Home သတင်း KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းတို့အား ငြိမ်းချမ်းရေးစွမ်းဆောင်ရည်ဆု ဂုဏ်ပြုချီးမြှင့်

KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းတို့အား ငြိမ်းချမ်းရေးစွမ်းဆောင်ရည်ဆု ဂုဏ်ပြုချီးမြှင့်

1008

ဩဂုတ် ၃ဝ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် ဒူးပလာယာ ခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းတို့အား ဝင်းရော်ဒေသခံတို့က ငြိမ်းချမ်းရေးစွမ်းဆောင်ရည်ဆု ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ယမန်နေ့ ဩဂုတ် ၂၉ ရက်နေ့တွင် ဖားပြကျေးရွာ မင်္ဂလာသိပ္ပံဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။

ရိုးသားခြင်း၊ မိမိကိုယ်ကိုနှိမ့်ချပြောဆိုခြင်း၊ ဖြစ်ပြီးခဲ့သည့်ကိစ္စအား ပြန်လည်အစမဖော်ခြင်း၊ ကြင်နာ တတ်သည့် စိတ်ထားရှိခြင်းစသည့်အချက်များအပါအဝင် ၁၁ ချက်အပြင် အမျိုးသားတော်လှန်ရေး တစ် လျှောက်တွင် ၎င်းတို့ပေးဆပ်ခဲ့မှုနှင့် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ခဲ့မှုအပေါ် ဂုဏ်ပြု ဆုပေးအပ် ခြင်းဖြစ်သည်ဟု ဆုချီးမြှင့်ရေးတာဝန်ရှိသူထံမှ သိရသည်။

ဖားပြရွာ မင်္ဂလာသိပ္ပံကျောင်းဆရာတော် ဦးပညာစာရက “ကျေးဇူးတရားကို ပြန်လည်သိတတ်ခြင်း၊ ပတ်ဝန်းကျင်ကို အပြုံးလေးဖြင့်ဆက်ဆံခြင်း၊ ကြင်နာတတ်သည့် စိတ်ထားရှိခြင်း၊ သူတစ်ပါး နောက် ကွယ်တွင် ကောင်းသတင်းပြောခြင်း၊ စကားပြောဆိုရာတွင် မိမိကိုယ်ကိုယ် နှိမ့်ချပြောဆိုခြင်း၊ အောင်မြင် လာသည့်အခါတွင် ဘဝကိုမမေ့ခြင်း၊ နာခံတတ်သည့် အလေ့အကျင့်ရှိခြင်းစတဲ့အရာတွေဟာ အထက်တန်းတို့၏ စိတ်ဓာတ်ဖြစ်တယ် ” ဟု အခမ်းအနားတွင် ဂုဏ်ပြုခံရသူအား ချီးမွမ်းမိန့် ကြားသွားသည်။

ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးအား ဂုဏ်ပြုဆုချီးမြှင့်နိုင်ရန် ဖားပြကျေးရွာဒေသခံတို့မှ ဆန္ဒသဘောထား ရယူပြီး ကော်မတီတစ်ရပ်အနေဖြင့် ဖွဲ့စည်းကာ ငြိမ်းချမ်းရေးစွမ်းဆောင်ရည်ဆုအား ချီးမြှင့်ခြင်း ဖြစ်သည်ဟု သိရသည်။

ထို့အပြင် ဖားပြကျေးရွာ မွေးရပ်ဇာတိဖြစ်သူ ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းကိုလည်း ဝင်းရော်ဒေသ ကျေးရွာတာ ဝန်ရှိသူများနှင့် ဒေသခံတို့က ဂုဏ်ပြုဆုချီးမြှင့်သင့်သည်ဟု ဆန္ဒသ ဘောထားရှိကြ၍ ချီးမြှင့်ဂုဏ်ပြုပေးခြင်းဖြစ်သည်ဟု ဆုပေးအပ်ပွဲတွင် ပါဝင်သူတစ်ဦးက ဩဂုတ် ၂၉ ရက်နေ့ ကေအိုင်စီသို့ ပြောသည်။

“ ဒီပွဲက အဓိက အဖိုးမူတူးစေးဖိုးကို ဂုဏ်ပြုကြတာပါ။ ပထမကခရိုင်ဥက္ကဋ္ဌကို ဂုဏ်ပြုတဲ့ အစီအစဉ် ထဲမှာ မပါဘူးပေါ့နော်။ သူတို့တွေ တော်လှန်ရေးဖြတ်သန်းမှုပေးဆပ်မှုတူတူလောက်မှာရှိတယ်ဆိုပြီး ဆန္ဒသဘောထားရှိလာကြတော့ ဂုဏ်ပြုသင့်တယ်ဆိုပြီး ဆုံးဖြတ်ဖြစ်သွားတယ်။ ဆုမပေးခင်အထိ သူကိုယ်တိုင်က မသိထားဘူး။ ငြိမ်းချမ်းရေး ကြိုးပမ်းလုပ်ဆောင်တဲ့အပေါ်မှာ ဂုဏ်ပြုကြတာပါ။ ငြိမ်းချမ်းရေးရသွားတယ်မရဘူးဆိုပြီး ဂုဏ်ပြုတာ မဟုတ်ဘူးပေါ့လေနော်” ဟု ဝင်းရော်ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ဂုဏ်ပြုပွဲအခမ်းအနားတွင် KNU ဝင်းရေးမြို့နယ် ဌာနဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ကရင်အ မျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၁၆ မှ အရာရှိများ၊ ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော်(DKBA) တာဝန်ရှိသူတို့အပါအဝင် ဝင်းရော်ဒေသမှ ဒေသခံလူထု ၃ဝဝ ကျော် တက် ရောက်ခဲ့ပြီး ဂုဏ်ပြုခံရသူတို့၏ တော်လှန်ရေးသမိုင်းဖြတ်သန်းမှုနှင့် ငြိမ်းချမ်းရေးကြိုး ပမ်းဆောင် ရွက်ခဲ့မှုများအား အခမ်းအနားတွင် ရှင်းလင်းပြောကြားသွားကြောင်း သိရသည်။

မိမိတို့တွင် ချစ်သူနှင့် မုန်းသူများကြားရှိနေသည့်အပေါ်တွင် ဒေသခံများက လက်ခံဂုဏ်ပြု ပေးကြ သည့် အတွက် ကျေးဇူတင်လျက်ရှိပြီး မိမိတို့တစ်မျိုးသားလုံးဒုက္ခအခက်အခဲများအား တွေ့ကြုံ ခံစားရမှု မရှိလေအောင်၊ ငြိမ်းငြိမ်းချမ်းချမ်းဖြင့် နေထိုင်နိုင်အောင် ငြိမ်းချမ်းရေးအတွက် နည်းလမ်းရှိလျှင်ရှိသလို ပြည်သူများနှင့်အတူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂုဏ်ပြုခံရသူတို့က အခမ်အနားတွင် ပြောဆိုသွားခဲ့သည်။