ဇွန်လ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ် မြို့မြောက်ပိုင်း နောင်ကိုင်းကျေးရွာအုပ်စု သဝေါသောကျေးရွာ KNU -ကရင်အမျိုးသားအစည်းအရုံးခန့် ကျေးရွာလုံခြုံရေးခေါင်းဆောင်တစ်ဦး ဖြစ်သူ စောဖားပယော်ကို ယမန်နေ့ ဇွန်လ ၂၂ ရက်ညတွင် အမည်မသိ လက်နက် ကိုင် တစ်စုက နေအိမ်၌ လာရောက်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ ည ၈နာရီ အချိန်တွင် သဝေါသောကျေးရွာ KNU တပ်မဟာ ၇ လက်အောက်ခံ ၁၀၁ တပ်ရင်းက ခန့်အပ်ထားသည့် ကျေးရွာအခြေပြုလုံခြုံရေး ခေါင်းဆောင် စောဖားပယော်ကို ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဥ်အား ကရင်အမျိုးသားရဲတပ်ဖွဲ့-KNPF တာဝန်ရှိသူများ လာရောက်စစ်ဆေးနေကြောင်း ကျေးရွာသား သတင်းအရင်းအမြစ်က ပြောသည်။
၎င်းက “ညက ၈ နာရီမှာ လူ ၄ ယောက် သေနတ် ၄ ချက်ပစ်ပြီး သူ့အိမ်လာတက် သတ်သွားတယ်။ သူက သဝေါသောရွာ လုံခြုံရေးမှူးစောဖားပယော် ဖြစ်တယ်၊ အခုတော့ KNPF ကရင်ရဲတပ်ဖွဲ့က လာပြီး စစ်ဆေးနေတယ် ။ ရွာဘက်တွေမှာက BGF ရော၊ PDF ရော DKBA ရော၊ KNUရော အဖွဲ့ စုံသွားလာ နေကြတာဆိုတော့ ဘယ်သူတွေဆိုတာတော့ ပြောမတတ်သေးဘူး၊ စစ်မေး နေတုန်းပဲ ”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ကျေးရွာများဘက်တွင် KNU တပ်မဟာ ၇၊ ၁၀၁ တပ်ရင်းထိန်းချုပ် နယ်မြေ ဖြစ်သော်လည်း ဒေသတွင်းလက်နက်ကိုင်အဖွဲ့ ပေါင်းစုံ သွားလာဝင်ထွက် ဖြတ် သန်းလှုပ်ရှား ကြသည့်နေရာ ဖြစ်သည့်အပြင် အခြားကျေးရွာများ ဘက်မှ စစ်ဘေး ရှောင် တိမ်းလာကြသည့် အခြားကျေးရွာများမှ ဒေသခံများလည်း ခိုလှုံ နေထိုင် နေကြသည့် နေရာဖြစ်ကြောင်း သိရသည်။
လတ်တလော သဝေါသောကျေးရွာ လုံခြုံရေးခေါင်းဆောင် သတ်ဖြတ်ခံ ရပြီး နောက်သူကိုင်ဆောင်သည့် AK ၄၇ သေနတ်နှင့် လက်ပစ်ဗုံး ၂ လုံး၊ ဆိုင်ကယ် ၂စီး အား ပစ်ခတ်သတ်ဖြတ်သူများက ယူဆောင်သွားကြောင်း သိရှိရသည်။
အဆိုပါ နောင်ကိုင်း၊ ထီဖိုးစံ၊ ရန်ကုတ် ကျေးရွာဒေသများ ဘက်ရှိ ထီးဖိုးစံ ၊ နောင်ကိုင်းလမ်းခွဲ လမ်းဆုံနေရာတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ရက်နေ့တွင်လည်း KNU/KNLA -PC ငြိမ်းချမ်းရေးကောင်စီ အမှတ်(၇၇၇) တပ်ရင်းမှူး စောဝင်းကျော်၏ နေအိမ်နှင့် စစ်ဆေးရေး ဂိတ်အား ပစ်ခတ်မီးရှို့ ခံရသည့် ဖြစ်စဥ်ဖြစ်ပွားခဲ့သေးသည်။



















