Home သတင်း သံတောင်မြောက်ပိုင်းစစ်ရှောင်များ ကူညီထောက်ပံ့မှုမရသဖြင့် စားဝတ်နေရေးကြပ်တည်း

သံတောင်မြောက်ပိုင်းစစ်ရှောင်များ ကူညီထောက်ပံ့မှုမရသဖြင့် စားဝတ်နေရေးကြပ်တည်း

677
Photo- CJ

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်-ကရင်နီ(ကယား)ပြည်နယ်အစပ် သံတောင်ကြီးမြို့မြောက်ပိုင်းရှိ သောက်ရေခပ်၊ ကလေထ၊ ဒါးရိုး၊ လိုရာဒို အစရှိသည့်ကျေးရွာများမှ နေရပ်မပြန်နိုင်သေးသော စစ်ဘေးရှောင်ဒုက္ခသည် ၃၀၀၀ (သုံးထောင်)နီးပါးထံ အလှူရှင်မရောက်သဖြင့် စားဝတ်နေရေးကြပ်တည်းနေကြရကြောင်း သိရသည်။

ဇန်နဝါရီလဒုတိယပတ်မှ သောက်ရေခပ်ကျေးရွာအနီး နှစ်ဖက်ထိတွေ့တိုက်ပွဲကြောင့် နေရပ်မပြန် နိုင်သေးဘဲ တော၊ တောင်နှင့် ချောင်းများနံဘေးတွင် ယာယီနေထိုင်နေရသော အဆိုပါစစ်ရှောင်များမှာ ၎င်းတို့ထံ အလှူရှင်ရောက်ရှိရန် လမ်းခရီးကြမ်းတမ်းသည့်အပြင် အချိန်ကြာမြင့်စွာ သွားလာရ သောကြောင့် အလှူရှင်အရောက်အပေါက်နည်းပါးပြီး နေထိုင်စားသောက်ရေးကြပ်တည်းနေရကြောင်း ထိုနေရာသို့ ခက်ခက်ခဲခဲသွားခဲ့ရသည့် စစ်ရှောင်ကူတစ်ဦးက ပြောသည်။

“ဒီခရီးစဥ်တောင် ကျနော် ပထမဆုံးပဲ လမ်းတော်တော်ကြမ်းတာ ပုံမှန်လမ်းကမဟုတ်ဘဲ တောလမ်း ကနေတောင် ၆ နာရီလောက် မောင်းရတယ်။ ဒါတောင်ကားမောင်းကျွမ်းတဲ့သူမို့လို့။ လိုအပ် တာတော့ ဆန်၊ ဆီ၊ ဆား အကုန်ပဲ ဘယ်လောက်ထိအခြေအနေဆိုးလဲဆို အလှူရှင်မှမရောက်တာ။ အခြေအနေဆိုးတာက မပြောတောင်မပြောပြတတ်တော့ဘူး။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

သောက်ရေခပ်ကျေးရွာအနီး ပစ်ခတ်မှုများစတင်ဖြစ်ပွားသည့်အချိန်တွင် စစ်ရှောင်ထက်ဝက်ခန့်သည် ကယန်းပြည်သူ့စစ်ထိန်းချုပ်သည့်နယ်မြေနှင့် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၂) ထိန်းချုပ်သည့် နယ်မြေအတွင်း ထွက်ပြေးတိမ်းရှောင်ကြရပြီး ဇန်နဝါရီလကုန်ပိုင်းအထိ အဆက် အသွယ်များလည်း ပြတ်တောက်ခဲ့ရကြောင်း စစ်ဘေးရှောင်များနှင့်နီးစပ်သူများက ပြောသည်။

ပစ်ခတ်မှုများဖြစ်ပွားရာတွင် စစ်တပ်ဘက်မှလက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်အချို့ ကျည်ထိမှန်ပျက်စီးခဲ့ရသလို ယခုအချိန်ထိ နေအိမ်ပြန်မရသေး၍ တော၊ တောင်များ၌ ကြုံသလို အိပ်စက်နေရသည့်အနေအထားတွင် ယာယီစစ်ရှောင်စခန်းတစ်ခု ဆောက်လုပ်ပေးရန် စစ်ဘေးရှောင်များက အကူအညီတောင်းခံထားသော်လည်း လက်ရှိအချိန်ထိ ဆောက်လုပ် ပေးနိုင်ခြင်းမရှိသေးဟု စစ်ရှောင်ကူညီနေသူက ပြောသည်။

လက်ရှိ သောက်ရေခပ်ကျေးရွာအတွင်း အပြန်အလှန်ပစ်ခတ်မှုများရှိနေသေးသဖြင့် တစ်လနီပါးကြာ စစ်ရှောင်နေရသော အဆိုပါစစ်ရှောင်များထံ အကူအညီများ အလွယ်တကူရောက်ရှိနိုင်ရန် ဘေးလွတ်ရာကျေးရွာများမှ ဒေသခံပြည်သူများပူးပေါင်းကာ ကိုယ်ထူကိုယ်ထ ဆိုင်ကယ်လမ်း ကူညီ ဖောက်လုပ်ပေးခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။

ထို့အတူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်းက KNU ၏ တောင်ငူခရိုင်၊ ယာဒိုဒေသအတွင်း တိုက်ပွဲ နှင့်လေယာဥ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် လက်ရှိ အချိန်အထိ နေအိမ်မပြန်နိုင်သေးသော ဒေသခံထောင်ချီ သည်လည်း ဘေးလွတ်ရာ စစ်ရှောင်နေရာတစ်ခုတွင် ခိုလှုံနေထိုင်နေရဆဲဖြစ်သည်။