Home သတင်း မြဝတီမြို့ သင်္ဃန်းညီနောင်နှင့် ရွာသစ်ကုန်းကျေးရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေ

မြဝတီမြို့ သင်္ဃန်းညီနောင်နှင့် ရွာသစ်ကုန်းကျေးရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေ

1914
photo- Cobra Column

ဖေဖော်ဝါရီလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့ သင်္ဃန်းညီနောင် စစ်ဗျူဟာနှင့် ရွာသစ်ကုန်းကျေးရွာ အာရှလမ်းပိုင်းတွင် ဖေဖော်ဝါရီလ၂ ရက် ယနေ့ နေ့လည် ၁ နာရီခန့်အချိန်မှ စတင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာ မိတ် PDF ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်မှုစတင်ဖြစ်ပွားနေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များက ကေအိုင်စီသို့ ပြောသည်။

“မနက် ကတည်းက PDF တွေ အာရှလမ်းမပေါ် ရောက်နေပြီ၊ ကုန်သွယ်ရေးဇုန်၊ ရွာသစ်ကုန်း၊ ညီနောင် ဗျူဟာဘက်ကို အင်အားအများကြီး ရောက်နေတာမှာ ညီနောင် ၃၅၅ တပ်ကနေ လက်နက်ကြီး ပစ် ထုတ်နေတော့ အခု ညီနောင် တပ်မ၊ ဗျူဟာကုန်းဘက်မှာ တိုက်ပွဲ ဖြစ်နေတယ်။ ဆူညံ နေပြီ ၊ အကြီး အသေးသံတွေ၊ ရွာသားတွေကို ကြိုရှောင်ကြဖို့ ပြောထားတော့ လူတွေပြောင်း နေကုန်ပြီလေ ”ဟု မြဝတီ မြို့ဘက်ရှောင်လာသူ ရွာသစ်ကုန်း ရွာသားက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက် ညနေပိုင်းက KNLA မဟာမိတ် PDF ပူပေါင်းတပ်များ စစ်တပ် ရဟတ် ယာဉ် တစ်စီးကို ပစ်ချတိုက်ခိုက် နိုင်ခဲ့ပြီးနောက်ပိုင်း စစ်တပ်က ဖားအံ၊ ကျုံဒိုး၊ နဘူး တပ်နယ်များမှ စစ်ကူ အင်အား ၅၀၀ ခန့် မြဝတီမြို့ဘက်သို့ တက်လာနေကြောင်း သတင်းများပေါ်ထွက်လာပြီး နောက်ပိုင်း ယနေ့ နေ့လည်ပိုင်း နှစ်ဘက်တိုက်ပွဲ စတင်ဖြစ်ပွားနေခြင်းဖြစ်သည်။

ကျုံဒိုးဒေသခံက “ထို့ကော်ကိုးလမ်းကနေ ကုန်ကား အိမ်စီးကားတွေ နဲ့ စစ်တပ်တွေ နည်းနည်းချင်း တက်လာနေတယ်။ ကျုံဒိုး ၅၄၅/၅၄၆ မှာ တစ်ထောက်နားပြီး ညီနောင် ဘက်ကို ပေါ့၊ ဖားအံ က တပ် တွေ မြဝတီ ဘက်ကို ပို့နေတာ။ အခုတော့ ထို့ကော့ကိုး လမ်းကတော့ ပုံမှန်သွားလာနေတယ် ”ဟု ပြောသည်။

လတ်တလော ကရင်ပြည်နယ်အတွင်းသို့ စစ်တပ် စစ်ကူများနေ့စဉ် တပ်ဖြန့်ပို့ဆောင်မှုရှိနေပြီး ဂျိုင်းတံတား၊ ကျုံဒိုး၊ ကိုးတိုင် ရွာလမ်းဆုံ၊ ကော့ကရိတ် ရေလည်ကုန်း ဘက်တွင် စစ်ကူအင် အားဖြည့် တင်းမှုရှိနေကြာင်း၊ နဘူး / ထို့ကော်ကိုး တောင်ပေါ်လမ်းပိုင်းမှ အရပ်သားကားများဖြင့် စစ်တပ်လက်နက် ခဲယမ်းများ မြဝတီမြို့ဘက် စစ်တပ်နေရာများသို့ သယ်ယူမှုများရှိနေကြောင်း စစ်ရေး သတင်း အရင်းအမြစ်များက ပြောသည်