Home သတင်း ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ခံရသောကြောင့် ဒေသခံများ သွားလာရေးအခက်တွေ့

ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ခံရသောကြောင့် ဒေသခံများ သွားလာရေးအခက်တွေ့

847

ဩဂုတ်လ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ ကျေးရွာတချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားခြင်းကြောင့် သွားလာရေးအခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ထားသည့် ရေဖြူမြို့နယ်ရှိ ကံပေါက်ဒေသနှင့် အနီးရှိကျေးရွာ တချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဇန်နဝါရီလ ၂၅ရက်မှ စတင်ပြီး ယနေ့ချိန်ထိ ရက်ပေါင်း ၂၀၀ ကျော် ကာလအတွင်း ဒေသခံများကို ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားသောကြောင့် အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ဒေသခံများ အနေဖြင့် သွားလာရေး အခက်အခဲမျိုးစုံနှင့်ကြုံတွေ့နေရကြောင်း ရေဖြူမြို့နယ် ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ဆိုင်ကယ် စီးခွင့်စပိတ်တုန်းကတော့ ပြဿနာမရှိပေမဲ့ အချိန်ကြာလာတော့ တနေရာနဲ့တနေရာသွားရ လာရတာ အဆင်မပြေတော့ဘူး။ ဥပမာ မြို့တက်ဆန်အိတ်ဝယ်မယ်ဆိုရင်တောင် အရင်က ဆိုင်ကယ် လေးနဲ့သွားလို့ရတယ်။ စရိတ်ကအဲ့လောက်မကုန်ဘူး။ အခုက ကားနဲ့မှာရတာဆိုတော့ ကုန်ကျ စရိတ် ပိုများ လာတယ်။” ဟု ၎င်းဒေသခံက ကေအိုင်စီ သို့ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဆိုင်ကယ်စီးခွင့်ကို ပိတ်ထားသောကြောင့် ဒေသခံများအနေဖြင့် ဆိုင်ကယ် အစားဘေးတွဲဆိုင်ကယ်ကို ပိုမိုအသုံးပြုလာကြပြီး ဘေးတွဲဆိုင်ကယ် ပြုလုပ်သည့် ဈေးနှုန်းမှာ တစ်စီးလျှင် ကျပ်ငါးသိန်းဝန်းကျင်ထိပေါက်ဈေးရှိနေပြီး သာမန်ဆိုင်ကယ်ထက် ကုန်ကျစရိတ်ပိုမိုများပြားနေသောကြောင့် ဒေသခံများအနေဖြင့် ငွေကြေးအခက်အခဲများလည်းရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “ဆိုင်ကယ်စီးရင် ဖမ်းတယ်။ သူတို့မိရင်လည်းရိုက်ခံထိတယ်။ ဘယ်သူမှဆိုင်ကယ် မစီးတော့ဘူး။ ဆိုင် ကယ်ကို ဘေးတွဲတပ်ပြီးတော့ပဲ စီးကြတော့တယ်။ သုံးဘီး တစ်စီးကလည်း ဆိုင်ကယ်ထက်တောင် ဈေးပို များနေတယ်။ ပိုက်ဆံမရှိတဲ့ သူတွေကတော့ စက်ဘီးကို ပိုစီးလာကြတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၅ရက်နေ့ကလည်း တနင်္သာရီမြို့ပေါ်ရှိရပ်ကွက်အတွင်းသို့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့ ဝင်များမှ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ရေဖြူရွာရှိ ဘုန်းကြီး ကျောင်းတစ်ကျောင်း၏ မုခ်ဦးထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းမီဒီယာများ၏ ရေးသားဖော်ပြ ချက်များအရ သိရသည်။