Home သတင်း ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းအဆင့်(၆)ဆင့်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း NUG နှင့် တိုင်းရင်းသားအဖွဲ့များ ပူးပေါင်းထုတ်ပြန်

ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းအဆင့်(၆)ဆင့်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း NUG နှင့် တိုင်းရင်းသားအဖွဲ့များ ပူးပေါင်းထုတ်ပြန်

698
Photo- KIC

ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

စစ်အာဏာသိမ်းမှုအဆုံးသတ်၍ စစ်တပ်က နိုင်ငံတော်အာဏာကို လွှဲပြောင်းပေးအပ်ခြင်းအတွက် ဆွေးနွေးခြင်း အပါအဝင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်အကောင်အထည်ဖော်ခြင်းအတွက် လုပ်ငန်း အဆင့်(၆)ဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များက ယနေ့ ပူးတွဲထုတ်ပြန်သည်။

စစ်ကောင်စီကို ပူးပေါင်းတော်လှန်နေကြသော NUG အပါအဝင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူနှင့် ချင်းအမျိုးသားတပ်ဦး(CNF)တို့က အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ဘုံသဘောထားရပ်တည်ချက်များကို ပူးတွဲထုတ်ပြန်ရာတွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။

ပထမအဆင့်အနေဖြင့် စစ်ကောင်စီကို နိုင်ငံရေး၊ စစ်ရေးအရ ဖိအားပေးခြင်းလုပ်ဆောင်ပြီးနောက် စစ်တပ်က ၎င်းတို့၏နိုင်ငံရေးဦးတည်ချက်များကို လက်ခံလျှင် အေးချမ်းတည်ငြိမ်စွာ အာဏာပြန်လည်လွှဲအပ်ခြင်းအတွက် ဆွေးနွေးမည်ဖြစ်ပြီး အသွင်ကူးပြောင်းရေးကာလ-NUG နှင့် ပြည်နယ်အစိုးရများဖွဲ့စည်း၍ ပြည်ထောင်စု ပြန်လည်တည်ဆောက်ရေး လုပ်ဆောင်မည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

လက်ရှိနိုင်ငံရေးအခင်းအကျင်းအရ ပထမအဆင့်ဖြစ်သော တော်လှန်ရေးကာလတွင် ရှိနေသည်ဟု ယူဆ ရနိုင်သော်လည်း အာဏာသိမ်းယူထားသည့် သုံးနှစ်တာကာလလုံး စစ်ကောင်စီကို ဖိအားပေးရာ၌ ဆုတ်ယုတ်မှု မရှိသလို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၏ တစ်နှစ်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရာတွင်လည်း ရာခိုင်နှုန်း ၈၀ ခန့်ပြီးမြောက်သည့် အနေအထားဖြစ်သည်ဟု ထုတ်ပြန်ချက်ပါ ပြောခွင့်ရ NUG ၏ စီမံဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်က ယခုလိုပြောသည်။

၎င်းက “သုံးနှစ်တာကာလလုံး စစ်တပ်ကိုဖိအားပေးတဲ့နေရာမှာ ပိုပြီးတော့ ပန်းတိုင်နဲ့နီးလာတာကိုတွေ့ရပါတယ်။ ကျနော်တို့ ၂၀၂၃ ခုနှစ်မှာရေးဆွဲဆောင်ရွက်ခဲ့တဲ့ One Year Plan ဟာ တော်လှန်ရေးရည်မှန်းချက်ကို ဖြည့်ဆည်းခဲ့ပြီး အဲဒီကနေ သင်ခန်းစာယူစရာရှိတာယူပြီးတော့ ဒီ ၂၀၂၄ ခုနှစ်မှာ အပြီးသတ်လုပ်ဆောင်နိုင်ဖို့ အားခဲ၊ စိတ်ပိုင်းဖြတ်ထားပါတယ်။ ရန်သူက နိုင်ငံရေးရည်မှန်းချက်ကို လက်ခံနိုင်တဲ့အထိ ၂၀၂၄ ခုနှစ် ထဲမှာ ပိုပြီးဆောင်ရွက်သွားမယ်။ ကျနော်တို့လိုချင်တဲ့ရလဒ် ရလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။” ဟု ဦးတင်ထွန်းနိုင်က ပြောသည်။

မြန်မာ့နိုင်ငံရေးတွင် စစ်တပ်ပါဝင်နေခြင်းကို အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်များအား အရပ်သား အစိုးရအောက်တွင် ထားရှိရန် ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရန်နှင့် ပဋိပက္ခကာလအတွင်း မတရားကျူး လွန်ခံရသူများအတွက် တရားမျှတမှုရရှိရန် အစရှိသော အချက်(၆)ချက်ဖြင့် ချမှတ်ထားသော ပူးတွဲအဖွဲ့ များ၏နိုင်ငံရေးဦးတည်ချက်အား KNU, KNPP နှင့် CNF တို့ကလည်း သဘောတူညီမှုရှိသလို ဦးတည်ချက် ပြည့်မီရေး စိတ်ပိုင်းဖြတ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း NUG ဝန်ကြီးက ဆိုသည်။

အသွင်ကူးပြောင်းရေးကာလ ပြည်နယ်အစိုးရဖွဲ့စည်းပြီးစီးခြင်း လုပ်ငန်းအဆင့်ပြီးနောက် သက်ဆိုင်သူများ ပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများဖြင့် ပြည်ထောင်စုအသစ်ဖော်ဆောင်ရေးကို ဆွေးနွေးချမှတ်သွားမည်ဖြစ်သလို ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲပြဌာန်း၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်သွားမည်ဟူ၍လည်း ထိုထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

NUG သည် နိုင်ငံရေး၊ သံတမန်ရေးအရ စစ်ကောင်စီကိုဖိအားပေးခြင်းအပြင် လက်အောက်ခံ ပြည်သူ့ ကာကွယ်ရေးတပ်များ၏ အင်အားဖြင့် စစ်ရေးအရှိန်မြှင့်တင်လာသလို KNPP ကလည်း ၎င်းတို့၏ ကရင်နီတပ်မတော်(KA)၊ မဟာမိတ်တပ်များနှင့် ပူးပေါင်း၍ စစ်ကောင်စီကိုတိုက်ခိုက်ရာတွင် ၁၁,၁၁ စစ်ဆင်ရေးဖြင့် စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲလာနိုင်ခြင်းဖြစ်သည်။

ထို့အတူ စစ်ကောင်စီနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်- NCA လက်မှတ်ထိုးထားသော KNU နှင့် CNF တို့ကလည်း အာဏာသိမ်းမှုနောက်ပိုင်းကတည်းက နိုင်ငံရေး ဆွေးနွေးပွဲများတွင် မပါဝင်တော့ဘဲ အခြားသော မဟာမိတ်အဖွဲ့များဖြင့် အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိသည်။