စက်တင်ဘာ ၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ဒေသတွင်း ကျန်းမာရေး ပြဿနာများဖြေရှင်းရာတွင် ဝန်ထမ်းများအချင်းချင်းသာမက ဒေသဆိုင်ရာ ခေါင်းဆောင်များ၏ပူးပေါင်းဆောင်ရွက်မှုပါ လိုအပ်ကြောင်း မယ်တော် ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင်က ယနေ့ ထိုင်း-မြန်မာ နယ်စပ် တစ်နေရာတွင် ပြုလုပ်သည့် ကော်သူးလေ Medic Training (ဆေးမှူး သင်တန်း) ဆင်းပွဲအခမ်းအနားတွင် ပြောဆိုလိုက်သည်။
ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန-KDHW နှင့် Hope 4 the world တို့မှ ဦးစီးကျင်း ပသည့် အပတ်စဥ်(၁၀)ကြိမ်မြောက် အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ဒေါက်တာစင်သီယာမောင်က အမှာစကား ပြောကြားရာတွင် ထိုသို့ထည့်သွင်းပြောကြားထားခြင်းဖြစ်သည်။
“သင်တန်းပြီးမြောက်သွားတဲ့သင်တန်းသားတွေက သင်တန်းထဲမှာ ပူးပေါင်း ဆောင်ရွက်တာရှိသလို လုပ်ငန်းခွင်ထဲရောက်ရင်လည်း ဒေသအသီးသီးမှာ ကျန်းမာ ရေးပြဿနာတွေကို ဖြေရှင်းတဲ့အခါ ဒေသခံလူထုတွေ၊ ကျန်းမာရေး အဖွဲ့အစည်း တွေနဲ့ လက်တွေ့ဖြေရှင်းရမှာပါ။ ဒီနေရာမှာ ဝန်ထမ်းအချင်းချင်း ပူးပေါင်း ဆောင် ရွက်မှုနဲ့လုပ်ဆောင်ရာမှာဖြစ်ပြီး ဒေသခေါင်းဆောင်တွေနဲ့ အခြားဒေသ ကခေါင်း ဆောင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကလည်း အရေးကြီးပါတယ်” ဟု ဒေါက်တာစင်သီယာမောင်က ပြောကြားသည်။
ထို့အပြင် ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်က ထိုင်း-မြန်မာနယ်စပ်တွင် ကျင်းပပြုလုပ်သော ကျန်းမာရေးညီလာခံမှသည် စံချိန်စံ ညွှန်းပြည့်မီသော ကျန်းမာရေးဝန်ထမ်းများ မွေးထုတ်ခြင်းနှင့် ဝန်ထမ်းများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်း စေလိုသော ရည်ရွယ်ချက်ဖြင့် ကျန်းမာရေး ဆိုင်ရာစုဖွဲ့မှုများ လုပ်ဆောင်ခဲ့ ကြကြောင်းလည်း ဒေါက်တာစင်သီယာမောင်က ဆက်လက်ပြောဆိုသည်။
အဆိုပါ KDHW ၏ သင်တန်းအား ကရင်ပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက် မှုရရှိရန် အလှမ်းဝေးသည့်ဒေသများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး ဝန် ဆောင်မှု ပေးနိုင်ရန်ရည်ရွယ်၍ ပြီးခဲ့သည့် အောက်တိုဘာလ (၁)ရက်မှစ၍ ၁၀ ကြိမ်မြောက် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒ၊ အနာရောဂါဆိုင်ရာ အစရှိသည့်ဘာသာရပ်များအား စာတွေ့လက်တွေ့ဖြင့် ပို့ချပေးခဲ့ကြောင်း သင်တန်းတာဝန်ရှိသူများ၏ ပြောဆိုမှုအရသိရသည်။

ထို့အပြင် အခမ်းအနားတွင် သင်တန်းတက်ရောက်အောင်မြင်ပြီးသော သင်တန်းသူ သင်တန်းသား ၂၄ ဦးအား သင်တန်းဆင်းလတ်မှတ်ပေးအပ်ခြင်းအပါအဝင် ပထမ အကြိမ်အပတ်စဥ်တက်ရောက်အောင်မြင်ပြီးမှသည် လက်ရှိအချိန်ထိ မိမိတို့ ဒေသ အတွင်း ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိသော လုပ်သက် ၆ နှစ်နှင့်အထက်ရှိ ကျန်းမာရေးဝန်ထမ်းများအားလည်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲကို KDHW မှ သက်ဆိုင်ရာ ဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန် ထမ်းများ၊ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူမှ သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်များနှင့် ပရိတ်သတ် ၄၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
ကေအဲန်ယူ၏ ဌာနဆိုင်ရာ ၁၂ ခုအနက် တစ်ခုဖြစ်သည့် KDHW ကို ကျန်းမာရေး စောင့်ရှောက်မှု မရရှိသည့် ကရင်ပြည်နယ်အတွင်းမှ ကျေးရွာများရှိ ဒေသခံလူ ထုများနှင့် စစ်ဘေးမှ နေရပ်စွန့်ခွာ ထွက်ပြေးလာသူများအတွက် ကျန်းမာရေး နှင့်ကယ်ဆယ်ရေးလုပ်ဆောင်ရန် ရည်ရွယ်၍ (၁၉၅၆) ခုနှစ်တွင် စတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ဆောင်မှုများပိုမိုပေးနိုင်ရန် ၂၀၁၀ ခုနှစ်မှစ၍ ဆေးမှူး သင်တန်းများဖွင့်လှစ်ပေးခဲ့ရာမှ ယခုအပတ်စဥ်အထိ ဆေးမှူး (၄၀၀) ကျော် မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။



















