Home သတင်း KNU တပ်မဟာ(၃)နယ်မြေအတွင်း စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေကြောင်း ကေအဲန်ယူ အတည်ပြု

KNU တပ်မဟာ(၃)နယ်မြေအတွင်း စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေကြောင်း ကေအဲန်ယူ အတည်ပြု

710
Photo: CJ

ဒီဇင်ဘာလ ၃ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေး ပင်ခရိုင်၊ မုန်းမြို့နယ်ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၅၉၉ နှင့် မြို့မရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့်ပူးပေါင်းတပ်များ ယမန်နေ့ ဒီဇင်ဘာလ(၂)ရက်နေ့ မှ စတင်တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုဘက်က အတည်ပြုပြောဆိုသည်။

လက်ရှိအချိန်တွင် အဆိုပါစခန်းနှစ်ခုအား တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းရှိမရှိ ညောင်လေးပင်ခရိုင်ဘက်မှ သတင်းမရရှိသေးသော်လည်း တိုက်ခိုက်ခဲ့ခြင်းမှာ အမှန်ဖြစ်သည်ဟု ကေအဲန်ယူပြောခွင့်ရ ပဒိုစောကလယ်စေးက ကေအိုင်စီသို့ ယခုလိုပြောသည်။

“အတည်တောင်မပြုရသေးဘူး ဟိုဘက်ကတက်သွားတာပဲရှိတယ် ။တက်သိမ်းတာတော့သေချာတယ်။ ရမရဆိုတာနဲ့ ဘယ်လိုပုံစံနဲ့ရသလဲဆိုတာ ကျနော်တို့ဘက်ကကိုသတင်းမရောက်သေးတော့ သေချာမသိဘူး။ ပြောမလာသေးဘူး၊ တိုက်ပွဲမပြတ်သေးဘူးနဲ့တူတယ် များသေအားဖြင့်က တိုက်ပွဲပြီးမှ သတင်းပို့တာများတယ်” ဟု ပဒိုစောကလယ်စေးက ဆိုသည်။

ယမန်နေ့ညပိုင်းမှစ၍ စခန်းသိမ်းတိုက်ပွဲများပြင်းထန်ခဲ့ခြင်းဖြစ်ရာ KNLA ပူးပေါင်းတပ်ဘက်က ခမရ-၅၉၉ တပ်အား သိမ်းပိုက်ရရှိခဲ့ပြီး မြို့မရဲစခန်းကိုမူ သိမ်းပိုက်နိုင်ခြင်းရှိမရှိ မကြားသိရသေးကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ဒေသခံတစ်ဦးက “မနေ့ည(၁၂)နာရီလောက်ကတည်းက တိုက်ပွဲဖြစ်နေတဲ့ အသံတွေကြားရတာ တစ်ညလုံးပဲ၊ မုန်းဒေသဘက်က အသိတစ်ယောက်ပြောလာတာက တပ်ရင်းကိုတော့ ရပြီပြောတယ် ရဲစခန်းတော့မသိသေးဘူး။ တစ်ညလုံး တစ်ဒိန်းဒိန်းနဲ့ချနေတာ၊ လေယာဥ်တွေလည်းသွားတယ်။ ဗုံးကြဲချတဲ့အသံတွေလည်းကြားရတယ်” ဟု ယနေ့တွင် ကေအိုင်စီသို့ ပြောသည်။

စစ်တပ်စခန်းနှစ်ခုစလုံးအား KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရှိရ သော်လည်း ကေအိုင်စီအနေဖြင့် ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေသည် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှု အများဆုံးခံနေရသော် ဒေသတစ်ခုဖြစ်သလို နိုဝင်ဘာလအတွင်း အရပ်သားနေထိုင်ရာကျေးရွာများတွင် တိုက်ပွဲမဖြစ်ဘဲ လေကြောင်းတိုက်ခိုက်မှုများ စစ်ကောင်စီဘက်က တကျော့ပြန်လုပ်ဆောင်လာနေချိန်တွင် ပူးပေါင်းတပ်များက ယခုလိုစခန်းသိမ်းတိုက်ပွဲများ လုပ်ဆောင်နေခြင်းဖြစ်သည်။

ယခုနှစ်ဇွန်လပိုင်းကလည်း ကျောက်ကြီးမြို့နယ် နတ်သံကွင်းဒေသရှိ စစ်ကောင်စီတပ်စခန်းများအား KNLA ပူးပေါင်းတပ်များက တပြိုင်တည်းတိုက်ခိုက်သိမ်းပိုက်စဥ် နှစ်ဖက်ထိခိုက်သေဆုံးမှုရှိခဲ့သလို စစ်ကောင်စီဘက်မှလက်နက်ခဲယမ်းများအား သိမ်းပိုက်ရရှိခဲ့သေးသည်။