ဩဂုတ်လ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်၊ ပျဥ်ရေကြီးကျေးရွာအတွင်းသို့ ယမန်နေ့ ဩဂုတ်လ (၂၉)ရက်နေ့တွင် စစ်ကောင် စီတပ် လက်နက်ကြီးများပစ်မှုကြောင့် နေအိမ်တစ်အိမ်ပေါ်ကျရောက်ပေါက်ကွဲခဲ့ရာသားအမိ ၂ ဦး သေဆုံးပြီး မိသားစုဝင် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။
ပိန်းဇလုပ်အခြေစိုက်စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ-၂၆၄) မှ (၁၂၀ မမ) အမျိုးအစား လက်နက်ကြီးများဖြင့် ၃ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အသက် (၇) နှစ်အရွယ် မိန်းက လေးငယ်တစ်ဦးနှင့် မိခင်ဖြစ်သူအမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စထိမှန်သေဆုံးပြီး ကျန်မိ သားစုဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း ကေအဲန်ယူ-ဗဟိုကလည်း ယနေ့ သတင်း ထုတ်ပြန်ထားသည်။
“မိသားစုငါးယောက်နေတဲ့အိမ်တစ်အိမ်ပေါ်ကို ကျတာ။ ကလေးမလေးက ခေါင်းထိပြီး ပွဲချင်း ပြီးဆုံးတယ်။ သူ့အမေကတော့ ခါးကိုထိတာ ဆေးရုံရောက်မှဆုံးတယ်။ စစ်တပ် က နေ့တိုင်း လက်နက်ကြီးနဲ့ စိတ်မထင်ရင် မထင်သလို လှမ်းလှမ်းထုတယ်။ နှစ်ဖက်စလုံး တိုက်ပွဲကလည်း ဖြစ်နေတာပဲ လက်ရှိကတော့ အဲဒီပျဥ်ရေကြီးရွာက ဒေသခံတွေကတော့ ရွာမှာမနေတော့ဘူး ပြေးကုန်ပြီ” ဟု ရွှေကျင်မြို့ခံအမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ယနေ့ ပြောသည်။
ထို့အပြင် အဆိုပါ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျဥ်ရေကြီးကျေးရွာအတွင်း ရှိ ဒေသခံ နေအိမ်(၅) လုံးလည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ သိရသည်။
ရွှေကျင်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များသည် မြို့အထွက်တွင် နေရာယူ၍ အနီးရှိ ညောင်လေးပင် မြို့နယ်ဘက်သို့လည်းကောင်း၊ ညောင်လေးပင်၊ ပုဇွန်မြောင်း တွင် ခြေကုပ် ယူထားသော စစ်ကောင်စီတပ်များက ရွှေကျင်မြို့နယ်ဘက်သို့လည်းကောင်း မကြာခဏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်သောကြောင့် အချို့ကျေးရွာမှ ဒေသခံများ လက်ရှိအချိန်ထိ နေရပ်စွန့်ခွာတိမ်းရှောင်နေရခြင်းရှိနေသည်ဟု ဒေသခံများက ပြောဆိုသည်။

ထို့အတူ ပြီးခဲ့သည့် ဩဂုတ်လ(၂၈)ရက်နေ့ နံနက်ပိုင်းကလည်း ခလရ-၂၆၄ မှ ရွှေကျင်မြို့နယ်၊ ချုံအင်းကျေးရွာ၊ ဝက်ချဲကျေးရွာ၊ ရေတွင်းကုန်းကျေးရွာ၊ ကျောင်းကုန်းကျေးရွာများသို့ လက်နက် ကြီးဖြင့် (၁၀)ကြိမ် တိုင်တိုင်ပစ်ခတ်သဖြင့် ရေတွင်းကုန်းကျေးရွာရှိ နေအိမ်(၁)လုံး ထိခိုက် ပျက်စီးခဲ့သေးသည်ဟု ကေအဲန်ယူ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
အလားတူ ကေအဲန်ယူအုပ်ချုပ်နယ်မြေ၊ မုန်းမြို့နယ်တွင်လည်း ယမန်နေ့ညပိုင်းက လက်တပ်ကြီး ကျေးရွာသို့ စစ်ကောင်စီပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်စထိမှန်မှုကြောင့် အသက် (၂၇)နှစ် အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်ဟု ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
ကေအဲန်ယူ အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်(၃)ခုလုံးတွင် စစ်ကောင်စီတပ်များ၏ မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခြင်း၊ လေကြောင်းနှင့် လက် နက်ကြီး ပစ်ခတ်ခံရခြင်းအပါအဝင် စစ်ကောင်စီ၏အရပ်သားများအပေါ်အကြမ်းဖက် ဖမ်းဆီး သတ်ဖြတ်မှုများကြောင့် ဒေသခံသိန်းနှင့်ချီ၍ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း စစ်ရှောင် ကူညီရေးလုပ် ဆောင်နေသည့် ကရင်လူမှုအဖွဲ့အစည်းများက ပြောဆိုသည်။



















