ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားများ၏ မိမိကံကြမ္မာဖန်တီးနိုင်ရေးသည် အမျိုးသား စည်းလုံးညီညွတ်ခြင်းကသာ အာမခံချက် ပေးနိုင်မည်ဖြစ်သောကြောင့် စည်းလုံးညီညွတ်ချိန်တန်ပြီးဖြစ်ကြောင်း ကရင်အမျိုး သားအစည်းအရုံး-KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ယနေ့ကျရောက်သည့် ၇၅ နှစ်မြောက် ကရင့်အမျိုးသားတော်လှန်ရေးနေ့တွင် တိုက်တွန်းပြောကြားလိုက်သည်။
ကေအဲန်ယူ ဦးဆောင်နေသည့် ကရင့်တော်လှန်ရေးသည် ကရင်တစ်မျိုးသားလုံး နှင့် သက်ဆိုင် သော်လည်း ကရင်အမျိုးသားထုတစ်ရပ်လုံးပါဝင်မှု အားနည်းနေသေးသလို ပူးပေါင်းလုပ်ဆောင်မှုလည်း အားနည်းနေသေးသောကြောင့် စည်းလုံးမှုကို တည်ဆောက်နိုင်သည့်နေ့သည် ရည်မှန်းချက် ပန်းတိုင် အတွက် လွယ်ကူသွားပြီးဖြစ်ကြောင်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေတစ်နေရာတွင် ကျင်းပသည့် တော်လှန်ရေးနေ့အခမ်းအနား၌ ပဒိုစောကွယ်ထူးဝင်းက ယခုလိုပြောကြားခဲ့သည်။
ကေအဲန်ယူဥက္ကဋ္ဌက “အမျိုးသားစည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်တဲ့နေ့ တစ်နေ့ဟာ ကျနော်တို့ လိုချင်တာကို အလွယ်တကူရယူနိုင်တယ်။ ဒါကြောင့် တစ်ကမ္ဘာလုံးမှာရှိတဲ့ ကျနော့် ကရင်အမျိုးသားတွေကော ကရင်အမျိုးသားရေးအတွက် လုပ်ဆောင်နေပါတယ်ဆိုတဲ့ အဖွဲ့အစည်းတွေအားလုံး ပြန်လည်စုစည်း ညီညွတ်ပြီး ဦးဆောင်မှု တစ်ခုတည်းအောက်မှာ တစ်မျိုးသားလုံး အကျိုးစီးပွားအတွက်သာမက အမျိုးသားအတွက် အာမခံချက် ပေးနိုင်မှာဖြစ်တယ်” ဟု အခမ်းအနားတွင် ပြောကြားခဲ့သည်။
ကရင့်အမျိုးသားတော်လှန်ရေး နှစ်ပေါင်း (၇၅) နှစ်ကာလအတွင်း ခေါင်းဆောင်မှုအတွင်းပိုင်းများတွင် စည်းလုံးညီညွတ်မှုမရှိကြဘဲ အမြင်သဘောထားများ ကွဲပြားကြခြင်းကြောင့် အဖွဲ့အစည်းအကွဲအပြဲများ ဖြစ်လာကာ အချင်းချင်းကြားပြန်လည် တိုက်ခိုက်နေခြင်းဖြင့် တော်လှန်ရေးကာလ ကြာရှည်နေ ရခြင်းဖြစ်သောကြောင့် ပြန်လည်စုစည်း ညီညွတ်ကြရန် ယခုလို တိုက်တွန်းရ ခြင်းဖြစ်ကြောင်းလည်း ပဒို စောကွယ်ထူးဝင်းက ပြောသည်။
ယနေ့ ကျရောက်သည့် (၇၅) နှစ်မြောက် စိန်ရတု ကရင်အမျိုးသားတော်လှန်ရေးနေ့ကို လုံခြုံရေးအရ အခမ်းအနားကြီးများ၊ စစ်ရေးပြများဖြင့် မပြုလုပ်နိုင်ခဲ့ဘဲ ကေအဲန်ယူ ထိန်းချုပ်ရာ ဗဟိုဌာနချုပ်အနီး တစ်နေရာတွင် သက်ဆိုင်ရာ ထိပ်ပိုင်းခေါင်းဆောင်များပါဝင်သည့် ဟောပြောပွဲ အခမ်းအနားဖြင့်သာ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ ကေအဲန်ယူ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းအပါအဝင် ဗဟိုခေါင်းဆောင်အချို့၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ကရင် အမျိုးသားကာကွယ် ရေးတပ်ဖွဲ့-KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောရှီးလေ၊ တပ်ဖက်ဆိုင်ရာ ထိပ်ပိုင်းခေါင်းဆောင်များနှင့် မဟာမိတ်ခေါင်းဆောင်များ၊ ခရိုင်၊မြို့နယ်အသီးသီးမှ ခေါင်းဆောင်များအပြင် ကျောင်းသူကျောင်းသား၊ ဒေသခံ အရပ်သားပြည်သူများစုစုပေါင်း တစ်ထောင်ကျော် ပါဝင်တက်ရောက်ခဲ့ကြသည်။
အခမ်းအနားသို့ ပါဝင်တက်ရောက်သူ ကရင်လူငယ် ထီးထာက “ကျနော်တို့အနေနဲ့ မြင်တာက လူငယ်တွေရဲ့ အခန်းကဏ္ဍကော ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍကော အရေးကြီးတယ်။ ဒီအချိန်မှာလည်း ကျနော်တို့ ကရင်လူမျိုးတွေအတွက်က ပြန်လည်စုစည်းရမဲ့ အချိန်လို့လည်းမြင်တယ်။ နောက်တစ်ချက်က ကရင်လက်နက်ကိုင်တွေလည်း ကွဲပြားနေတာရှိတယ်။ ကျနော်တို့ မူဝါဒ တစ်ခုတည်းအောက်မှာ ကရင်အမျိုးသားရဲ့အလံတော် တစ်ခုတည်းအောက်မှာ ကရင်ပြည် အတွက်ကို ပြန်လည် တိုက်ပွဲဝင်ရမှာဖြစ်တယ်” ဟု ပြောသည်။
ယနေ့ (၇၅)နှစ်မြောက် စိန်ရတုကရင်အမျိုးသားတော်လှန်ရေးနေ့အတွက် ကေအဲန်ယူ ဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်းမှ မိန့်ခွန်းလွှာပေးပို့ခဲ့သလို အခြားသော ပြည်တွင်းပြည်ပ ကရင်အဖွဲ့အစည်းများ၊ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် တော်လှန်ရေး အင်အား စုများလည်း သဝဏ်လွှာ အသီးသီးပေး ပို့ခဲ့ကြသည်။
၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကရင်အမျိုးသားကာကွယ် ရေးတပ်ဖွဲ့ (KNDO)ကို ဖဆပလ အစိုးရက တရားမဝင်အဖွဲ့အဖြစ် ကြေညာလိုက်ပြီးနောက် အစိုးရတပ်နှင့် KNDO တို့အကြား တိုက်ပွဲများ စတင်ဖြစ်ပွားပြီး တစ်ပြည်လုံးရှိ ကရင်အမျိုးသားများက ခုခံတော်လှန်သည့်နေ့ကို အစွဲပြု၍ ကရင့်တော်လှန်ရေး နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။



















