသုံးပြုမှုကြောင့် ကလေးငယ်(၂၅)ဦး သေဆုံးပြီး (၁၉)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီးဖြစ်သည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီလတွင် ကေအိုင်စီကို ပြောပြချက်အရ သိရသည်။