Home သတင်း ကရင်ပြည်နယ်တွင် ဌာနဆိုင်ရာရုံး ၇၁ လုံး ဖျက်ဆီးခံရဟု ပြည်နယ်စစ်ကောင်စီဥက္ကဋ္ဌ စောမြင့်ဦးပြော

ကရင်ပြည်နယ်တွင် ဌာနဆိုင်ရာရုံး ၇၁ လုံး ဖျက်ဆီးခံရဟု ပြည်နယ်စစ်ကောင်စီဥက္ကဋ္ဌ စောမြင့်ဦးပြော

806
Photo: Crd.

နိုဝင်ဘာလ ၈ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်တွင် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့၏ လက်ချက် ကြောင့် ဌာနဆိုင်ရာရုံး (၇၁) လုံးဖျက်ဆီးခံခဲ့ရသည်ဟု ပြည်နယ်ကောင်စီဥက္ကဋ္ဌ စောမြင့်ဦးက ယမန်နေ့ နိုဝင်ဘာလ (၇)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် (၆၈)နှစ်မြောက် ပြည်နယ်နေ့အခမ်းအနားတွင် ပြောကြားခဲ့သည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းယာဉ်အသုံးပြုတိုက်ခိုက်ခြင်း၊ နှင့် မိုင်းဆွဲတိုက်ခိုက်ခြင်းများကြောင့် ဌာနဆိုင်ရာရုံးအများအပြားထိခိုက်ပျက်စီးခဲ့သလို ၎င်းတို့အုပ်ချုပ်ရေး ယန္တရားလည်ပတ်နိုင်ရန်အတွက် အထောက်အကူပြုသည့် နိုင်ငံ့ဝန်ထမ်း ၃၂ ဦးအသက်သေဆုံးရပြီး ၅၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စောမြင့်ဦးက ယမန်နေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။

စောမြင့်ဦးက “ စုစုပေါင်းတန်ဖိုးငွေ ကျပ်သန်းနှစ်ထောင့်ငါးရာသုံးဆယ်ကျော် ဆုံးရှုံးခဲ့ရပါတယ်။ အဆိုပါ ထိခိုက်ပျက်စီးမှုများကိုလည်း နိုင်ငံတော်အစိုးရနှင့် ပြည်နယ်အစိုးရအဖွဲ့မှ အချိန်နှင့်တစ်ပြေးညီ ပြန်လည်ပြုပြင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ထိုကဲ့သို့ အကြေမ်းဖက်သောင်းကျန်းသူများကြောင့် အပြစ်မဲ့ပြည်သူများ နိုင်ငံ့ ဝန်ထမ်းများ၊ သံဃာတော်များအသက်ဆုံးရှုံးခဲ့ရမှုနဲ့ နိုင်ငံတော်ရဲ့ဘဏ္ဍာငွေ ဆုံးရှုံးခဲ့ရမှုအပေါ် မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် များစွာဝမ်းနည်းခဲ့ရပါကြောင်း ပြောကြားလိုတယ်”ဟု ထည့်သွင်းပြောကြားခဲ့သည်။

ထို့ကြောင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအနေဖြင့် ပြီးခဲ့သည့် သင်ခန်းစာများကိုယူ၍ တစ်ဦးနှင့်တစ်ဦး သံသယမထားဘဲ ကရင်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် အစိုးရနှင့်အတူ တွဲလက် ညီညီပူးပေါင်းဆောင်ရွက်ကြရန်ကိုလည်း ပြည်နယ်ကောင်စီဥက္ကဋ္ဌက တိုက်တွန်းခဲ့သည်။

၎င်းအပြင် ၆၈ နှစ်မြောက် ကရင်ပြည်နယ်နေ့အတွက် ပေးပို့သော အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်၏ သဝဏ်လွှာတွင်လည်း လမ်းတံတားများ၊ လျှပ်စစ်တာဝါတိုင်များဌာန ဆိုင်ရာအဆောက် အဦးများ ဖျက်ဆီးတိုက်ခိုက်ခံရမှုကြောင့် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးရမည့်ဘဏ္ဍာငွေများကို ပြန်လည်ထူ ထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးတို့မှာ သုံးစွဲခဲ့ရသည့်အတွက် စီးပွားရေး၊ ဖွံ့ဖြိုးတိုးရေးအတွက် ရသင့် သလောက်မရရှိတော့ကြောင်း ပြောဆိုထားသည်။

Photo: Crd.

ဆက်လက်၍ ပြည်ပများ၏ ဘက်ပေါင်းစုံ ဖိအားပေးအကြပ်ကိုင်မှုကြောင့် ပြည်တွင်းပြည်ပကုန်သွယ်ရေး ထိခိုက် သွားစေကာ နိုင်ငံ့စီးပွားများလည်း တိုးတက်သင့်သလောက်မတိုးတက်သလို ပိတ်ဆို့မှုများကြားမှ နိုင်ငံစီးပွားရေး ရပ်တည်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်းလည်း အာဏာသိမ်းစစ်ခေါင်းဆောင်က ဆိုသည်။

လက်ရှိအချိန်တွင် နိုင်ငံအတွင်း မတည်ငြိမ်မှုများရှိသော်လည်း ၎င်းတို့ စစ်ကောင်စီအနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအောင်မြင်နိုင်ရေးကို အလေးထားဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သဝဏ်လွှာထဲတွင် ဖော်ပြပြောဆိုထားသည်။

စစ်ကောင်စီဌာနဆိုင်ရာ မိသားစုများသာ အများစု တက်ရောက်ပြီး ယမန်နေ့က ဖွင့်ပွဲပြုလုပ်ခဲ့သည့် ၆၈ ကြိမ်မြောက် ပြည်နယ်နေ့အခမ်းအနားတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက် ခံရမှုများ ကြောင့် စစ်ကောင်စီလက်အောက်ခံအဆောက်အဦးထိခိုက်မှုများ၊ ပြည်သူလူထုအချို့ အိုးအိမ်ထိခိုက်မှုများရှိသည်ကိုသာ စစ်ကောင်စီက ချပြပြောဆိုပြီး ၎င်းတို့၏ လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်နယ်တွင်း ဒေသခံလူထု သိန်းနှင့်ချီထွက်ပြေးတိမ်းရှောင်နေရသည့်အခြေအနေကိုမူ ချပြပြောဆိုခြင်းမရှိပေ။

၆၈ နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ ကရင်နယ်ပြည်နယ် စစ်ကောင်စီ အဖွဲ့ဝင်ဖြစ်သူ မန်းငြိမ်းမောင်နှင့် ပြည်နယ်ကောင်စီဥက္ကဋ္ဌ စောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ နယ်ခြားစောင့်တပ်- BGF အထွေ ထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် စောချစ်သူနှင့် ကေအဲန်ယူ ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းတို့ တက်ရောက်ခဲ့ကြသည်ဟု သိရှိရသည်။